တန့်ဆည် – ၂၀၂၁ အောက်တိုဘာ ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၁၀ နာရီခွဲခန့်က ကာပေါင်းကျကျေးရွာအတွင်းနေအိမ်တစ်လုံးနဲ့ ရွာအပြင်ရှိ လူနေတဲ ၅ လုံး မီးရှို့ဖျက်ဆီးခံနေရကြောင်း၊ လက်နက်ကြီးများနဲ့လည်း ပစ်ခတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
“သူတို့က နေတော့ ရွာထဲကဘုန်းကြီးကျောင်းမှာနေပြီး ရွာထဲကအိမ်တွေကရိက္ခာတွေယူတယ်။ ခုတော့မီးရှို့တယ်။ လူတွေလည်းတောထဲထွက်ပြေးနေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကာပေါင်းကျကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလ ၂၁ ရက်နေ့ညပိုင်းက အလစ်ငိုက်တိုက်ခိုက်ခံခဲ့ရပြီး စစ်သားလေးဥဦးထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့ညနေ ၃း၃၀ခန့်က စစ်ရဟတ်ယာဥ်နဲ့ လာရောက်သယ်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးများ ဆက်တိုက်နှုတ်ထွက်လာကြပြီး စစ်ကောင်စီ၏ ထိန်းချုပ်နိုင်မှု အုပ်ချုပ်ရေး ယန္တရား ပျက်စီးလုနီးနီး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေ နယ်မြေခံ PDF တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်းအပါအဝင် မကြာခဏတိုက်ခိုက်မှုတွေကြောင့် သေဆုံးထိခိုက်မှုတွေရှိနေကြောင်း တန့်ဆည်ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကာပေါင်းကျကျေးရွာက အာဏာသိမ်းမှုဆန်ကျင့်တဲ့ ပြည်သူတွေလည်း ဖမ်းဆီးခံရပြီး စစ်ကောင်စီသတင်းပေး ၁၄ ဦးထက်မနည်း သတ်ဖြတ်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
ပုံစာ – မီးရှို့ခံနေရတဲ့ ကာပေါင်းကျကျေးရွာကို အဝေးကမြင်တွေ့ရစဥ်
ဓါတ်ပုံ-ဒေသခံ
#Dailynews

