ရန်ကုန် – ၂၀၂၅ မတ် ၄ (မော်ကွန်း)
ရခိုင်ကမ်းရိုးတမ်း ကျောက်ဖြူမြို့မှာ ဒီရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရပြီး သူတို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ၎င်းစစ်ဘေးရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွါးရေးဇုန်နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတွေ တည်ရှိတဲ့ ကျောက်ဖြူမြို့က စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့လ ဒုတိယအပတ်မှာ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။
ဒီလဆန်းပိုင်းမှာလည်း ကျောက်ဖြူအခြေစိုက် ဓညဝတီရေတပ်စခန်းအနီးက စစ်ကောင်စီကာကင်းစခန်းတချို့ကို AA တပ်တွေ ထိုးစစ်ဆင်လာပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
လက်ရှိတိုက်ပွဲတွေကြောင့် ၎င်းရေတပ်စခန်းအနီးမှာရှိတဲ့ ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ ထောင်နဲ့ချီကာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး ၎င်းတို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတာပါ။
လက်ရှိမှာ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ပိတ်ထားတာကြောင့် စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ကူညီထောက်ပံ့မှုတွေပေးပို့ဖို့ ခက်ခဲနေတယ်လို့ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပါတယ်။
“လောလောဆယ်တော့ ဘုန်းကြီးကျောင်းတွေမှာ ရောက်နေတဲ့သူတွေရှိတယ်။ ဒီတိုင်းပဲ ပင်လယ်ကမ်းစပ်တွေမှာ ဖြစ်သလိုနေနေရတဲ့သူတွေလည်းရှိတယ်။ အလှူရှင်တွေ ထောက်ပံ့မယ့်လူတွေရှိရင်တောင် သူတို့အတွက် အင်တာနက်လိုင်း၊ ဖုန်းလိုင်းမရတော့ ငွေလွှဲဖို့ကိစ္စတွေ အခက်အခဲရှိတယ်။ အဓိကတော့ အစားအသောက်အဓိကလိုတယ်။ တိုက်ပွဲကြာရင် ရေရှည်ဆိုရင် အကုန်ငတ်ကုန်မယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်ထဲက စည်မော်၊ ကြတ္တိန်၊ နောက်ရှောက်ချောင်းနဲ့ စိုင်ခြုံကျေးရွာတွေကို လွန်ခဲ့တဲ့ ခြောက်ရက်ခန့်ကစပြီးတော့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှုတွေနဲ့အတူ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် AA တပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ဒေသတွင်းမီဒီယာတချို့ကို ပြောထားပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းမှာ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်စခန်းအနီးနဲ့ အမှတ် (၃၂) ရဲတပ်ရင်းအနီးတွေကို AA တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းတချို့က ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ နိုဝင်ဘာမှာ စတင်ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်စစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့စစ်ဘေးရှောင် ခြောက်သိန်းထိ ရှိလာတယ်လို့ အာရက္ခတပ်တော် AA ရဲ့ လူသားချင်းစာနာထောက်ပံ့ရေးရုံး (HDCO) ရဲ့ မှတ်တမ်းမှာ ဖော်ပြပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်မှာ သိမ်းယူဖို့ကျန်နေသေးတဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့တွေကို ပြီးခဲ့တဲ့လလယ်ပိုင်းခန့်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်လာပြီး ဒီမြို့တွေမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပါ။
ဒါ့အပြင် AA တပ်တွေဟာ ရခိုင်ရိုးမကျော်လွန်ပြီး ဧရာဝတီတိုင်းအစပ်၊ ပဲခူးတိုင်းအစပ်နဲ့ မကွေးတိုင်းအစပ်တွေအထိ တိုက်ပွဲတွေဖော်ဆောင်လာပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

ပုံစာ – စစ်ဘေးရှောင်လာတဲ့ ကျောက်ဖြူဒေသခံများ
ဓါတ်ပုံ – MSC

