အောင်ပိုင်
ဇန်နဝါရီ ၁၁
အခြားစက်သုံးဆီဆိုင်များထက် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၅၀ ဝန်းကျင်ခန့် ဈေးလျော့ရောင်းနေသည့်အတွက် သုံးစွဲ သူများအကြား ရေပန်းစားလာနေသော ရန်ကုန်မြို့မှ Yangon Petrol (YP) စက်သုံးဆီဆိုင်များသည် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက မော်ကွန်းကိုပြောသည်။
ယနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းထားသည့် Yangon Metropolitan ကုမ္ပဏီနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးကော်မတီတို့ တွေ့ဆုံစဉ်ရာတွင် ကော်မတီမှ YP စက်သုံးဆီဆိုင်များတွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ပါဝင်ဆက်နွယ်မှု ၊ စီမံခန့်ခွဲမှုများအကြောင်းကိုမေးမြန်းရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ မှ တာဝန်ခံ ဖြေရှင်းနိုင်သည့် တာဝန်ရှိသူများ မလာရောက်သည့်အတွက် ကုမ္ပဏီဘက်မှ အခြေအနေ အသေးစိတ်ကို မပြောပြ ကြောင်း ဦးကျော်ဇေယျက ဆက်ပြောသည်။
လက်ရှိတွင် YP စက်သုံးဆီဆိုင် ၂ ဆိုင်ကို သာကေတမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် ဖွင့်လှစ်ပြီးဖြစ်ကာ ဆိုင်ခွဲ များကိုဆက်လက်ဖွင့်လှစ်ရန်ရှိကြောင်း Yangon Petrol (YP) ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရသူ ဦးရဲနိုင်ဝင်းက မော်ကွန်းကို ပြောသည်။
“ Yangon Petrol ဟာ အစိုးရရဲ့(စက်သုံး)ဆီဈေးကျဆင်းရေးအတွက် အစိုးရဆန္ဒအရ ပေါ်ပေါက်လာတဲ့ pilot project (ရှေ့ပြေးစီမံကိန်း) တစ်ခုဖြစ်တယ် ”ဟု သူက ဇန်နဝါရီ ၉ က ပြောသည်။ ယင်းအပြင် စက်သုံးဆီဆိုင်ဖွင့်လှစ်မှုများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံသာ မေးမြန်းစုံစမ်းရန် သူကညွှန်းသည်။
၂၀၁၇ ခုနှစ် ၈ လပိုင်းက မှတ်ပုံတင်ထားသော Yangon Petrol ကုမ္ပဏီသည် အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ် ထားသည့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီဟု ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ဖော်ပြထားပြီး ပုဂ္ဂ လိက အစုရှယ်ယာရှင်ငါးဦးဖြင့်ဖွဲ့စည်းထားသည်။
- #Ag_Py
- #mawkun
- #magazine
- #chronicle