ရန်ကုန်- ၂၀၂၄ စက်တင်ဘာ(၂၃) မော်ကွန်း
ဒိုက်ဦးအကျဉ်းထောင်မှာ အကျဉ်းသားတွေများပြားနေတဲ့အတွက် ထောင်ကျပ်တဲ့ဒဏ်ကို ခံနေကြရတယ်လို့ အဲဒီမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား(နိုင်ကျဉ်း)တချို့နဲ့ နီးစပ်တဲ့ ဝန်ထမ်းတချို့က ပြောပါတယ်။
မနေ့တုန်းကလည်း ကျပ်နေတဲ့ထောင်ကို စစ်ကောင်စီက အကျဉ်းသားတွေ ထပ်ပို့ခဲ့တဲ့အတွက် အဆောင်တွေမှာ နေစရာ အခက်အခဲဖြစ်နေတယ်လို့ သူတို့ကဆိုပါတယ်။ ထောင်ကျပ်နေတဲ့အတွက် အကျဉ်းသားတွေရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာနိုင်တယ်လို့လည်း ဝန်ထမ်းတချို့က ပြောပါတယ်။
“ ဒီနေ့ တန်းမဖွင့်ဘူး၊ အင်းစိန်ထောင်က နိုင်ကျဉ်းတွေရော၊ အခြားအမှုတွေရော ၂၀၀ ကျော် ထပ်ရောက်လာတဲ့အတွက် တန်းပိတ်ထားတာ။ နေစရာမရှိတော့ဘူး။ ဗာယာလမ်း(လျှောက်လမ်း) တမံသလင်းမှာဖြစ်သလို အိပ်နေကြရတယ်” လို့ မနေ့တုန်းက နေ့လယ်ပိုင်းမှာ အဲဒီထောင်က ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အိပ်ဆောင်ငါးဆောင်၊ ဆေးရုံဆောင်တစ်ခုနဲ့ အကျဉ်းတိုက်တွေလည်းရှိတဲ့ ဒိုက်ဦးထောင်မှာ အခုဆိုရင် အကျဉ်းသားစုစုပေါင်း ၃,၀၀၀ နီးပါး ရှိလာပြီလို့ သူက ဆိုတယ်။ အခန်းရှစ်ခန်းနဲ့ ဖွဲ့စည်းထားတဲ့ အိပ်ဆောင်တစ်ခုမှာ ပုံမှန်ဆိုရင် လူ ၂၄၀ နဲ့ ၂၆၀ ကြားသာ ထားရမှာ ဖြစ်ပေမယ့် အခုဆိုရင် ၄၅၀နဲ့ ၅၀၀ ကြား ထည့်ထားတယ်လို့ နိုင်ကျဉ်းတွေ အများစုထားတဲ့ အိပ်ဆောင် (၂)က ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ အခု အဆောင်တွေမှာ ဗာယာ(အစောင့်)လည်း မထားတော့ဘူး။ ဗာယာလျှောက်စရာလမ်းမရှိလို့လေ။ အကျဉ်းသားတွေလည်း တစ်ယောက်နဲ့တစ်ယောက် ပူးကပ်ပြီးအိပ်နေကြရတာ”လို့ အဲဒီက ဝန်ထမ်းတချို့က ပြောပါတယ်။
အဲဒီထောင်က အိပ်ဆောင်(၁)၊ အိပ်ဆောင်(၂)၊ ဆေးရုံအဆောင်၊ အမျိုးသမီးအိပ်ဆောင်နဲ့ အကျဉ်းတိုက်တွေမှာ နိုင်ကျဉ်းအများစုကို ဖမ်းထားပြီး အကျဉ်းတိုက်မှာဆိုရင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဖမ်းချုပ်ထားတာပါ။
မြို့ပတ်ရထားပေါ်က ရဲတွေကိုတိုက်ခိုက်မှုနဲ့ အင်းစိန်အကျဉ်းထောင်ဗုံးကွဲမှုတွေမှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ခုနှစ်ဦးကို စစ်ကောင်စီက သေဒဏ်ပေးမယ်ဆိုတဲ့သတင်းတွေကြောင့် ဒိုက်ဦးထောင်ကနိုင်ကျဉ်းတွေဟာ ဒီရက်ပိုင်း တန်းဖွင့်ချိန်တွေမှာ ပဌာန်းရွတ်ဖတ်ပြီး ဆုတောင်းတာတွေ အိပ်ဆောင်တွေမှာ စုပေါင်းလှုပ်ရှားနေကြတယ်လို့ ထောင်ဝန်ထမ်းတချို့က ပြောပါတယ်။
ပုံစာ – ဒိုက်ဦးထောင်
ဓါတ်ပုံ – Google Map
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

