ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၇ (မော်ကွန်း)
တက္ကသိုလ်အားလုံး လာမယ့်နိုဝင်ဘာလမှာ ကျောင်းအပ်လက်ခံပြီး ကျောင်းတွေစတင်ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ဒီနေ့ထုတ်နိုင်ငံပိုင်သတင်းစာမှာ ကြေညာထားပါတယ်။
တက္ကသိုလ်တွေအနေနဲ့ နောက်လ ၁၆ ရက်နေ့မှာ ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး ကျောင်းတွေကိုတော့ ၂၃ ရက်မှာ ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ထားတာပါ။
တက္ကသိုလ်တွေရဲ့ နေ့သင်တန်းတွေကို နိုဝင်ဘာလမှာဖွင့်လှစ်ပြီး အဝေးသင်တွေကိုတော့လာမယ့်ဒီဇင်ဘာလမှာ ဖွင့်လှစ်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ အဆင့်မြင့်ပညာဦးစီးဌာနနဲ့ နီးစပ်တဲ့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ဒီနှစ် ၂၀၂၃ ခုနှစ်အောင်တဲ့သူတွေစပြီး တက္ကသိုလ်တွေ လျှောက်နေကြပြီ။ ဒီလကုန်လောက်မှာ ကိုယ်ဘယ်မေဂျာရတယ်ဆိုတာကျမယ်။ မေဂျာကျပြီး ကျောင်းအပ်လို့ရအောင် ကြိုကြေညာထားတာ” လို့ သူကပြောပါတယ်။
နောက်လ ၁၆ ရက်မှာ တက္ကသိုလ်တွေ စတင်ကျောင်းအပ်လက်ခံရာမှာ နေ့စဉ် မနက်ကိုးနာရီကနေ ညနေငါးနာရီအတွင်း ပိတ်ရက်မရှိ လက်ခံဆောင်ရွက် ပေးသွားမယ်လို့လည်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီကဖွင့်လှစ်တဲ့ ပညာရေးစနစ်ကို သပိတ်မှောက်မှုတွေလည်းရှိခဲ့ပြီး ကျောင်းတက်ရောက်တဲ့ ကျောင်းသားကျောင်းသူ အရေအတွက် လျော့ကျခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ မှာပဲ တက္ကသိုလ်အချို့ကိုပဲ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၂ နိုဝင်ဘာလမှာမှ ကျောင်းအားလုံးပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာပါ။
စစ်ကောင်စီလက်ထက် ၂၀၂၁ မှာ တက္ကသိုလ်တက်ရောက်မှုအရေအတွက် ၆၀ ရာခိုင်နှုန်းကျော် လျော့ကျသွားပြီး ၂၀၂၂ မှာတော့ ကျောင်းတက်နှုန်းပြန်လည်မြင့်တက်ခဲ့ကာ ၂၀၂၁ ကထက် နှစ်ဆကျော် များပြားလာတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
လက်ရှိ စစ်ကောင်စီလက်ထက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်နှစ်ခု၊ စိုက်ပျိုးရေးသိပ္ပံကျောင်း ၁၃ ခု၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနအောက်က တက္ကသိုလ်နဲ့ ကောလိပ်ပေါင်း ၄၇ ခု၊ ဆရာ အတတ်ပညာဦးစီးဌာနအောက်က ပညာရေးဒီဂရီကောလိပ် ၂၅ ခု၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် ၆၀ ခု၊ နည် ပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ် ၄ ခု နဲ့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၂၂ ခု ကိုဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။
ပုံစာ – မနှစ်က ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းမြင်ကွင်း
ဓာတ်ပုံ – Myawady

