မတူပီ-၂၀၂၃ ဒီဇင်ဘာ ၂၂ (မော်ကွန်း)
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပလက်ဝလမ်းမပေါ်မှာရှိတဲ့ ထယ်ဘွေးစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ လိုက်လံတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ CDF မတူပီက ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထယ်ဘွေးစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက အခုလ ၁၈ ရက်ကစတင်တိုက်ခိုက်ခဲ့ပြီး အဲဒီနေ့ ညပိုင်းမှာ စခန်းထဲက စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင်ဟာ မတူပီမြို့ပေါ်က သူတို့တပ်စခန်းတွေဆီ ထွက်ပြေးသွားကြတာလို့ သူကပြောပါတယ်။
“ကျွန်တော်တို့က စစ်ကြောင်းသုံးကြောင်းခွဲပြီးလိုက်ကြတာပေါ့။ သူတို့ဘက်ကလည်း ကျွန်တော်တို့ကို ခြုံခိုတိုက်တဲ့နည်းနဲ့ ကြိုတင်စောင့်ပြီးသား။ ဟိုဘက်ကလည်း မြို့ထဲကလည်း သူတို့ကိုစစ်ကူနဲ့ လှမ်းကြိုတယ်ပေါ့။ ကျွန်တော်တို့ကတော့ အခုလည်းလိုက်နေတယ်။ လောလောဆယ်သူတို့က ချောင်ပိတ်တဲ့နေရာမှာရှိနေတဲ့အခါကျတော့ ကျွန်တော်တို့လည်း ဒရုန်းတွေအများကြီးပြင်ထားပြီး ပြန်ပြီးတိုက်ခိုက်ဖို့လုပ်ထားတယ်” လို့ CDF မတူပီက ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေကို လိုက်လံရှာဖွေရင်း မနေ့က မနက်ပိုင်းမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သူကဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်း မတူပီမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေက ထွက်ပြေးလာတဲ့ သူတို့တပ်သားတွေအတွက် လက်နက်ကြီးနဲ့ လှမ်းကူပစ်ပေးတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး CDF မတူပီက ရဲဘော်တစ်ဦး ကျဆုံးသွားခဲ့တယ်လို့ သူကပြောပါတယ်။
“ အခုချိန်ထိ ကျဆုံးသွားတဲ့ရဲဘော်ရဲ့အလောင်းကို ကျွန်တော်တို့ မကောက်နိုင်သေးတဲ့ အနေအထားရှိတယ်။ ဘာလို့လည်းဆိုတော့ ကွင်းဆင်းဖို့က အန္တရာယ်များတော့ စစ်ကောင်စီအထိခိုက် အတိအကျအရေအတွက်စာရင်းကိုလည်း အတည်မပြုနိုင်သေးဘူး” လို့ သူကပြောပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေဘက်ကသေဆုံးမှုကို မသိနိုင်သေးပေမယ့် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနိုင်တယ်လို့ CDF မတူပီက ပြောပါတယ်။
ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲစတင်ခဲ့တဲ့ ၁၈ ရက် နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီလေတပ်က ထယ်ဘွေးစခန်းအနီးက လေဆင်နဲ့ ဗန်ကိုင်းကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ လေးဦးသေဆုံးပြီး တစ်ဦးလည်း အပြင်းအထန်ဒဏ်ရာရခဲ့ပါသေးတယ်။
ထယ်ဘွေးစခန်းကိုချင်းကာကွယ်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းအများအပြား ရရှိထားပေမယ့် စစ်ကောင်စီတပ်တွေဖွက်ထားခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ထပ်မံရှာဖွေနေတာကြောင့် စာရင်းအတိအကျကို မထုတ်ပြန်ရသေးတာလို့ CDF မတူပီ ပြန်ကြားရေးက ပြောပါတယ်။
ထယ်ဘွေးစခန်းကို ချင်းကာကွယ်ရေးတပ်တွေ စတင်တိုက်ခိုက်ခဲ့တဲ့ အခုလ ၁၈ ရက် တစ်ရက်အတွင်းမှာပဲ ချင်း-မကွေးတိုင်းအစပ်၊ ဟားခါးမြို့နယ်ထဲက ဘုံဇုံစစ်ကောင်စီတပ်စခန်းကိုလည်း ချင်းကာကွယ်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်း ခြောက်ဦးကိုပါ ဖမ်းဆီးရခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ချင်းပြည်နယ်အတွင်းက သူတို့တပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရမှုနဲ့ပက်သက်ပြီး လက်ရှိအချိန်ထိ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။
ပုံစာ-ထယ်ဘွေးစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ပြီးနောက်မြင်ကွင်း။
ဓာတ်ပုံ-CDF မတူပီ

