တန့်ဆည် – ၂၀၂၃ နိုဝင်ဘာ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုပေါ်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းလေးခုဖြစ်တဲ့ ဆေးရုံကြီး၊ အ.ထ.က (၁) ကျောင်း၊ ထွေအုပ်ရုံးနဲ့ ဝန်ထမ်းအိမ်ရာတွေကို ဒီကနေ့ မနက်ပိုင်းမှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နီးစပ်တဲ့တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
“ ရဲစခန်းပတ်ဝန်းကျင် အဲ့နေရာလေးခုပဲ ကျန်တော့တာပေါ့။ အဲဒီနေရာတွေကို ဒီနေ့အပြီးသတ် ဝင်စီးပြီးတော့ အဲအထဲက တပ်စွဲတဲ့ကောင်တွေကတော့ မြို့မရဲစခန်းထဲ ဝင်ပြေးပြီး ခံစစ်ပြင်၊ လက်နက်ကြီးတွေနဲ့ ပစ်တာမျိုးတွေရှိတယ် ” လို့ တန့်ဆည်မြို့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်ကွပ်ကဲရေးက ဦးဆောင်ပြီး ခရိုင်တပ်ရင်း ခုနှစ်ခုနဲ့အတူ တန့်ဆည်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့တာလို့ မော်ကွန်းကသိရပါတယ်။
တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က အထိအခိုက် အကျအဆုံး သေချာပေါက်ရှိခဲ့သော်လည်း အရေအတွက်ကိုတော့ မသိနိုင်သေးဘူးလို့ သူကပြောပါတယ်။
တော်လှန်ရေး ပူးပေါင်းအဖွဲ့ဘက်က ရွှေဘိုခရိုင်ရင်း (၉)၊ ရဲဘော်တဦး သွေးထွက်လွန်ပြီး ကျဆုံးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။
“ သူတို့က စဝင်စီးကတည်းက ဒဏ်ရာရသူကော၊ အလောင်းတွေကော အကုန်ကောက်ပြီးတော့ ပြေးကြတာပေါ့။ ဘာကိုမှာတော့ အတိအကျ သက်သေမကျန်ဘူးပေါ့ဗျ။ သူတို့ တပ်စွဲတဲ့ အနေအထား လောက်ကျန်တယ် ” လို့ တန့်ဆည်ပ.က.ဖ အဖွဲ့ဝင်က ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က စစ်ဆေးရုံသဖွယ် အသုံးပြုနေတဲ့ ဆေးရုံကြီးအတွင်းက ဆေးဝါးတချို့နဲ့ လက်ပ်တော့ တစ်လုံးကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။

