ပေါက် – ၂၀၂၂ ဒီဇင်ဘာ ၁၂ (မော်ကွန်း)
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ ကူးကားရွာကိုအာဏာသိမ်းစစ်တပ်က မနေ့ညနေပိုင်းမှာ ပျူစောထီးတွေနဲ့အတူ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် အလုံး ၉၀ ဝန်းကျင်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရွာတန်းရှည်ရွာကို မီးရှို့လာတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ ကူးကားရွာကို စစ်ကြောင်းထိုးလာပြီးနောက် နေအိမ် ၉၀ ဝန်းကျင်ကိုမီးရှို့ခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောပါတယ်။
“သူတို့စစ်ကြောင်းလာပြီဆိုတာနဲ့ သေနတ်ပစ်ဖောက်ဝင်တယ်၊ ပြည်သူတွေပြေးကြပြီဆိုရင်ရွာထဲဝင်ပြီး ပစ္စည်းတွေယူတယ်၊ ကြက်သွန်၊ ဆန်စပါး၊ ဘာပစ္စည်းမှကိုမကျန်ဘူးအကုန်ယူတယ်၊ နွားကိုတောင်သေနတ်နဲ့ပစ်သတ်သွားတယ်၊ စားလည်းမစားဘူး”လို့ အဆိုပါကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီးတွေဟာ သူတို့ရိက္ခာပြတ်လပ်ချိန်မှာအနီးနားရွာတွေကို စစ်ကြောင်းထိုးပြီး ပစ္စည်းတွေခိုးယူတဲ့အပြင် လူနေအိိမ်တွေကိုပါမီးရှို့ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
ပေါက်မြို့နယ်ထဲကို အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာလအတွင်းမှာ စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ကျေးရွာ ၂၀ ဝန်းကျင်မီးရှို့ခံထားရပြီး ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပုံစာ – မီးရှို့ခံနေရတဲ့ ကူးကားရွာ
ဓာတ်ပုံ – Supplied
#Dailynews

