ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂ (မော်ကွန်း)
ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်တဲ့ ဂွမြို့ပေါ်နဲ့ ဒေသတစ်ဝိုက်ကို AA တပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး ဒေသခံတွေနေရပ်ပြန်ဖို့ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဂွဒေသခံတချို့က ပြောပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ၂၀၂၃ နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ထိုးစစ်အတွင်း ရခိုင်ပြည်နယ်က မြို့အမြောက်အမြားကို စစ်ကောင်စီလက်ထဲကနေ သိမ်းယူခဲ့တာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့လကုန်ပိုင်းမှာ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့နဲ့ ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ကို AA တပ်တွေ ရှေ့ဆင့်နောက်ဆင့် ထပ်မံသိမ်းယူနိုင်ခဲ့တာပါ။
ဂွမြို့ကို သိမ်းပိုက်ပြီးနောက်မှာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ရဲ့ အစပ်လမ်းကြောင်းတွေဖြစ်တဲ့ ငသိုင်းချောင်း-ဂွ လမ်းပိုင်း၊ ဂွ- မကျီးဇင်-သာပေါင်း လမ်းပိုင်းတွေမှာ AA တပ်တွေ ဖြန့်ကျက်ထားတယ်လို့ ဒေသတွင်းအခြေအနေကိုသိတဲ့ ဂွဒေသခံတစ်ဦးက ပြေပါတယ်။
“မကျီးဇင်မရောက်မီမှာ ရွှေချိုင်မှာ လေယာဉ်ပစ်တွေဆင်တယ်။ ဒီဘက် ငသိုင်းချောင်းလမ်းပိုင်း ရိုးမအပေါ်မှာလည်း လေယာဉ်ပစ်တွေထိုင်ထားတယ်။ သူတို့တပ်တွေလည်း ဧရာဝတီတိုင်းထဲ ဝင်တိုးနေပြီလို့ ပြောလို့ရတယ်” လို့ ၎င်း ဒေသခံက ပြောပါတယ်။
ဂွမြို့နယ်ထဲမှာ လက်ရှိနေထိုင်နေသေးတဲ့ ဒေသခံတချို့ကတော့ AA ထိန်းချုပ်မှုအောက်မှာ နေအိမ်တွေကို ပြန်နေထိုင်တာရှိပြီး ဧရာဝတီတိုင်းဘက်ကို စစ်ဘေးရှောင်လာသူတွေကတော့ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စောင့်ကြည့်နေဆဲ အခြေအနေဖြစ်တယ်လို့ ဂွဒေသခံတချို့က ပြောပါတယ်။
“အခုက ဘယ်သူမှတော့ အဲဒီလမ်းတွေ မတက်ရဲသေးဘူး။ အခြေအနေ စောင့်ကြည့်နေတာပေါ့။ AA ကလည်း မြို့ပေါ်မှာ ရှင်းလင်းရေးလုပ်နေတာရှိတယ်။ ဘယ်မှမပြေးခဲ့ဘဲ ကျန်ခဲ့တဲ့လူတွေကတော့ ကိုယ့်အိမ်ပြန်တာရှိတယ်။ အဲဒီလူတွေကိုတော့ AA က စိစစ်ပြီး လက်ခံပေးနေတယ်။ ကျွန်တော်တို့တော့ ကိုယ့်အိမ်ကိုတော့ ပြန်ချင်ကြတာပေါ့။ အခုတော့ ပြန်လို့တော့ မရသေးဘူး”လို့ ဧရာဝတီတိုင်း လေးမျက်နှာဘက်ကို စစ်ဘေးရှောင်လာသူတစ်ဦးက ပြောပါတယ်။
ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တပ်မမှူးနဲ့ တပ်ရင်းမှူးတွေအပါအဝင် စစ်သား ၇၀၀ ထပ်မနည်းသေဆုံးကာ သံချပ်ကာကားတွေ၊ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရရှိခဲ့တယ်လို့ AA က ပြီးခဲ့တဲ့လကုန်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဂွမြို့နယ်က အခြေစိုက်တပ်ရင်းနှစ်ခုကို AA တပ်တွေက ပြီးခဲ့တဲ့လလယ်ပိုင်းမှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး လကုန်ပိုင်းမှာပဲ တပ်ရင်းနှစ်ခုလုံးကို သိမ်းလိုက်နိုင်တာပါ။
စစ်ကောင်စီဟာ ဂွတိုက်ပွဲမှာ လေယာဉ်ပစ်ကူ၊ စစ်သင်္ဘောပစ်ကူတွေအပြင် သံချပ်ကာယာဉ်တွေ စစ်ကူအမြောက်အမြားတို့နဲ့ အသည်းအသည် ခုခံခဲ့ပေမယ့် နှစ်ပတ်အတွင်းမှာပဲ AA လက်ထဲကို ကျရောက်သွားတာပါ။
လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီဟာ AA က ထိုးစစ်မဆင်သေးတဲ့ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့ကိုပဲ ထိန်းထားနိုင်ပြီး ကျန်တဲ့ ပြည်နယ်တစ်ခုလုံးနီးပါးကို AA တပ်တွေ ထိန်းချုပ်ထားတာပါ။
ဂွမြို့ကို သိမ်းပိုက်ပြီးနောက် AA အနေနဲ့ လက်ရှိ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ အသင့်ရှိကြောင်း ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ထားပါတယ်။
ပုံစာ – ဂွမြို့ကို သိမ်းပိုက်ထားတဲ့ AA တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – AA Info Desk

