ပုံစာ – အပြန်အလှန်ပစ်ခတ်ခဲ့သည့် တိုက်တစ်တိုက်ဝန်းကျင် စစ်အုပ်စုလက်အောက်ခံတပ်များ စောင့်ဆိုင်းနေစဥ်။
မန္တလေး – ၂၀၂၁ ဇွန် ၂၂ (မော်ကွန်း)
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၄လမ်းနဲ့ ၁၁၁F လမ်းအနီးမှာ ဒီကနေ့ ဇွန်လ ၂၂ရက် မနက် ၇ နာရီဝန်းကျင်ကနေစပြီး နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့နေရာကို Mdy PDF အဖွဲ့ ရောက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲစတင်မယ်လို့ MDY PDF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မန္တလေးမြို့သစ်၊ မနော်ဟရီလမ်းတောင်ဘက်၊ ၅၄လမ်း ၁၁၁F လမ်းအနီးက တိုက်တစ်တိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားသုံးပြီး လာရောက်ပိတ်ဆို့ခဲ့ရာမှာ တိုက်ထဲကနေ ပြန်ပစ်ခဲ့တာလို့ အခင်းဖြစ်ပွားရာ ရောက်ရှိနေသူတွေက ပြောပါတယ်။
“အထဲက ဘယ်နှစ်ယောက်မှန်းတော့မသိဘူး။ ပြန်ပစ်တယ်။ စစ်တပ်ကောရဲကော အဲဒီတိုက်ပတ်ပတ်လည် ပိတ်ဆို့ထားတယ်။ အနီးကတိုက်တွေပေါ်မှာလည်း သေနတ်သမားတွေ ရှိနေတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကားအကြီးအသေး ဆယ်စီးထက်မနည်းလာရောက်ခဲ့ပြီး အင်အားငါးဆယ်ထက်မနည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နံနက် ၉ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီဘက်မှာ ကျည်ထိမှန်သူတွေရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
#Dailynews

