ကြားကာလအုပ်ချုပ်ရေးယန္တရား ကရင်နီပြည်မှာစတင်ဖွဲ့စည်း၊ အခြားဒေသတွေမှာလည်းပေါ်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့ သုံးသပ်

ကြားကာလအုပ်ချုပ်ရေးယန္တရား ကရင်နီပြည်မှာစတင်ဖွဲ့စည်း၊ အခြားဒေသတွေမှာလည်းပေါ်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့ သုံးသပ်

လွိုင်ကော် – ၂၀၂၃ ဇွန် ၁၃ (မော်ကွန်း)

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းလိုက်ပြီးနောက် ကျန်တဲ့ပြည်နယ်တွေမှာလည်း အလားတူအုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ပေါ်ထွက်လာမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ – Interim Executive Council of Karenni State (IEC) ကို ပြည်နယ်အတွင်းမှာ စစ်ကောင်စီကို တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ခြောက်ဦးနဲ့ ဇွန် ၆ ရက်က စတင်ဖွဲ့စည်းလိုက်ပြီး စုပေါင်းခေါင်းဆောင်မှုနဲ့ ပြည်နယ်အတွင်း အုပ်ချုပ်ရေး ဖော်ဆောင်သွားမယ်လို့ IEC က အများပြည်သူကို ဇွန် ၁၂ ရက်က ထုတ်ပြန်အသိပေးပါတယ်။

ဦးသန်းစိုးနိုင်ကတော့ အခုလိုထွက်ပေါ်လာတဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ နောင်ပေါ်ပေါက်လာမယ့် ပြည်နယ်အစိုးရတွေရဲ့ရှေ့ပြေးအခြေခံဖြစ်ပြီး တစ်နိုင်ငံလုံး ဖက်ဒရယ်ဒီမိုကရေစီအစိုးရဖွဲ့စည်းတဲ့အခါ အခြေခံအင်အားတွေဖြစ်လာမယ်လို့ သုံးသပ်ပါတယ်။

“ တစ်ပြည်လုံးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမပေါ်သေးခင် ပြည်နယ်အလိုက် အဲဒီလို အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကတော့ ပြည်နယ်အဆင့်အတန်းနဲ့အညီ ထပ်မံပြီးပေါ်ပေါက်အုံးမှာပါ။ CNF က ချင်းတောင်၊ KIA ကလည်း ကချင်ပြည်နယ်၊ KNU ကလည်းသူ့ဒေသမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ပေါ်ပေါက်လာပါလိမ့်မယ်။ အဲဒီဟာတွေဟာ နောင်ပေါ်ပေါက်လာမယ့် ပြည်နယ်အစိုးရတွေရဲ့ အမြုတေဖြစ်လာပါလိမ့်မယ်” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

IEC ဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ခေါင်းဆောင် ခူးဦးရယ်က တာဝန်ယူထားပြီး ကောင်စီရဲ့ဒုတိယဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ခေါင်းဆောင် ခွန်းဘီထူးကတာဝန်ယူထားပါတယ်။

လက်ရှိမှာ ကရင်နီပြည် မြို့တော်လွိုင်ကော်မြို့ပေါ်ကလွဲပြီး ကျန်တဲ့မြို့နယ်တွေကို ကရင်နီ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်ပြီး ဒေသတွင်းအုပ်ချုပ်ရေးဖော်ဆောင်နိုင်တဲ့ အခြေအနေရှိတယ်လို့ KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ အခုဆိုရင် တပ်က လွိုင်ကော်မှာတောင် အပြင်မထွက်ရဲဘူး။ စစ်ဆင်ရေးရှိမှပဲ အပြင်ထွက်နိုင်တော့တာ။ ပြည်နယ်တစ်ခုလုံးက နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေပဲစိုးမိုးထားတာပေါ့။ လက်ရှိက အုပ်ချုပ်ရေးအဖွဲ့လိုအပ်လို့ဖွဲ့လိုက်တာ။ လုပ်နိုင် တဲ့အခြေအနေရှိလို့ ဖွဲ့စည်းလိုက်တာလို့ ယူဆပါတယ်” လို့ အထက်ပါ KNDF တပ်ဖွဲ့ဝင်ကပြောပါတယ်။

IEC ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လက်အောက်ကဖွဲ့စည်းထားတာမဟုတ်ဘဲ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့လမ်းညွှန်မှုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး NUG နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ခွန်းဘီထူးက မနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ ကျွန်တော်တို့ရဲ့ လက်ရှိဖွဲ့စည်းမှုတွေအားလုံးကပေါ့၊ ပဋိညာဉ်နဲ့ တစ်စုံတစ်ရာသွေဖယ်မှုမရှိပါဘူး။ NUCC ရဲ့ လမ်းကြောင်းနဲ့လည်း သွေဖယ်မှု မရှိသလို NUG နဲ့ ဒီထက်ပိုတွေ့ဆုံပြီးမှ ချိတ်ဆက်မှုတွေရှိလာလိမ့်မယ်။ ကျွန်တော်တို့ အခုပဋိညာဉ်ကခွဲထက်ပြီးတော့သွားတဲ့အခြေအနေမျိုးမရှိဘူး ပြောလို့ရတယ်၊ ကျော်လွန်လာရင်လည်း ထိန်းကျောင်းပေးဖို့ KSCC ရှိတယ်။ အားလုံး ညှိနှိုင်းဆောင်ရွက်သွားမယ်” လို့ သူကပြောပါတယ်။

IEC ဟာ ပြည်နယ်အတွင်းက အင်အားစုအသီးသီးနဲ့ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကာ လူထုဝန်ဆောင်မှုလုပ်ငန်းတွေ၊ တရားဥပဒေစိုးမိုးမှုလုပ်ငန်းတွေကို ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ကောင်စီအတွင်းပါဝင်ဖို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေ၊ တတ်သိပညာရှင်တွေကို ဖိတ်ခေါ်ထားပြီး ပြည်နယ်အုပ်ချုပ်ရေးအတွက် ပြည်နယ်ရေးရာဌာန ၁၂ ရပ်ထိထားရှိကာ အများပြည်သူကို ဝန်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကလည်း အာဏာသိမ်း စစ်ကောင်စီကို တိုင်းလုံးကျွတ်နီးပါး အုံကြွတော်လှန်နေတဲ့ စစ်ကိုင်းတိုင်းထဲကအင်အားစုတွေဟာ စစ်ကိုင်းဖိုရမ်ဆိုတဲ့ခေါင်းစဉ်နဲ့ တော်လှန်ရေးဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း ကြားကာလအုပ်ချုပ်ရေးဖော်ဆောင်နိုင်ရေး တိုင်ပင်ခဲ့ကြပါတယ်။

ပုံစာ – ဖွဲ့စည်းလိုက်တဲ့ ကရင်နီပြည်ကြားကလ အုပ်ချုပ်ရေးကောင်စီ
ဓာတ်ပုံ – IEC


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."