ရန်ကုန် – ၂၀၂၅ မေ ၇ (မော်ကွန်း)
မြန်မာ၊ ထိုင်းနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာရှိတဲ့ ထီးခီးနယ်စပ်ရေးကုန်သွယ်ရေးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီရက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ထီးခီးဒေသက နယ်စပ်ဂိတ်ဝင်ပေါက်နဲ့ ငါးမိုင်ခန့်ပဲကွာဝေးတဲ့ ထီးခီးဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် စစ်ကောင်စီကလည်း လေကြောင်းနဲ့ပြန်လည်ပစ်ခတ်ကာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်နှစ်ပတ်ကျော်က ထီးခီးနယ်စပ်စခန်းအနီးက ထီးထဗျူဟာစခန်းကုန်းကို KNLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းယူခဲ့ပြီး နောက်ထပ် ထီးခီးနယ်စပ်စခန်းကိုပါ တစ်ဆက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။
၎င်းတိုက်ပွဲတွေကြောင့် ထီးခီးတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြတယ်လို့ ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြပါတယ်။
ထီးခီးနယ်စပ်ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ကို လက်ရှိမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ စိုးမိုးထားပြီးဖြစ်တာကြောင့် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း စစ်ကောင်စီက မကြာခင်ထပ်မံလက်လွှတ်ရဖွယ်ရှိတယ်လို့ ဒေသခံကုန်သည်တချို့က ပြောပါတယ်။
“ ထားဝယ်-ထီးခီးလမ်းက ကတော်လှန်ရေးတပ်တွေပဲ အရင်ထဲက စိုးမိုးထားတာ၊ ထီးခီးကနေ မေတ္တာ (မြို့) ထိ တော်လှန်ရေးတပ်နဲ့ အရပ်သားတွေပဲ ဒီလမ်းကသွားနေတာပါ။ ထီးခီးကျသွားရင် ဒီထိုင်းနယ်စပ်ဝင်ပေါက်လမ်းကြောင်းက အရင်ထက်ပိုပြီးထိန်းချုပ်နိုင်သွားမှာပေါ့” လို့ ၎င်းလမ်းပိုင်းကို ဖြတ်သွားလာနေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ထားဝယ်-ထီးခီးကားလမ်းမှာ KNLA တပ်မဟာ (၄) ရဲ့ စစ်ဆေးရေးဂိတ်တွေ၊ ကော်သူးလေတပ်မတော် (KTLA) တပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်တွေလည်းရှိနေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
လက်ရှိ ထီးခီးတိုက်ပွဲမှာ မြေပြင်ထောက်ပို့လမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီဟာ လေကြောင်းကနေ ထိုင်းနိုင်ငံနယ်စပ်အနီးကို စစ်ကူစစ်ကြောင်းတွေ ပို့ဆောင်နေသလို လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ပုံစာ – တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – FFD

