ရန်ကုန်- ၂၀၂၃၊ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း)
အွန်လိုင်းစနစ်ဖြင့်နိုင်ငံကူးလက်မှတ်လျှောက်ရတဲ့ဝန်ဆောင်မှုယာယီရပ်ဆိုင်းထားရာကနေမနေ့ညပိုင်းကစပြီးပြန်ဖွင့်ပေးလိုက်ပါပြီ။
၎င်းစနစ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၄ ရက်က ပြန်လည်ဖွင့်ပေးခဲ့ပြီး သုံးရက်အကြာမှာပဲ လျှောက်ထားသူတွေအလွန်များတာကြောင့် website ရဲ့ server breakdown ဖြစ်ပြီး မနေ့ကယာယီရပ်ဆိုင်းလိုက်ရတယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကကြေညာခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ မနေ့ည ၁၂ နာရီ ဝန်းကျင် လောက်မှသာ ဝက်ဘ်ဆိုက်ထဲဝင်ပြီးပြန်လည်လျှောက်လို့ရခဲ့တယ်လို့ အွန်လိုင်းမှနိုင်ငံကူးလက်မှတ်လျှောက်သူတစ်ဦးကပြောပါတယ်။
“ဖုန်းနဲ့တော့ website ထဲကို အခုချိန်ထိဝင်ကြည့်လို့လုံးဝမရသေးဘူး။ Laptop နဲ့ဝင်ကြည့်မှရတယ်” လို့ ၎င်းကပြောပါတယ်။
အခုလက်ရှိမှာလည်း အသစ်လျှောက်ထားသူတွေ ဝက်ဘ်ဆိုက်ထဲဝင်လို့ရနေပေမယ့် ငွေပေးချေလို့မရတာတွေ၊ တစ်ခါထပ်ပိုပြီးငွေပေးချေမိတာတွေဖြစ်နေတယ် လို့ အွန်လိုင်းကတစ်ဆင့်လျှောက်ထားသူတွေထံမှသိရပါတယ်။
အွန်လိုင်းကနေ နိုင်ငံကူးလက်မှတ်လျှောက်တဲ့အခါကိုယ်ရေးအချက်အလက်တွေဖြည့်၊ QR ကုဒ်ယူ၊ ငွေပေးချေပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံမှာ လူကိုယ်တိုင် အလှည့်ကျတန်းစီပြီး စလစ်သွားထုတ်ရတာပါ။
မနေ့က စလစ်စတင်ထုတ်ပေးတဲ့နေ့မှာတင် ည ၁၂ နာရီထိ လူတွေ ကြိတ်ကြိတ်တိုးတိုးစောင့်ဆိုင်းခဲ့ကြရတယ်လို့ ကိုယ်တွေ့ကြုံခဲ့သူတွေကမော်ကွန်းကိုပြောပါတယ်။
“ဓာတ်ပုံရိုက်တဲ့နေရာမှာကြာသွားတာ။ လူထောင်ချီမယ်။ ပြွတ်သိပ်နေတာ။တိုးဝှေ့ပြီးသွားရတာ။ သေချင်စိတ်ပါပေါက်တယ်။” လို့ မနေ့ညက နိုင်ငံကူးလက်မှတ်လျှောက်ခဲ့သူတစ်ဦးကပြောပါတယ်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းမှာ ရပ်ဆိုင်းခဲ့ပြီး အခုလ ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြန်ဖွင့်ပေးခဲ့တာပါ။ ပြန်ဖွင့်ပေးတဲ့တစ်ရက်အတွင်းမှာတင်လာရောက်လျှောက်ထားသူ ရှစ်ထောင်ကျော်ရှိတယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေကတစ်ဆင့်ကြေညာပါတယ်။
ပုံ – ပတ်စ်ပို့ရုံးရှေ့တန်းစီစောင့်ဆိုင်းနေကြသူများ
Photo: Supplied
#Dailynews

