ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို လာမယ့်အထွေထွေ ရွေးကောက်ပွဲမှာ ဒေါ်ထုမေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သူဟာ ယခင်က ရခိုင်အမျိုးသားပါတီရဲ့ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲနိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့သူဟာ ဒီတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မှာပါ။ နီးကပ်လာတဲ့ ရွေးကောက်ပွဲ နဲ့ COVID အကြပ်အတည်းဆိုက်နေတဲ့ ရန်ကုန်မှာ သူအနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဘာတွေ စိန်ခေါ်မှု ရှိနေသလဲ ဆိုတာကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတာတွေထဲက တစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
သဇင်လတ်ဆက်သွယ်မေးမြန်းသည်။
မော်ကွန်း။ ။ ရန်ကုန်ကို Stay at home သတ်မှတ်ထားတယ်။ မြို့နယ်တွေကျော်ပြီး သွားလာခွင့်မရှိဘူးဆိုတော့ လက်ရှိ မဲဆွယ်စည်းရုံးရေးက ဘယ်လိုတွေလုပ်နေပါသလဲ။
ဒေါ်ထုမေ။ ။ Facebook page ကနေပြီးတော့ ရန်ကုန်မှာနေတဲ့ ပြည်သူတွေကို မဲပေးရမယ့် အကြောင်းအရာတွေ၊ ကိုယ့်ကို ဘာကြောင့်မဲပေးရမယ်ဆိုတဲ့ အကြောင်းအရာတွေကို မဲဆွယ်စည်းရုံးရေး လုပ်ပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ကိုယ်လွှင့်တဲ့ Live ကို ကြည့်နေကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေ၊ အောက်မှာ Comment ပေးကြတဲ့ပြည်သူတွေ၊ Share ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဖုန်းနံပါတ်တွေကို စုဆောင်းတာမျိုးလုပ်ပါတယ်။ ပြီးရင် ကိုယ်တိုင်ဖုန်းဆက်ပြီးတော့ မဲထည့်ဖို့အတွက် စည်းရုံးရေးတွေလုပ်ရင်း ကြိုးစားပြင်ဆင်နေပါတယ်။
မော်ကွန်း။ ။ တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက်ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက်အတွက် COVID-19 ရောဂါကန့်သတ်ချက်တွေက ဘယ်လိုအခက်အခဲတွေရှိနေပါသလဲ။
ဒေါ်ထုမေ။ ။ စက်တင်ဘာ ၈ ရက်ကနေစပြီး မဲဆွယ်ကတည်းက ရန်ကုန်တိုင်းမှာ မြို့နယ်တချို့ဟာ Stay at home ဖြစ်နေကြတယ်။ အဲဒီနေရာတွေမှာလည်း ကိုယ့်ရဲ့မဲဆန္ဒရှင်ပြည်သူတွေ ရှိတယ်။ နောက်တစ်ချက်ကတော့ UEC ( ရွေးကောက် ပွဲကော်မရှင်) ရဲ့ အားနည်းချက် ဖြစ်ပါတယ်။ UEC က အခုထိ မဲစာရင်းတွေ ထုတ်ပြန်နေတယ်။ ဒါပေမဲ့ ရခိုင်တိုင်းရင်းသား မဲဆန္ဒရှင်ပြည်သူတွေ ဘယ်မြို့နယ်မှာ ဘယ်လောက်ရှိသလဲ၊ ဘယ်မဲရုံမှာ ဘယ်လောက် ရှိသလဲဆိုတဲ့ အရာကို အခုထက်ထိမရသေးဘူး။ ရခိုင်မဲစာရင်းကို သပ်သပ်ထုတ်ပြန်ရဖို့အတွက် နောက်ထပ်နှစ်ရက်လောက် ကြာမယ်လို့ ပြောတယ်။ ဒီလိုမျိုး သတင်းအချက်အလက်ကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်မရရှိဘဲနဲ့ ဒီ အချက်အလက်တွေကို analysis(စိစစ်ပြီး) အလုပ်လုပ်လို့ မရဘူး။ ကိုယ့်ရဲ့ Voter (မဲဆန္ဒရှင်) တွေ ဘယ်နေရာမှာ ရှိနေမှန်းမသိဘဲနဲ့ စမ်းတဝါးဝါးနဲ့ မဲဆွယ်ရတာဟာ အင်မတန်မှစိန်ခေါ်မှုဖြစ်တယ်။ အလုပ်လုပ်ရတာ မရေမရာတဲ့ အခြေအနေမှာဖြစ်တဲ့အတွက် အားရကျေနပ်မှုက မရှိသလောက် ဖြစ်တယ်။
ကိုယ်စားလှယ်ကနေပြီးတော့ ဘယ်လောက်ပဲကြိုးစားကြိုးစား မှန်ကန်တဲ့သတင်းအချက်အလက်နဲ့ မှန်ကန်တဲ့မဲ ဆန္ဒရှင်ပြည်သူတွေဆီကို ကိုယ်ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ့်မူဝါဒတွေပါတဲ့ လက်ကမ်းစာစောင်တွေ၊ ဒီလိုမျိုး အရာတွေ မရောက်ရှိတဲ့အတွက်ကြောင့်မို့ ဒီ၂၀၂၀ ရွေးကောက်ပွဲဟာ အကျိုးသက်ရောက်မှု အင်မတန်အားနည်းပြီးတော့ အထူးသဖြင့် တစ်သီးပုဂ္ဂလယှဉ်ပြိုင်ရတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အင်မတန် စိန်ခေါ်မှုများတယ်။ အရမ်း ကန့်သတ်မှုတွေ များတယ်။
ကျွန်မကတော့ လွှတ်တော်ကိုယ်စားလှယ်များလိုက်နာရမယ့် ကျင့်ဝတ် (Quote of conduct) ကို လိုက်နာတယ်။ တချို့ကျတော့ (အပြင်ကို)သွားနေကြတာတွေ ရှိတယ်။ အခြားလွှတ်တော်ကိုယ်စားလှယ်တွေ သွားကြတာပဲ။ ဘာကြောင့် မထုမေ မသွားတာလဲ၊ အဲဒီလိုပြောတဲ့အခါ ကျွန်မကတော့ ပြည်သူရဲ့ကျန်းမာရေးကို အလေးပေးတဲ့အနေနဲ့ အတတ်နိုင်ဆုံး ဖုန်းနဲ့ ဆက်သွယ်ပြီးတော့ လုပ်တယ်။ လူကိုယ်တိုင်သွားလို့ မြို့ကျော်သွားတဲ့ကိစ္စတွေက ဥပဒေနဲ့ ငြိတယ် ။ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ကတော့ အတတ်နိုင်ဆုံး လူမှုကွန်ယက်က ဆောင်ရွက်တာတွေ၊ ဖုန်းကဆောင်ရွက်တာတွေ လုပ်နေတာ။ အခက်အခဲကတော့ ပြည်သူတွေကို ကိုယ်ကိုယ်တိုင်တွေ့၊ ကိုယ်တိုင်ပြောပြီး မဲဆွယ်စည်းရုံးရေး လုပ်လို့မရတဲ့ အခြေ အနေဟာ ၂၀၂၀ ရွေးကောက်ပွဲရဲ့ အားနည်းချက်ဖြစ်ပြီးတော့ ဘယ်လောက်ထိ တရားမျှမှုရှိမလဲ၊ ဘယ်လောက်ထိ လွတ်လပ်မှုရှိမလဲဆိုတာ မေးခွန်းထုတ်စရာပါ။ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကိုတော့ မမြင်ဘူးရှင့်။
မော်ကွန်း။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီကနေဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲမှာကျတော့ တစ်သီးပုဂ္ဂလအနေနဲ့ ပြိုင်တာဆိုတော့ စိန်ခေါ်မှုတွေက ဘာတွေရှိသလဲ။
ဒေါ်ထုမေ။ ။ ၂၀၁၅ ထက် အများကြီးကွာခြားတယ်။ ပါတီက အခြေခိုင်ပြီးသားဖြစ်တယ်။ ပါတီဝင်တွေရဲ့ အားတွေ ရှိတယ်။ မြို့နယ်တွေမှာ ရုံးတွေစိုက်ထားတဲ့ အတွက်ကြောင့်မို့ အတည်တကျရှိတယ်။ အခုလို မြို့နယ်တွေကျော်မသွား ရဘူးဆိုတဲ့ အခြေအနေမှာ ၈ ရက်က နေစပြီးတော့ မြို့နယ်တွေရုံးတွေကိုသွားပြီးတော့ အဆင်သင့် လုပ်ထားလို့ရတယ်။ ပါတီအားကောင်းလို့ရှိရင် အားကောင်းသလောက် သူတို့ အလုပ်လုပ်လို့ ရတယ်။ သူတို့ကွန်ယက်ကို ချဲ့လို့ ရတယ်။
ကျွန်မအနေနဲ့က တစ်သီးပုဂ္ဂလဖြစ်တဲ့အခါမှာ ပြန်ပြီးတော့တည်ဆောက်ရတယ်။ ကိုယ်တိုင်က ANP ပါတီ (ရခိုင် အမျိုးသားပါတီ) ကို တည်ဆောက်ခဲ့တဲ့လူ ဖြစ်တဲ့အခါကျတော့ ကိုယ်တည်ဆောက်ထားတာတွေကအကုန်လုံး ပါတီမှာ ကျန်ခဲ့ပြီး။ ကျွန်မက ပြည်သူ့အားကိုပြန်တည်ဆောက်ရတယ်။ ကိုယ့်ကိုအားပေးထောက်ခံတဲ့လူတွေကို ပြန်တည်ဆောက် ရတယ်။ အဲဒီလိုမျိုးအခြေအနေမှာ ကွာခြားမှုတွေ အများကြီးရှိတယ်။ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။
တစ်က စရတယ်။ ကိုယ့်ရုံးကို စီစဉ်ရတယ်။ စေတနာဝန်ထမ်းတွေ ရှာရတယ်။ မန်နေဂျာတွေ ရှာရတယ်။ အကုန်လုံး အတွက် ကိုယ်တစ်ယောက်ထဲ ဆောင်ရွက်ရတယ်။ ဒါပေမဲ့ အခြားမိတ်ဆွေတချို့က အကြံညဏ်ပေးတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ကိုယ်တိုင်လိုက်ပြီးတော့ ဆောင်ရွက်ရတဲ့အခါ ကိုယ်ရရှိတဲ့အချိန်နဲ့ မဲဆွယ်စည်းရုံးခွင့်လုပ်ရတဲ့ အခြေအနေဟာ အချိန်အနည်းငယ်အတွင်းမှာ လုပ်ရတယ်။ အဲဒီ အခက်အခဲ ရှိတယ်။
နောက်တစ်ခုက COVID ကြောင့် စေတနာဝန်ထမ်းတွေရှာဖို့ ခက်ခဲတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်တစ်တိုင်း လုံးကို သွားလာမှာဆိုတော့ ကျွန်မအနေနဲ့ရော၊ ကျွန်မ စေတနာ့ဝန်ထမ်းတွေကိုရော ကျန်းမာရေးအရ အခက်အခဲရှိနိုင် မယ့်နေရာတွေ သွားလာခွင့်ကို ကျွန်မ မပေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲထက် ပြည်သူရဲ့ကျန်းမာရေး ကို ပိုအလေးထားတဲ့အခါကျတော့ ဒီလိုမျိုးကိုယ်စားလှယ်တစ်ယောက်ရဲ့ကျင့်ဝတ်လိုက်နာတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ အလုပ်လုပ်ရတာ အရမ်းကြပ်တည်းတယ်။
ဒါကြောင့် ပါတီရှိပြီးသားလူတွေကျလို့ရှိရင် ပါတီကညွှန်ကြားချက်တွေကို ဖုန်းတစ်ခုထဲနဲ့ပဲ အကုန်လုံးရယူနိုင်တယ်။ Viber group တစ်ခုထဲနဲ့၊ messenger တစ်ခုထဲနဲ့ ရယူနိုင်တယ်။ ကျွန်မအနေနဲ့ အခုမှအသစ်ရှာရတဲ့အခါမှာ group က အခုမှ စဖွဲ့ရတယ်။ ဒါတွေစလုပ်ရတဲ့အခါကျတော့ ကိုယ်ကအကုန်လုံးမှာ အစချည်းပဲဖြစ်နေတော့ ပေးထားတဲ့ ဒီအချိန်နဲ့ ကျွန်မလုပ်ရတဲ့အလုပ်က မတန်တဆကို ဖြစ်နေတာပေါ့နော်။ ဒီဟာကတော့ အတော်ကို အခက်အခဲရှိတယ်။
မော်ကွန်း။ ။ စက်တင်ဘာ ၈ရက်မှာ စတင်မဲဆွယ်ခွင့် ရခဲ့တယ်။ ကိုကိုကျွန်းမြို့နယ်မပါဘဲ ရန်ကုန်တိုင်းက မြို့နယ်တွေကို ၂၂ ရက်မှာ Stay at home သတ်မှတ်ခဲ့တာဆိုတော့ ဒီကြားထဲမှာ မဲဆွယ်ခွင့်က နှစ်ပတ်လောက် အချိန်ရခဲ့သေး တယ်ဆိုတော့ အဲဒီရက်တွေမှာ ဘယ်လောက်ထိလုပ်နိုင်ခဲ့လဲ။
ဒေါ်ထုမေ။ ။ ၈ရက်မှာ စပြီးမဲဆွယ်နိုင်တယ်ဆိုပေမယ့် ၈ရက်မှာမှ စပြီးတော့ အစီအစဉ်တွေကို လုပ်ရတာ။ နောက်လည်း နောက်ကျတယ်ပေါ့။ အစီအစဉ်ချတဲ့အခါမှာလည်း လူ ၅၀ ထက် မကျော်ရဘူး။ ဒီလိုအခြေအနေတွေ ရှိတယ်။ ကိုယ်က အခုမှလည်း စပြီးလုပ်ရတယ်။ အကုန်လုံးအစစအရာရာပေါ့။ ပြီးတော့ ကိုယ့်လူတွေက ဘယ်ရပ်ကွက်မှာရှိလဲဆိုတာ မသိဘူး။ အဓိကကတော့ ကော်မရှင်ရဲ့ မဲစာရင်းကိုမရတဲ့ ပြဿနာ။ တကယ်လို့သာ မဲစာရင်း ကြိုရထားမယ်ဆိုလို့ရှိရင် ဘယ်နေရာမှာ ရခိုင်ဘယ်လောက်ရှိတယ်။ ဘယ်ရပ်ကွက်မှာ ပိုများတယ်။ ဘယ်ရပ်ကွက်မှာ ဘာလုပ်ရမယ်ဆိုတာ ကိုယ်ကနေပြီးတော့ အစီအစဉ်တွေ ချနိုင်တယ်။ အစီအစဉ်ချဖို့အတွက် သူတို့ဆီက (ရွေးကောက်ပွဲကော်မရှင်) အချက် အလက်ကို စောင့်ရင်း၊ စောင့်ရင်းက ဘာမှ သေချာမစီစဉ်နိုင်ဘူး။
လူတစ်ယောက်က စီးပွားရေးပဲလုပ်လုပ်၊ ရွေးကောက်ပွဲပဲလုပ်လုပ်၊ သတင်းအချက်အလက်မရဘဲနဲ့ စမ်းတဝါးဝါး လုပ်နေရတဲ့အလုပ်ဟာ သိပ်ကိုအခက်အခဲ ရှိပါတယ်။ ဒီသတင်းအချက်အလက်ရမှသာ ဘယ်နေရာမှာ၊ ဘယ်သူတွေ ရှိတယ်ဆိုတာ ကိုယ်ကနေ သိလို့ရမှာ။ ဒီအချက်အလက်မရရှိဘဲနဲ့ စောင့်ရင်းကမှ တည်ဆောက်ရတဲ့ အခြေအနေကျတော့ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေးလုပ်ဖို့ရာ ခက်တယ်။
ကျွန်မအနေနဲ့ ရွေးကောက်ပွဲမဲဆွယ်တဲ့ ပထမရက်တွေမှာဆိုရင် မြို့နယ်အောင်နိုင်ရေးတွေဖွဲ့ရတယ်။ ကိုယ့်အတွက် လုပ်ပေးမယ့်စေတနာ့ဝန်ထမ်းတွေနဲ့ ဒီအောင်နိုင်ရေးဖွဲ့တဲ့အခြေအနေထိပဲ လုပ်နိုင်ခဲ့တယ်။ ပြီးလို့ရှိရင် အဲဒီအောင်နိုင်ရေး အဖွဲ့တွေကတစ်ဆင့် လက်ကမ်းစာစောင်တွေဝေတာတို့၊ ဗီနိုင်းတွေဝေတာတို့၊ ကိုယ်ကိုယ်တိုင်က မြေပြင်မှာ နေပြီးတော့ လုပ်နိုင်တဲ့ အခြေအနေတွေက အရမ်းနည်းသွားတယ်။ ကိုယ့်ရဲ့ မဲဆွယ်စည်းရုံးရေးမှူးတွေနဲ့တော့ တွေ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုတွေ့ချင်တဲ့ ပြည်သူတွေနဲ့ကျတော့ မတွေ့ခဲ့ရဘူး။
၈ရက်နေ့ သန်လျင်မှာလုပ်တဲ့ တစ်ရက်ပဲ တွေ့ခဲ့ရတယ်။ တကယ့် Voter (မဲဆန္ဒရှင်) တွေနဲ့ မတွေ့ခဲ့ရသေးဘူး။ အဲဒီ လုပ်ခဲ့တဲ့ တစ်ကြိမ်မှာတော့ သေချာရှင်းပြခွင့် ရခဲ့တယ်။ လူကတော့ ၅၀ တော့ မပြည့်ခဲ့ဘူး။ ကျွန်မကလည်း ဒီ ၅၀ ထက်ပိုတဲ့ အခြေအနေကို မလုပ်ဖို့ပြောထားတယ်ဆိုတော့ ၅၀ မပြည့်တဲ့ အခြေအနေနဲ့ ပွဲတစ်ပွဲစီစဉ်ခဲ့ရတယ်ပေါ့။ နောက်ထပ်ရက်တွေမှာလည်း အောင်နိုင်ရေးလုပ်မယ့် အစီအစဉ်တွေကို မချနိုင်ခဲ့ဘူး။ မချနိုင်တဲ့အခါကျတော့ ဘယ်နေရာမှာ ဟောပြောပွဲလုပ်မယ်။ ဘယ်နေရာမှာ ဘာလုပ်မယ်ဆိုတဲ့ဟာမျိုးတွေကို အနည်းဆုံး လူ ၅၀ နဲ့တောင် မလုပ်နိုင်ခဲ့ဘူး။
မော်ကွန်း။ ။ ရွေးကောက်ပွဲကလည်း ကျင်းပမယ့်ရက်နီးလာပြီ။ ဒီလိုမဲဆွယ်စည်းရုံးခွင့်မရတာတွေဖြစ်နေတော့ ရွေးကောက်ပွဲမှာ အောင်နိုင်ရေးအတွက်ရော ဘယ်လိုမျှော်လင့်ထားသလဲ။
ဒေါ်ထုမေ။ ။ ကျွန်မတစ်ဦးချင်းအမြင်ဆိုရင် ကျွန်မရွေးကောက်ပွဲတောင်ဖြစ်ပါ့မလာလို့ စိုးရိမ်မိတယ်။ ဘာကြောင့်လဲ ဆိုတော့ ရန်ကုန်မှာဒီလောက်ကြီး COVID-19 နဲ့ ပတ်သက်ပြီးတော့ လူနာတွေတိုးနေတဲ့အခြေအနေက စိုးရိမ်စရာ အခြေအနေရှိတယ်။
ဒီလိုမျိုးအခြေအနေမျိုးမှာ ကော်မရှင်က ကျန်းမာရေးအရဘယ်လောက်ပဲ Social distancing (ခပ်ခွာခွာနေထိုင်ခြင်း) နဲ့ လုပ်နေတယ်လို့ပြောပေမယ့် သာမန်ကျန်းမာရေး၊ စီးပွားရေးအခြေအနေမှာတောင်မှ အပြင်မထွက်နိုင်တာ။ တကယ်တမ်း အန္တရာယ်ကို ရင်ဆိုင်ပြီးတော့ မဲပေးဖို့လာကြမလားဆိုတဲ့အရာက စဉ်းစားစရာပေါ့။ ကျွန်မအမြင်ကတော့ ရန်ကုန်ကို ထိန်းချုပ်နိုင်တဲ့ အခြေအနေတစ်ရပ်အထိ ရွေးကောက်ပွဲကို ရွှေ့သင့်တယ်လို့ ထင်တယ်။
ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့တော့ နောက်ဆုတ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလောက် အန္တရာယ်များတဲ့အခြေအနေမှာ အစိုးရကနေပြီး ဒီလကုန်အထိ အိမ်ထဲမှာပဲနေကြလို့ပြောထားတဲ့ အခြေအနေမှာ၊ ရွေးကောက်ပွဲကျင်းပမယ့် ရက်သတ္တပတ်ရောက်မှ ထွက်ပြီးတော့မဲပေးကြပါလို့ အစိုးရက ဘယ်လိုများပန်ကြားမလဲ၊ ဘယ်လိုသတ္တိနဲ့ ကျွန်မတို့က မဲပေးကြပါလို့ပြောရမလဲ။ ဒီလိုပြောရမယ့်ဟာကတော့ အရမ်းကို ပြည်သူကို အားနာတယ်ရှင့်။
စပြိုင်ကတည်းက ဒီနေရာကို နိုင်မယ်ဆိုပြီးတော့ ပြိုင်တာပဲ။ ဒါကြောင့်မို့လို့ ယုံကြည်ချက်အပြည့်တော့ ထားရှိတယ်။ တစ်ခုပဲ၊ COVID ကြောင့် မဲပေးဖို့ ပြည်သူတွေ ဘယ်လိုလာကြမလဲ၊ ဘယ်လိုအခြေအနေရှိကြမလဲဆိုတဲ့ အရာကိုသာ စိုးရိမ်စရာရှင့်။
#Interview

