ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၈ (မော်ကွန်း)
အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း မတရားဖမ်းဆီးထောင်ဒဏ်ချမှတ်ခံရသူ နိုင်ငံရေးအကျဉ်းသားတွေ ဆေးဝါးကုသမှု မလုံလောက်တာကြောင့် သေဆုံးခဲ့ရသူ ၆၀ ဦးကျော် ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ မနေ့ညပိုင်းကထုတ်ပြန်ခဲ့တဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
AAPP ကနေ ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်ကနေ ဒီနှစ် အောက်တိုဘာ ၇ ရက်ထိ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ခံထားရစဉ် အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသွားသူ စုစုပေါင်း ၁၀၃ ဦးကို အမည်နဲ့တကွ အတည်ပြုထားနိုင်ပြီး အဲဒီထဲက ၆၃ ဦးဟာ လုံလောက်တဲ့ ဆေးဝါးကုသမှုမရရှိတာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထောင်ဒဏ်နှစ်ရှည်ချခံထားရပြီး စစ်ကောင်စီအကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ဟာဆိုရင်လည်း မနေ့ကမနက်အစောပိုင်းမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တာနဲ့ပတ်သက်လို့ နိုင်ငံတကာသံရုံးတချို့က သဝဏ်လွှာတွေပေးပို့ခဲ့သလို မန္တလေးမြို့မှာဒီနေ့ပြုလုပ်တဲ့ သူ့ရဲ့ နာရေးအခမ်းအနားကို မန္တလေးမြို့ခံ ထောင်နဲ့ချီပြီးလိုက်ပို့ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့ကတော့ ဒေါက်တာဇော်မြင့်မောင်ဟာ အကျဉ်းထောင်ထဲမှာ လုံလောက်တဲ့ဆေးကုသခွင့်မရခဲ့တာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
AAPP က ဖော်ပြတဲ့ မှတ်တမ်းမှာတော့ ဒေါက်တာဇော်မြင့်မောင်ဟာ အကျဉ်းထောင်ထဲမှာ ဆေးဝါးကုသခွင့် မရတာကြောင့် အခြေအနေပိုဆိုးလာပြီး စက်တင်ဘာနှောင်းပိုင်းမှာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ပြောင်းရွှေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် အခုလ ၅ ရက်မှာ အသက်ရှူရခက်ခဲလာတာကြောင့် ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင် (ICU) ကို ရောက်ရှိကာ သတိလစ်မေ့မျောနေပြီး အသက်လုနေရတဲ့အချိန်ကျမှ စစ်ကောင်စီအာဏာပိုင်တွေက လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း လာရောက်အသိပေးဖတ်ပြခဲ့ပေမယ့် ဒေါက်တာဇော်မြင့်မောင်ဟာ မသိရှိနိုင်တော့ပဲ ကွယ်လွန်သွားခဲ့တာလို့ ဖော်ပြထားပါတယ်။
AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က “ဒီလို သေဆုံးကာနီးမှ လွှတ်ပေးကြောင်းထုတ်ပြန်တာဟာ အရင် စစ်အာဏာရှင်အဆက်ဆက်မှာလည်းရှိခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ စစ်အာဏာရှင်တို့ရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး ဒါဟာ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအကျဉ်းသားများအပေါ် အကြံဆိုးနဲ့ သေဒဏ်ပေးခြင်းပဲဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို တခြားအကျဉ်းသားတွေထက် ပိုပြီး ဖိနှိပ်မှုတွေရှိနေကာ လုံလောက်တဲ့ဆေးဝါးကုသမှုတွေ မရှိတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများအပြားဖြစ်နေတယ်လို့ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက အင်းစိန်ထောင်ကနေ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးကလည်း ပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်ကာလအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း နှစ်သောင်းခုနစ်ထောင်ကျော်ရှိခဲ့ပြီး အဲဒီထဲက နှစ်သောင်းတစ်ထောင်ကျော်ဟာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ပုံစာ – ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနကို မန္တလေးမြို့ခံ အများအပြား လာရောက်ပို့ဆောင်တဲ့မြင်ကွင်း
ဓာတ်ပုံ – KZT
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


