ပုသိမ် – ၂၀၂၂ ဖေဖော်ဝါရီလ ၁၂ (မော်ကွန်း)
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာ ဒီကနေ့ နေ့လယ်က ဆိုင်ကယ်မောင်းလာသူ နှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီရဲက သေနတ်နဲ့ပစ်ဖမ်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောရကျောင်းလမ်းမှာ စစ်ဆေးရေးလုပ်နေတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတွေကို ဆိုင်ကယ်ရပ်မပေးမိတာကြောင့် နောက်ကနေ သေနတ်နဲ့လိုက်ပစ်ပြီး ဖမ်းဆီးခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
“ ဆိုင်ကယ်နဲ့လာတာ မူးလည် မူးနေတယ်၊ တားတာကိုမကြားတာနေမယ် ဆက်မောင်းတော့ နောက်က ရဲက သေနတ်နဲ့ လိုက်ပစ်တာ၊ ပေါင်ကို ထိသွားတယ်၊ ဆေးရုံကလည်း လက်မခံဘူးကြားတယ်”လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်နောက်က ထိုင်လာသူ ပေါင်ထိမှန်ပြီး ပုသိမ်ဆေးရုံကြီးပို့ဆောင် ခဲ့ပေမယ့် လက်မခံတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ရဲကသေနတ်နဲ့ပစ်ဖမ်းစဉ် လွတ်မြောက်ခဲ့တဲ့ ဆိုင်ကယ်မောင်းနှင်သူကို အိမ်လာရှာတာမတွေ့လို အဖေဖြစ်သူ ကိုဖမ်းဆီးသွားပြီး နာရီဝက်လောက်အကြာမှာ သားဖြစ်သူပြန်လာလို့ သားဖြစ်သူကိုပါ ထပ်ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews