ပုသိမ် – ၂၀၂၁ အောက်တိုဘာလ ၂၈ (မော်ကွန်း)
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ ဒီကနေ့ မနက်ပိုင်း တိုင်းရဲတပ်ဖွဲ့မှူး နေအိမ်ရှိတဲ့ လမ်းထိပ်က ယာဉ်ထိန်းရုံးကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယာဉ်ထိန်း နှစ်ဦးရှိနေတဲ့ အချိန်မှာ နေ့လည် ၁၁ ကျော်လောက်က သေနတ်နဲ့ ခုနှစ်ချက် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံကပြောပါတယ်။
“ သူတို့ရှိနေတဲ့အချိန် အလစ်ဝင်ပစ်သွားတာ အဲ့နေရာမှာပဲ သေသွားတယ်” လို့ ဒေသခံက ပြောပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက်ပိုင်း ပုသိမ်မြို့ မဟာဗန္ဓုလလမ်းမကြီးတလျှောက် ပိတ်ဆို့စစ်ဆေးတာတွေကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေ အင်အားအပြည့်နဲ့ ပြုလုပ်ခဲ့ကြပြီး သေဆုံးခဲ့တဲ့ ယာဉ်ထိန်း နှစ်ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ နေရာတွေကို ဗုံးခွဲမှုတွေရှိပေမယ့် ယာဉ်ထိန်းရုံးဝင်ရောက်ပစ်ခတ်တာမျိုးကတော့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဒေသခံကဆိုပါတယ်။
#Dailynews

