ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၆ (မော်ကွန်း)
စစ်ကောင်စီတပ် ဒီရက်ပိုင်းမှာ ထိုးစစ်ဆင်နေတဲ့ နောင်ချိုမြို့ပေါ်က အဓိကနေရာအများစုကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တချို့က ပြောပါတယ်။
နောင်ချိုမြို့မဈေး၊ နောင်ချိုမြို့မရဲစခန်း၊ မြို့နယ်စည်ပင်ရုံး၊ မြို့နယ်တရားရုံးနဲ့ စာသင်ကျောင်းတွေ၊ ဘဏ်တွေရဲ့ အရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ဓါတ်ပုံမှတ်တမ်းတွေကိုလည်း စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့က ဒီနေ့မှာ ဖြန့်ဝေလာပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့တစ်နှစ်ကျော်က TNLA ဆီကို လက်လွှတ်ခဲ့ရတဲ့ ရှမ်းမြောက်က နောင်ချိုမြို့ကို ဒီနှစ်သင်္ကြန်မတိုင်မီတည်းက ပြန်လည်ထိုးစစ်ဆင်လာပြီး လေးလနီးပါးအတွင်းမှာ ပြန်သိမ်းပိုက်နိုင်ခဲ့တာပါ။
နောင်ချိုက TNLA ခြေကုပ်စခန်းကုန်းတွေကို မြေပြင်၊ ဝေဟင်နဲ့ ဒရုန်းတွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အင်အားအလုံးအရင်းအသုံးပြုပြီး ထိုးစစ်ဆင်လာခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး နောင်ချိုမြို့အစွန်အဖျား ရပ်ကွက်တွေအထိ စစ်ကောင်စီတပ်တွေ စတင်ထိုးဖောက်လာနိုင်ပြီး TNLA နဲ့ မဟာမိတ်တပ်တွေ နောင်ချိုကနေ တဖြည်းဖြည်း တပ်ဆုတ်ပေးခဲ့ရတာပါ။
ပြီးခဲ့တဲ့သုံးရက်ကလည်း နောင်ချိုနဲ့ ကျောက်မဲကြားမှာရှိတဲ့ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရပါသေးတယ်။
လက်ရှိမှာ နောင်ချိုအထက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ နမ္မတူနဲ့ နမ့်ဆန် မြို့တွေကတော့ TNLA ရဲ့ ထိန်းချုပ်မှုလက်အောက်မှာ ရှိနေသေးတာပါ။
စစ်ကောင်စီတပ်ဟာ နောင်ချိုကိုပြန်ရဖို့ နောင်ချို-တောင်ခမ်း ကားလမ်းကနေ အဓိကထား ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အားတွေကို တောင်ခမ်းဒေသမှာ စုစည်းပြီး ပြန်လည်ထိုးစစ်ဆင်ခဲ့တာပါ။
လက်ရှိမှာတော့ နောင်ချိုမြို့ အတွင်းပိုင်းထိ စစ်ကောင်စီတပ်တွေ တဖြည်းဖြည်းတပ်ဖြန့်လာနေပြီး မကြာခင် နောင်ချိုမြို့နယ်တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်တော့မယ်လို့ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က ဒီမနက်ပိုင်းမှာ သုံးသပ်ထားပါတယ်။
မြို့ပေါ်မှာလည်း ဒေသခံတွေ မြို့လုံးကျွတ်နီးပါး တိုက်ပွဲလွတ်ရာ ကျောက်မဲနဲ့ သီပေါဘက်တွေကို စစ်ဘေးရှောင်နေကြရပါတယ်။
နောင်ချိုတိုက်ပွဲကြောင့် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းကိုလည်း နောင်ချိုမြို့အနီးမှာ ပိတ်ထားလိုက်ရပါတယ်။
နောင်ချိုမြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းရဲ့ ဝင်ပေါက်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အထင်ကရ စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့ရဲ့ ဝင်ပေါက်အနီးမှာတည်ရှိတာပါ။
ပြီးခဲ့တဲ့နှစ်က မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA နဲ့ မဟာမိတ်တပ်တွေဟာ နောင်ချိုမြို့နယ်နဲ့ တောင်ခမ်းဒေသက စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။
နောင်ချိုမြို့ကို မနှစ်က ဇွန်လ တတိယအပတ်ခန့်က TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် နှစ်ပတ်ကျော်အတွင်း မြို့သိမ်းနိုင်ခဲ့တာပါ။
ဒီနှစ်ပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ နှစ်ဖက်ဆွေးနွေးမှုတချို့ ရှိခဲ့ပေမယ့် ညှိနှိုင်းမှုအဆင်မပြေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်လာတာပါ။
TNLA ဘက်ကတော့ စစ်ကိုင်းငလျင်ကြီးဘေးကြောင့် TNLA တပ်တွေ တစ်ဖက်သတ်ထိုးစစ် ရပ်တန့်ထားတဲ့အချိန်ကို စစ်ကောင်စီဘက်က အခွင့်ကောင်းယူပြီး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတာလို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ – နောင်ချိုမြို့မဈေးနဲ့ ရဲစခန်းရှေ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – Ko Thet Telegram

