ကော်သူးလေ – ၂၀၂၄ ဩဂုတ် ၁၁ (မော်ကွန်း)
အာဏာသိမ်းစကနေ လက်ရှိအချိန်ထိ ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေသိမ်းပိုက်မှုတွေ တစတစများလာပြီး အုပ်ချုပ်ရေးယန္တရားတွေ နောက်ကဖော်ဆောင်လာနေပါတယ်။
ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးကတော့ ကရင်နီနယ်စပ်၊ သံလွင်မြစ်တကြော၊ စစ်တောင်းမြစ် အရှေ့နဲ့အနောက်ခြမ်းသာမက မြန်မာပြည်တောင်ပိုင်းက ရေး-ထားဝယ်လမ်း၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတွေထိ ထိန်းထားနိုင်တယ်လို့မော်ကွန်းကိုပြောပါတယ်။
အာဏာသိမ်းစအချိန်မှာ ကေအဲန်ယူတပ်မဟာတွေထဲကတပ်မဟာ ၅ နဲ့ တပ်မဟာ ၆ တို့မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး NUG လက်အောက်ခံစစ်ကြောင်းတွေနဲ့ BPLA အဖွဲ့တွေလည်းပါဝင်ပါတယ်။
ISP Myanmar ရဲ့ တွက်ချက်မှုအရဆိုရင် အာဏာသိမ်းစကနေ၂၀၂၄ ဇွန်လထိ နိုင်ငံတဝန်းက မြို့ပေါင်း ၂၃၃ မြို့ထက်မနည်းမှာ တိုက်ပွဲပေါင်း ၁၄,၀၀၀ ကျော်ထက်မနည်းဖြစ်ပွားခဲ့ပြီး အဲဒီအထဲက ၃၈ ရာခိုင်နှုန်းဟာ ကေအဲန်ယူ တပ်မဟာ ၆၊ ဖာပွန်မြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၂ နှစ်ကုန်လောက်မှာ ပဲခူးတိုင်းအရှေ့ခြမ်းက ကေအဲန်ယူတပ်မဟာ ၃ ညောင်လေးပင်ခရိုင်နဲ့ တပ်မဟာ ၂ တောင်ငူခရိုင်တွေမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာခဲ့ပါတယ်။
“အရင်တုန်းက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကနေပြီးတော့ အခုက စစ်တောင်းမြစ်အနောက်ဘက်ကမ်းအထိ နယ်မြေတွေ အကျယ်ကြီးဖြစ်သွားပြီ၊ အဲဒီဒေသအားလုံးဟာလည်း စစ်ကောင်စီကနေပြီးတော့ အုပ်ချုပ်ရေးလုပ်ငန်း အများကြီးကို စွန့်လွတ်ရတဲ့အနေအထားလည်း ရောက်လာတယ်လေ”လို့ ပဒိုစောတောနီးကပြောပါတယ်။
လက်ရှိမှာ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က ညောင်လေးပင်၊ မဒေါက်၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ဖြူးမြို့တွေရဲ့ အနီးကပ်ဆုံးအထိ ရောက်လာတယ်လို့ ပဒိုစောတောနီးကပြောပါတယ်။
ကေအဲန်ယူ တပ်မဟာ ၆ ဘက်မှာတော့ NUG လက်အောက်ခံ PDF စစ်ကြောင်းတွေ အများဆုံးရှိနေပြီး ၂၀၂၂ နှစ်ကုန်ပိုင်းလောက်ကစပြီး နယ်မြေထဲက အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတွေ ကုန်စင်သလောက်ဖြစ်လာနေပါတယ်။
ကေအဲန်ယူဟာ ရေး-ထားဝယ်လမ်းမပေါ်ထိတက်ပြီး လုံခြုံရေးယူတာမျိုးကို လက်ရှိမှာ လုပ်ဆောင်နေပြီး တပ်မဟာ ၆၊ ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်လက်အောက်ခံ ကျိုက်ဒုံမြို့နဲ့ စုကလိမြို့တွေကိုလည်း အခုနှစ်ဆန်းပိုင်းမှာ သိမ်းပိုက်ရရှိထားပါတယ်။
“အုပ်ချုပ်ရေးလည်း တော်တော်လေးကို ပြန်ပြီးချနိုင်တဲ့ အနေအထားမှာရှိတယ်၊ ဒီထက်ပိုကောင်းအောင်တော့ ကျွန်တော်တို့ လုပ်ဖို့ပဲရှိတယ်၊ အထူးသဖြင့် မြို့ကတော့ ကျွန်တော်တို့ များများစားစားမရှိသေးဘူး၊ ပြောရမယ်ဆိုရင် ဖာပွန်၊ သင်္ကန်းညီနောင်၊ စုကလိ၊ ကျိုက်ဒုံ၊ ဒီမြို့လေးမြို့လောက်ပဲ”လို့ ပဒိုစောတောနီးကပြောပါတယ်။
ကျိုက်ဒုံမြို့မှာတော့ အုပ်ချုပ်ရေးအပိုင်းကို ကေအဲန်ယူနဲ့ပြည်သူတို့အကြား ကိုယ်စားပြုနိုင်သူတွေကို ရွေးချယ်ကာ မြို့အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ခန့်အပ်ထားတာ တွေ့ရပါတယ်။
နှစ် ၃၀ ကျော်လောက်ကြာမှ ကိုယ့်လက်ထဲကို ပြန်ရောက်တာကြောင့် အသားမကျတဲ့ ပြည်သူတွေရဲ့ တောင်းဆို၊ ဝေဖန်မှုတွေကိုဖြေရှင်းဖို့ အချိန်တစ်ခုလိုကြောင်း ကျိုက်ဒုံမြို့ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ကေအဲန်ယူရဲ့ အုပ်ချုပ်ရေးပုံစံကတော့ ဗဟို၊ ခရိုင်၊ မြို့နယ်၊ကျေးရွာအဆင့်အလိုက်ခွဲထားပြီး မဲပေးရွေးချယ်မှုနဲ့ ခန့်အပ်ပါတယ်။
ကေအဲန်ယူရရှိထားတဲ့ နယ်မြေတွေအများစုဟာ အတွင်းပိုင်းဒေသတွေဖြစ်ပြီး ကော်သူးလေဒေသထဲမှာရှိတဲ့ မြို့အများစုကတော့အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်မှုယန္တရားနဲ့ ဆက်လက် လည်ပတ်နေတာကို တွေ့ရပါတယ်။
“လစ်ဟာနေတဲ့နယ်မြေတွေ၊ စကစကနေလက်လွတ်ရတဲ့ နယ်မြေအားလုံးကို ကျွန်တော်တို့အုပ်ချုပ်ရေးနဲ့ ပြန်လည်ချနိုင်ဖို့အတွက်ကတော့ ကျွန်တော်တို့ အားစိုက်နေတယ်”လို့ ပဒိုစောတောနီးကပြောပါတယ်။
ကော်သူးလေဒေသထဲက ပြည်သူတချို့ကို မော်ကွန်းကမေးမြန်းကြည့်တဲ့အခါမှာ မြောက်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေလို ကေအဲန်ယူကိုလည်း မြို့ကြီးတွေကို သိမ်းစေချင်တယ်လို့ ဖြေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁ ရက်တုန်းကတော့ ကုန်သွယ်ရေးလမ်းမတစ်ခုဖြစ်တဲ့ မြဝတီ-ကော့ကရိတ်-ဘားအံ အာရှလမ်းကို ဖြတ်တောက်ပြီး ကော့ကရိတ်မြို့ကို ကေအဲန်ယူဦးဆောင်တဲ့တပ်ဖွဲ့တွေခေတ္တ သိမ်းပိုက်နိုင်ခဲ့သေးပါတယ်။
ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ အင်အားထောင်ဂဏန်းတိုးပြီးလေကြောင်းပစ်ကူနဲ့ ကော့ကရိတ်မြို့ကို ပြန်လည်ရယူခဲ့ပါတယ်။
အဲဒီနောက် ကေအဲန်ယူရဲ့ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းတွေဟာ မြဝတီမြို့ကို ထပ်မံသိမ်းပိုက်ခဲ့ပြီး နယ်ခြားစောင့်တပ်ရဲ့ ကြီးစိုးမှုများနေတဲ့မြို့ဖြစ်တာကြောင့် ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။
လက်ရှိမှာ ကော်ဘရာဟာ မြဝတီမြို့စွန်ကနေ သင်္ကန်းညီနောင်၊ ကော့ကရိတ်မြို့အစပ်ထိ ထိန်းချုပ်ထားပြီး ပဒိုစောတောနီးကတော့စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်ကနေ တစ်နေ့တာ ကုန်သွယ်မှုတန်ဖိုးဟာပျမ်းမျှ အမေရိကန်ဒေါ်လာ ငါးသန်းခွဲလောက်ရှိနေပြီး မြန်မာနိုင်ငံရဲ့တတိယအများဆုံး ကုန်သွယ်ရေးဂိတ်ပေါက်လို့ ISP Myanmar ကဆိုပါတယ်။
ပုံစာ – ၂၀၂၂ ခုနှစ်အတွင်းက ကေအဲန်ယူဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့တွေ အာဏာသိမ်းစစ်တပ်ရဲ့ ကြိတ်စခန်းကို သိမ်းပိုက်ရရှိစဉ်။
ဓါတ်ပုံ – Mawkun Magazine
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

