ရန်ကုန်၊ ၂၀၂၅ စက်တင်ဘာ ၄ (မော်ကွန်း)
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဒေသတွင်းတော်လှန်ရေးမဟာမိတ်တွေ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတပ်တွေကို ဒီရက်ပိုင်းမှာ ပြောက်ကျားတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး စစ်ကော်မရှင်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မကွေးတိုင်း၊ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာ နတ်မောက်မြို့ ရဲ့အနောက်ခြမ်း တက်ဝန်ရွာ ပျူစောထီးခေါင်းဆောင် ဘိုထွန်းနဲ့ ပျူစောထီးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် မိနစ် ၄၀ ထိ ပစ်ခတ်ခဲ့ကာ ၎င်းပျူစောထီးခေါင်းဆောင်အပါအဝင်ငါးဦးကို ချေမှုန်းနိုင်ခဲ့တယ်ဆိုပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့် – ၂၂ လက်လုပ် ပစ္စတိုတစ်လက်၊ M1 ကာဘိုင်ငါးလက်အပါအဝင် ခဲယမ်းတချို့ကိုလည်း သိမ်းနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။
ဤတိုက်ခိုက်မှုကို ငါးပြေမတပ်ရင်းရဲ့ မြေပြန့်ကျားတပ်ခွဲက ဦးဆောင်ခဲ့ပြီး ရေနံချောင်း၊ မင်းဘူးခရိုင် တို့မှာလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ရက်ကလည်း နတ်မောက်မြို့ပေါ်မှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတပ်တွေကို ငါးပြေမပြောက်ကျားတပ်ဖွဲ့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲပြီး ပြောက်ကျားတိုက်ခိုက်ခဲ့ပါသေးတယ်။
နတ်မောက်မြို့ ဟိန်းဆီဆိုင်အနီး ဒေသခံအရပ်သားတွေကို ဖမ်းဆီးဖို့လုပ်ဆောင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို မိုင်းနဲ့ စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့ကာ စစ်ကော်မရှင်တပ်ဘက်က ခြောက်ဦးသေဆုံးသွားပြီး ကားနှစ်စီးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးခရိုင်မှာပါဝင်ပြီး ဗိုလ်ချုပ်အောင်ဆန်းဇာတိ နတ်မောက်မြို့မှာ နတ်မောက် PDF တပ်ရင်းတွေ ဖွဲ့စည်းထားတာရှိသလို ဒေသတွင်း ပြောက်ကျားတပ်တွေလည်း လှုပ်ရှားနေပြီး စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်တာ ပျူစောထီးတွေကို တိုက်ခိုက်တာတွေ မကြာခဏရှိနေတာပါ။
ဒါ့အပြင် နတ်မောက်မြို့အရှေ့ခြမ်းက တော်လှန်ရေးစိုးမိုးထားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး ပြီးခဲ့တဲ့လကုန်ပိုင်းကပဲ စစ်ကော်မရှင်တပ်ဟာ နတ်မောက်အရှေ့ခြမ်းက လဲဘူးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့ပါသေးတယ်။
ပုံစာ – နတ်မောက်မှာလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – ငါးပြေမပြောက်ကျားတပ်ဖွဲ့

