ရန်ကုန် – ၂၀၂၄ ဇူလိုင် ၃၀ (မော်ကွန်း)
အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ဈေးနှုန်းတွေ စံချိန်တင်အမြင့်ဆုံးတက်သွားပြီး ပြည်ပကနေတင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေဟာ ဆက်လက်မြင့်တက်လာဖွယ်ရှိတယ်လို့ ပြည်ပသွင်းကုန်ပစ္စည်းတွေ ရောင်းချနေသူတချို့ကပြောပါတယ်။
ဒီနေ့မှာ အမေရိကန်ဒေါ်လာဈေးဟာ ပြင်ပမှောင်ခို ဝယ်ရောင်းဈေးကွက်ထဲမှာ တစ်ဒေါ်လာကို ၅,၃၀၀ ကျပ်ထိ ပေါက်ဈေးဖြစ်နေပြီး ထိုင်းဘတ်တစ်ဘတ်ဟာ မြန်မာငွေ ၁၄၇ ကျပ် ဝန်းကျင်ထိ မြင့်တက်သွားတယ်လို့ နိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။
လက်ရှိတက်ခဲ့တဲ့ ဒေါ်လာဈေးနဲ့ထိုင်းဘတ်ဈေးဟာ တက်ခဲ့ဖူးသမျှဈေးတွေရဲ့ အမြင့်ဆုံးစံချိန်ကို ကျော်လွန်သွားပြီဖြစ်ပြီး အရောင်းအဝယ်တွေလည်း ရပ်တန့်နေတယ်လို့ နိုင်ငံခြားငွေကြေးလဲလှယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ထိုင်းဘတ်လဲလှယ်နှုန်းက လွန်ခဲ့တဲ့ နှစ်ပတ်လောက်ထဲက တစ်ဘတ်ကို ၁၄၀ ကျပ် ကို စတင်ရောက်ရှိခဲ့ပြီး အခု အမြင့်ဆုံး ၁၅၀ ဝန်းကျင်ထိ ကပ်လာကာ မြန်မာငွေ ကျပ်တစ်သိန်းကိုလည်း ဘတ် ၇၀၀ အောက်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
အခုရက်ပိုင်းမှာ ကျောင်းတက်ဖို့ ဒေါ်လာဝယ်ယူခဲ့သူတစ်ဦးကတော့ ဒေါ်လာဝယ်ဈေးဟာ တစ်ဒေါ်လာကို ၅,၃၅၀ ကျပ် ထိ ပေးခဲ့ရတယ်လို့ ပြောပါတယ်။
နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကတော့ ငွေဈေးတွေဟာ နာရီပိုင်း၊ ရက်ပိုင်းအတွင်း ဆက်တိုက်အပြောင်းအလဲဖြစ်နေတာကြောင့် သတိထားရောင်းဝယ်နေရတယ်လို့ ပြောပါတယ်။
အခုလို နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးတွေ မြင့်တက်လာတာကြောင့် ပြည်ပကနေ လူသုံးကုန်ပစ္စည်းတွေ တင်သွင်းရောင်းချသူတချို့ကတော့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းမြင့်တက်တာ ကုန်ပစ္စည်းအဝင်နည်းတာတွေ ရှိလာနိုင်တယ်လို့ ပြောကြပါတယ်။
ထိုင်းနိုင်ငံက လူသုံးကုန်ပစ္စည်းတွေ တင်သွင်းရောင်းချသူတစ်ဦးကလည်း လက်ရှိဘတ်ဈေးနှုန်းကြောင့် ထိုင်းကုန်ပစ္စည်းတင်သွင်းမှုတွေကို ယာယီရပ်ထားလိုက်ရတယ်လို့ ပြောပါတယ်။
“အခုက ဈေးကတက်သွားတော့ ရောင်းရလေ ရှုံးလေဖြစ်နေတာမို့လို့ အရောင်းပါပိတ်ထားရတယ်။ ပစ္စည်းအသစ်သွင်းဖို့ကလည်း လမ်းကပိတ်နေတာနဲ့ ဘတ်ဈေးထက်တက်တာနဲ့ဆိုတော့ ထိုင်းပစ္စည်းအရောင်း ရပ်မယ်။ ထပ်သွင်းရင်လည်း ကုန်ပစ္စည်းက ဈေးတက်မယ်၊ ပြီးရင် ဘတ်ဈေးထပ်တက်ရင် ထပ်ရှုံးမှာပဲ။ အဲဒီလို အခြေအနေဖြစ်နေတာ” လို့ ၎င်းက ပြောပါတယ်။
အခုလို ဒေါ်လာဈေး၊ ဘတ်ဈေးတွေအပြင် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာလည်း တစ်ကျပ်သားကို ၆၅ သိန်းကျော်ထိ စံချိန်တင်မြင့်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုးဟာ ထိုးကျနေတာပါ။
ဒီလိုရွှေဈေးနဲ့ ဒေါ်လာဈေးမြင့်တက်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ပြည်တွင်းမှာ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ ကြီးမြင့်လာတာကို လူထုအနေနဲ့ ပိုခံစားနေရတာပါ။
ဒီလို ဒေါ်လာဈေး၊ ရွှေဈေးတက်တာတွေကို အာဏာသိမ်းစစ်ကောင်စီကတော့ ဈေးကွက်ထဲမှာ လိုက်လံဖမ်းဆီးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းလာပေမယ့် ဒီလိုဖြေရှင်းတာကြောင့် လက်ရှိမှာ ဈေးနှုန်းကျဆင်းသွားတာမရှိသေးပါဘူး။
ဓာတ်ပုံ – မော်ကွန်း
Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
Telegram
https://t.me/MawkunMM
Facebook
https://facebook.com/mawkunmagazine
Youtube
https://youtube.com/@mawkunmagazine494/community
TikTok
https://tiktok.com/@mawkunmagazine
X
https://x.com/MawKunMM
Substack
https://mawkunmagazine.substack.com/
Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

