ခင်ဦး – ၂၀၂၁ အောက်တိုဘာ ၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ပျဥ်ထောင်ရွာမှာ ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်လို့ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူလေးဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသခံတွေက မော်ကွန်းကို ပြောပါတယ်။
ရွာသူရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အဖမ်းခံရသူ ၅၀ လောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တခြားရွာတွေဘက်ပြေးတဲ့သူတွေကို ဘုန်းကြီးကျောင်းမှာ ကူညီထားကြတယ်။ PDF တွေရှိတယ်ဆိုပြီး လာတာလို့လည်းကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နံနက် ၁၀ နာရီလောက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ရွာထဲကနေအိမ်တစ်အိမ်ကို မီးစတင်ရှို့ခဲ့ကာ တခြားအိမ်တွေပါ ကူးစက်လောင်ကျွမ်းနိုင်ပေမယ့် မိုးရွာလာခဲ့တာကြောင့် မီးငြိမ်းသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်တွေဟာ ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေပြီး ရေဦးနဲ့ခင်ဦးသွားတဲ့လမ်းပေါ်မှာ နေ့စဥ်တင်းတင်းကြပ်ကြပ် ရှာဖွေ စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရသည့် ပျဥ်ထောင်ရွာအား အဝေးမှမြင်ရစဥ်။
ဓါတ်ပုံ-နယ်ခံ
#Dailynews

