ပေါက်တော – ၂၀၂၅ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း )
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA)ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တွေမြို့နယ်နဲ့ကပ်လျှက်က AA ထိန်းချုပ်ထားရာ ပေါက်တောမြို့နဲ့ ရသေ့တောင်မြို့နယ်တွေဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အဲဒီကဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်တွေမြို့တောင်ဘက်မှာရှိတဲ့ ပေါက်တောမြို့နယ်ထဲက ကြိမ်ခွေမော်၊ အဝကန်၊ ငွေတွင်းတွယ်ရွာတွေနဲ့ အဲဒီမြို့မြောက်ဘက်မှာရှိတဲ့ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းက မီးကျည်းချောင်း၊ ဇီးကိုင်းအထက်ရွာနဲ့ ဇီးကိုင်းအောက်ရွာတို့က ဒေသခံတွေစစ်ဘေးရှောင်ကြရတာဖြစ်ပါတယ်။
စစ်တွေပင်လယ်ပြင်မှာရှိတဲ့ စစ်ကောင်စီရေတပ်နဲ့ စစ်တွေမြို့တွင်းက အမြှောက်တပ်တွေကပစ်တဲ့ လက်နက်ကြီးကျည်တွေဟာ အဲဒီ့ကျေးရွာတွေအနီးမှာ ကျရောက်ပေါက်ကွဲတာကြောင့် စိုးရိမ်ပြီး တိမ်းရှောင်လာကြတာ ဖြစ်တယ်လို့ စစ်ဘေးရှောင်တချို့ကပြောပါတယ်။
” လက်နက်ကြီးတွေက ရွာထဲမှာမကျပေမယ့် ရွာပြင်မှာလာကျတော့ စိတ်အေးအေးနဲ့ မနေရဘူး။ ရေတပ်ကလည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေလို့ ငါးဖမ်းဖို့လည်းထွက်လိုမရဘူး။ ကျွန်တော်တို့က ငါးဖမ်းတဲ့အလုပ်ကို ဝမ်းရေးအဖြစ် လုပ်ကိုင်စားသောက်နေရတာ။ ကြာလာတော့ စားဝတ်နေရေးတွေ ကျပ်တည်းလာတာနဲ့ ဒီမှာပဲ ဖြစ်သလိုရှာစားတော့မယ်ဆိုပြီး ထွက်လာကြတာပါ” လို့ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ရွာက စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းလောက်ကလည်း စစ်တွေဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရသေ့တောင်မြို့နယ် ဇီးကိုင်း(အောက်ရွာ)က အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါသေးတယ်။
လက်ရှိမှာ စစ်တွေမြို့ရဲ့ တိုက်ပွဲအခြေအနေက ပြင်းထန်လာနေပြီး လက်နက်ကြီးပစ်ခတ်မှုတွေ အဆက်မပြတ်ရှိနေတဲ့အတွက် နေအိမ်တွေကို စွန့်ခွာထွက်ပြေးလာတာဖြစ်တယ်လို ရသေ့တောင် ဇီးကိုင်း(အောက်ရွာ)က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
” ဟိုတလောက လက်နက်ကြီးကျပြီး တစ်ယောက်သေသွားကတည်းက ရွာသားတွေကစိုးရိမ်နေကြတာ။ စစ်တွေ မြို့နယ်ထဲမှာ ဖြစ်တုန်းကတောင် တောက်လျှောက်ပစ်နေခဲ့တာ။ အခုတိုက်ပွဲက မြို့ထဲရောက်နေပြီဆိုတော့ ပိုဆိုးတာပေါ့။အခြေအနေတွေ ဆိုးဆိုးဝါးဝါးမဖြစ်ခင် ကြိုရှောင်တာကောင်းတယ်ဆိုပြီး ယာယီရှောင်လာတာပါ။ အနီးအနားရွာတွေကို ရှောင်သူရှောင်၊ ကျွန်မတို့လို အဝေးတစ်နေရာကိုရှောင်သူ ရှောင်ပေါ့” လို့ သူက ပြောပါတယ်။
လက်တလော အဲဒီမြို့နယ်တွေထဲက စစ်ဘေးရှောင်လာသူတွေဟာ ကျောက်တော်နဲ့ မြောက်ဦးမြိုနယ်ထဲက ဆွေမျိုး၊ မိတ်ဆွေ ရှိတဲ့နေရာတွေမှာ ယာယီခိုလှုံနေကြတယ်လို့ စစ်ရှောင်တချို့က ပြောပါတယ်။
ရခိုင်ပြည်နယ်မြို့တော်ကို ထိုးစစ်ဦးလှည့်လာတဲ့ AA က လက်နက်ကြီးတွေနဲ့ မြို့ထဲကို လှမ်းပစ်ခတ်နေသလို စစ်ကောင်စီကလည်း AA ရှိနိုင်တဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်သာ စစ်ကောင်စီအခြေစိုက်နိုင်တော့ပြီး ကျန်မြို့နယ်အားလုံးကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။
ပုံစာ- ယခုအခါ AA သိမ်းပိုက်ထားပြီးဖြစ်တဲ့ ရသေ့တောင်မြို့ကို တွေ့ရစဉ်။
ဓါတ်ပုံ- မော်ကွန်း

