ရန်ကုန်-၂၀၂၄ ဇန်နဝါရီ ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့အနီး ကနန်ရွာကို စစ်ကောင်စီလေတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံ ၂၀ နီးပါးသေဆုံးခဲ့တာကြောင့် အဲဒီတိုက်ခိုက်မှုကျူးလွန်ရာမှာ ပါဝင်တဲ့သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အရေးယူသွားမယ်လို့ ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
ကနန်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အသက် ငါးနှစ်ကနေ ၁၇ နှစ်အတွင်း ကလေးငယ် ကိုးဦးအပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၉ ဦးအထိရှိခဲ့တယ်လို့ NUG က ဆိုပါတယ်။
အဲဒီကျူးလွန်မှုတွေမှာ ပါဝင်တဲ့ အမိန့်ပေးစေခိုင်းသူ၊ လက်ရောက်ကျူးလွန်သူ၊ အားပေးအားမြှောက်ပြုသူနဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို NUG က ပြည်တွင်းတရားစီရင်ရေးစနစ်နဲ့ ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ချနိုင်ရေး လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
NUG ရဲ့ ဒီနေ့ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာတော့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကနန်ရွာဖြစ်စဉ်နဲ့ပက်သက်ပြီး အခုလိုပြောပါတယ်။
“ဒါမျိုးဖြစ်စဉ်တွေအတွက် ကျွန်တော်တို့ အင်မတန်သတိထားကြဖို့လိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီကတော့ နေရာရွေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ တာဝန်ရှိသူတွေအဆင့်ဆင့် အနေနဲ့ ပြည်သူတွေကို လက်ရှိလုံခြုံရေး၊ စစ်ရေးအခြေအနေတွေကို သေသေချာချာ နားလည်အောင်ရှင်းပြပြီး အမြဲသတိရှိနေဖို့ ညွှန်ကြားစေချင်ပါတယ်”
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရေး၊ စစ်ရေးနဲ့ သံတမန်ရေးတွေမှာ ပိုမိုရှုံးနိမ့်လာတာကြောင့် အရပ်သားတွေအပေါ် ဖျက်အားပြင်းဗုံးတွေသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတဲ့ သက်သေအထောက်အထားတွေကိုလည်း ရရှိထားတယ်လို့ NUG က ဆိုပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ ကနန်ရွာဖြစ်စဉ်ဟာ စစ်ကောင်စီလေတပ်က တိုက်ခိုက်ခဲ့တာမရှိဘဲ PDF တွေတိုက်ခိုက်လို့ ဒေသခံတွေ သေဆုံးတာလို့ ဆိုသလို လက်ရှိအချိန်အထိလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ပက်သက်ပြီး သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
စစ်ကောင်စီလေတပ်ဟာ အခုလ ၄ ရက်ကလည်း တန့်ဆည်မြို့နယ် စိန်နန်းရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးလေးဦး စုစုပေါင်းငါးဦးသေဆုံးခဲ့ပြီး ဒေသခံနေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။
စစ်တပ်ဟာ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်အထိ နိုင်ငံတစ်ဝှန်းမှာ လေကြောင်းတိုက်ခိုက်မှု ၅၈၃ ကြိမ်လုပ်ဆောင်ခဲ့သလို အဲဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သား ကိုးရာနီးပါးသေဆုံးကာ အဆောက်အဦအများအပြားပျက်စီးခဲ့တယ်လို့ NUG ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ပုံစာ-စစ်ကောင်စီလေကြောင်းကတိုက်ခိုက်လို့ သေဆုံးသွားတဲ့ ကနန်ရွာဒေသခံတွေနဲ့ ပျက်စီးသွားတဲ့ အဆောက်အဦတချို့။
ဓာတ်ပုံ-CNO

