ရန်ကုန် – ၂၀၂၅ ဧပြီ ၂၅ (မော်ကွန်း)
ပဲခူးတိုင်း၊ ပြည်ခရိုင် ပေါင်းတလည်-ပေါက်ခေါင်း ကားလမ်းပိုင်းမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်ကစပြီး စစ်ကောင်စီစစ်ကြောင်းဟာ ပေါင်းတလည်-ပေါက်ခေါင်း ကားလမ်းပိုင်းက ထိန်တော၊ ဒွ၊ သပြေတောင်နဲ့ ကုန်းတန်းကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာပါ။
ပဲခူးတိုင်းအနောက်ခြမ်းမှာရှိတဲ့ ၎င်းဒေသတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ခရိုင်၊ သာယာဝတီခရိုင် တပ်ရင်းတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေလှုပ်ရှားနေတာပါ။
စစ်ကောင်စီစစ်ကြောင်းဟာ ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေထဲဝင်ရောက်ပြီး ဒေသခံတွေကို စစ်ဆေးတာတွေကို ဒီနှစ်ရက်အတွင်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ပေါက်ခေါင်းမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီလမ်းတစ်လျှောက်ရွာတွေကို ဖောကားနှစ်စီးသုံးစီးနဲ့ အင်အားများတယ် ဝင်မွှေနေတာ။ လူငယ်တွေနဲ့ ဒေသခံတွေလည်း ကြောက်လန့်ပြီး အရေးပေါ် စစ်ဘေးရှောင်နေတဲ့ရွာတွေရှိတယ်။ အခု အဲဒီလမ်းမှာ ဘယ်သူမှမသွားရဲတော့ဘူး” လို့ ၎င်းဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်က ပေါင်းတလည်-ပေါက်ခေါင်းလမ်းပိုင်းမှာ ထိန်တော၊ ဒွနဲ့ သပြေတောင်ရွာတွေအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ရှိခဲ့တာပါ။
ဒီနေ့မနက်ပိုင်းမှာလည်း ၎င်းကျေးရွာတွေအနီးတစ်ဝိုက်မှာ လက်နက်ကြီးပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ရွာထဲက အကုန်ကြောက်လန့်ပြီး အထုပ်ပြင်ထားရတယ်။ လက်နက်ကြီးဆင့်ထုသံ လေးငါးလုံးဆက်တိုက်ကြားရတယ်။ ကိုယ့်ရွာတော့ မရောက်သေးပေမယ့် ပြေးသင့်ရင်ပြေးရအောင် ကြိုပြင်ထားတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက် ညနေပိုင်းမှာ ပေါင်းတလည်မြို့နယ် သပြေတောင်ကုန်းတန်းဘက်ကို နယ်မြေရှင်းလင်းဖို့လာတဲ့ အင်အား ၅၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင် ၃၆၀၁ တပ်ရင်း ၊ တပ်ခွဲ ၅ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ ၎င်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်ခေါင်းမြို့နယ်၊ နတ္တလင်းစုရွာက ဒေသခံတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းတချို့မှာလည်းဖော်ပြပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း ပြည်-ရန်ကုန် ကားလမ်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာနေပြီး ပြီးခဲ့တဲ့နှစ်ရက်ကလည်း ပြည်-ရန်ကုန် လမ်းပေါ်က မင်းလှမြို့နယ်က ထမင်းဆိုင်တစ်ခုမှာ ထမင်းစားနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသတွင်း သာယာဝတီခရိုင် PDF တပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါသေးတယ်။
ပုံစာ – ပဲခူးတိုင်းအနောက်ခြမ်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – ပြည်ခရိုင် PDF တပ်ရင်း

