ယင်းမာပင်- ၂၀၂၄ ဒီဇင်ဘာ ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ကျောက်လှေကားနဲ့ နတ်ကြီးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ ခဲ့တာကြောင့် ကလေးသူငယ်တွေအပါအဝင် ငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့တယ်လို့ အဲဒီဒေသမှာ လူသားချင်းစာနာမှု အကူအညီပေးနေကြသူတချို့က ပြောပါတယ်။
ဒီလ ၁၆ ရက် ညပိုင်းမှာ ကြဲခဲ့တဲ့ဗုံးကြောင့် ကျောက်လှေကားရွာသား ငါးဦးသေခဲ့ရပြီး ကိုးဦးဒဏ်ရာရခဲ့ပေမယ့် နတ်ကြီး ရွာမှာတော့ လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
” နတ်ကြီးရွာကတော့ အထိခိုက်မရှိဘူး။ ကျောက်လှေကားရွာက ငါးယောက်သေပြီး ကိုးယောက်ဒဏ်ရာရခဲ့တယ်။ သေတဲ့အထဲက ကလေးသုံးယောက်က ကြားကာလကျောင်းမှာ ကျောင်းတက်နေတဲ့ကလေးတွေပဲ။ စစ်တပ်ကအကြောင်းမဲ့ ယုတ်မာသွားတာ”လို့ ကနီမြို့နယ်အတွင်းမှာ လူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လေယာဉ်နဲ့ဗုံးကြဲတာကြောင့် သေဆုံးသွားသူတွေထဲ ဦးကျော်နိုင်လင်း(၃၆)နှစ်နဲ့ မရွှေဇင်ဝင်း(၁၈)နှစ်၊ မမေမြတ်နိုး(၁၅)နှစ် တို့ဟာ သားအဖတွေဖြစ်ကြတယ်လို့ ပြောပါတယ်။ ဒေါ်နွှဲနွှဲဝင်း(ခ)ဘုတ်ဆုံ(၄၈)နှစ်နဲ့ မောင်ဇင်ကိုချစ်(၁၁)နှစ်တို့လည်း ဒီတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာပါ။
နတ်ကြီးရွာဟာ ကနီမြို့ရဲ့ တောင်ဘက်မှာရှိပြီး ချင်းတွင်းမြစ်ဘေးက ရွာတစ်ရွာဖြစ်ပါတယ်။ ကျောက်လှေကားရွာကတော့ ကနီမြို့ရဲ့ မြောက်ဘက်မှာရှိကာ မင်းကင်းမြို့နဲ့ပိုနီးကာ ချင်းတွင်းမြစ်ဘေးက ရွာပဲ ဖြစ်ပါတယ်။
သေဆုံးခဲ့ရသူတွေထဲက ကလေးငယ်သုံးဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလပညာရေးအစီအစဉ်ကျောင်းတွေမှာ တက်ရောက်နေတဲ့ကလေးသူငယ်တွေဖြစ်ပြီး တိုက်ပွဲမရှိဘဲ လေယာဉ်ဗုံးကြဲခဲ့တာလို့ အကူအညီပေးသူတွေက ပြောပါတယ်။
ကနီဒေသတွင်းက ကျေးလက်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားပြီး မြို့ပေါ်ကိုတော့ စစ်ကောင်စီက စိုးမိုးထားပါတယ်။
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ဘေးက ကနီမြို့ကို ဒီနှစ်မတ်လတုန်းက အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်တဲ့ တပ်တွေက ဝင်သိမ်းခဲ့သေးပေမယ့် ၁၀ ရက်ခန့်သာ ထိန်းနိုင်ခဲ့ပြီး စစ်ကောင်စီထံ ပြန်လည်လက်လွှတ်ခဲ့ရတဲ့မြို့ ဖြစ်ပါတယ်။

ပုံစာ- ကျောက်လှေကားရွာနဲ့ ဗုံးကြဲခံရတဲ့ နေအိမ်တစ်လုံး။
ဓါတ်ပုံ- ကနီမြို့နယ်လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့နဲ့ Google

