ရေလယ်ကျွန်းဒေသ – ၂၀၂၂ နိုဝင်ဘာ ၁၇ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသက ရွှေလယ်ကျွန်း LPDF တစ်ဖွဲ့လုံးမှာ မောင်းပြန်သေနတ် နှစ်လက်ပဲရှိတာကြောင့် သေနတ်ရရှိဖို့ စည်းရုံးလှုံ့ဆော်နေကြောင်း အဆိုပါအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
နိုဝင်ဘာ ၁၆ ကနေ ဒီဇင်ဘာ ၁၆ အထိ မောင်းပြန်သေနတ်ရရှိရေးအတွက် သိန်း ၂၀၀ ရရှိဖို့စည်းရုံးလှုံ့ဆော်နေတယ်လို့ ပြောပါတယ်။
ရွှေလယ်ကျွန်း LPDF အဖွဲ့မှာ မောင်းပြန်သေနတ် စုစုပေါင်း နှစ်လက်သာရှိတဲ့အပြင် တစ်တောင့်ထိုးသေနတ်၊ ခါးချိုးကိုးလုံးကျည်သေနတ်တွေချည်းပဲ အဆင်မပြေတာကြောင့် စည်းရုံးလှုံ့ဆော်ရတာဖြစ်တယ်လို့ သူကပြောပါတယ်။
မောင်းပြန် သေနတ်တွေ ကျပ်သိန်း ၅၀ ဝန်းကျင်ပေးရတုံးက ရွှေလယ်ကျွန်း LPDF အတွက် ဝယ်ယူခဲ့ပေမယ့် တော်လှန်ရေးအမြတ်ထုတ်သူတွေနဲ့ လိမ်လည်သူတွေကြောင့် မရရှိခဲ့ဘူးလို့ သူကပြောပါတယ်။
အခု လက်နက်စျေးတွေဟာ သိန်း၂၀၀ ကျော်ထိစျေးတက်တဲ့အခါမှာ ဝယ်ယူနိုင်ဖို့ပိုမိုခက်ခဲသွားတာကြောင့် အခုလို ရက် ၃၀ စည်းရုံးလှုံ့တော်မှု ပြုလုပ်တာဖြစ်တယ်လို့ပြောပါတယ်။
ရေလယ်ကျွန်းဒေသကို အာဏာသိမ်းစစ်တပ်က မကြာခဏထိုးစစ်ဆင်ပြီး မီးရှို့၊ လူသတ်တာတွေလုပ်သလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွါးနေဆဲဖြစ်ပါတယ်။
အခုလထဲမှာလည်း စစ်ကြောင်းထိုးဝင်ရောက်လာကာ ကျေးရွာလေးရွာကိုမီးရှို့ခဲ့တာကြောင့် ဒေသခံရွာသားထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တိုက်ပွဲတွေဖြစ်ပွါးကာ စစ်တပ်က Mi 35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။
#Dailynews

