ရေဂင်
ရန်ကုန် – ၂၀၂၀ သြဂုတ် ၂၈ (မော်ကွန်း)
YBS စီးရေနှစ်ထောင်ခန့် နေ့စဉ်ရပ်နားထားရပြီး လစဉ်ကျပ်သိန်း ၂,၄၀၀ လောက် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုတွေရှိနေတယ်လို့ CAFT အဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက Grand palace Hotel မှာမနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးအာဏာပိုင် (YRTA) လက်အောက်မှာ YBS ကုမ္ပဏီပေါင်း ၁၉ ခု ယာဉ်လိုင်းပေါင်း ၁၃၅ လိုင်း ယာဉ်စီးရေ (၆,၆၀၀) ကျော်ရှိနေပြီး တကယ့်မြေပြင်မှာ ပြေးဆွဲနေတဲ့ ယဉ်စီးရေပေါင်း ၄,၆၀၀ ဝန်းကျင်သာရှိနေတယ်လို့ Citizen Action for Transparency (CAFT) အဖွဲ့ရဲ့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။
“ဘာကြောင့် ဒီအစီးနှစ်ထောင်က မထွက်တာလဲ။ စာရင်းပဲရှိပြီး အပြင်မှာတကယ်မရှိတာလား။
ဒါမှမဟုတ် ကားထွက်နေပြီး စာရင်းပျောက်နေတာလား။ ဒါတွေကိုတော့ ကျွန်မတို့မသိပါဘူး။ ဒီလို ကားအစီးနှစ်ထောင် မထွက်ဘူးလို့ ကျွန်မတို့ ပြောနေတာက သူတို့ရဲ့ YRTA မဂ္ဂဇင်းမှာ ဖေါ်ပြထားတာကိုပဲ ကျွန်မတို့က ထောက်ပြတာပါ ” လို့ ဒေါ်မိုးမိုးထွန်းကပြောပါတယ်။
ရန်ကုန်မြို့မှာ နေ့စဉ် YBS စီးနှင်နေတဲ့ လူဦးရေနှစ်သန်းအထိရှိနေပြီး ပြေးဆွဲမှုမရှိတဲ့ ကားအစီး နှစ်ထောင်ကို နေ့စဉ်ပြေးဆွဲသွားမယ်ဆိုရင် ပြည်သူတွေ ကားတိုးစီးနေရတဲ့ အခက်အခဲကို ဖြေရှင်နိုင်လိမ့်မယ်လို့ CAFT အဖွဲ့ရဲ့ အစီရင်ခံစာမှာ ထောက်ပြသွားခဲ့ပါတယ်။
YBS အစီးနှစ်ထောင်ကျော်နေ့စဉ်မပြေးဆွဲတာနဲ့ ပတ်သက်ပြီး YRTA အတွင်းရေးမှူး ဦးလှအောင်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ “ကားအစီး နှစ်ထောင်ရပ်နေတယ်ဆိုတာက အမြဲတမ်းရပ်နေတာမျိုးမဟုတ်ပါဘူး။ စက်ပစ္စည်းဖြစ်တဲ့အတွက် ပြင်ဆင်ရတာတွေရှိမယ်၊ အနားပေးရတာတွေရှိမယ်။ တစ်ခြား အကြောင်းကြောင်းကြောင့် ရပ်ထားရတာပါ။ အချိန်ပြည့် ယဉ်အားလုံးကို တစ်ချိန်တည်း ပြေးဆွဲဖို့အတွက်ကလည်း မဖြစ်နိုင်ဘူးလေ။ လုံးဝမသုံးဘဲ ရပ်ထားမျိုးတော့မရှိပါဘူး” လို့ သူကပြန်လည်ဖြေကြားပါတယ်။
CAFT အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ အဲသည်လို ယာဉ်လိုင်းပြေးဆွဲမှုမရှိဘဲ ရပ်နားထားတဲ့အထဲမှာ YUPT လို ကုမ္ပဏီအပါအဝင် Omini Focus၊ ရွှေတောင်ပိုင်း၊ YBPC, GYCT, RCBT, Lucky Family, ခေတ်သစ်ဘုရင့်နောင် ယဉ်လိုင်းတွေပါဝင်နေပါတယ်။
ပုံ- မော်ကွန်း။ပုံစာ – တောင်ဒဂုံမြို့နယ်ရှိ YBS 7 ကားဂိတ်
#Dailynews