အင်ဂျင်နီယာကောင်စီ ဖွဲ့စည်းတာ ဘာအတွက်လဲ

အင်ဂျင်နီယာကောင်စီ ဖွဲ့စည်းတာ ဘာအတွက်လဲ

 

နည်းပညာတက္ကသိုလ်တွင် ခြောက်နှစ်ကြာ အောင် တက်ရောက်ပြီး ဘွဲ့ရသည်နှင့် သင့်ကိုယ် သင် အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီ၊ အင်ဂျင်နီ ယာလုပ်ငန်းတွေကို တရားဝင်လုပ်ခွင့်ရပြီဟု ထင်ပါသလား။

ထိုသို့ထင်လျှင် သင်မှားသွားပြီဟုဆိုရမည်။ အကြောင်းမှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်(၂ဝ၁၃ နိုဝင်ဘာ)က ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥပဒေကြောင့်ဖြစ်သည်။

ယင်းဥပဒေအရ အဆောက်အအုံများကြီးကြပ်ဆောက် လုပ်ခြင်းကို အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြုလက်မှတ်ရ သူသာ လုပ်ကိုင်ခွင့်ရှိပြီး ယင်းလက်မှတ်မရှိဘဲ အင်ဂျင်နီယာဟူသည့်ဂုဏ်ပုဒ်သုံးစွဲခြင်း၊ သတ်မှတ်အင်ဂျင်နီယာလုပ်ငန်းတို့ကို လုပ်ကိုင်ခြင်းသည် ပြစ်မှုမြောက်ပြီး ထောင်ဒဏ်အပြင် ငွေဒဏ် လည်း ကျခံရမည်ဖြစ်သည်။

အင်ဂျင်နီယာများအတွက် အင်ဂျင်နီယာကောင်စီရှိရန် လိုအပ်ပြီး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းမှာ ကောင်းမွန် သော်လည်း ၎င်းကောင်စီသည် အများပြည်သူဘေးကင်းလုံခြုံစေ ရန် အင်ဂျင်နီယာဆိုင်ရာ စံချိန်စံညွှန်းများ သတ်မှတ်၍ စစ်ဆေး ကြပ်မတ်ပေးရမည်ထက် အင်ဂျင်နီယာများအား လိုက်လံတင်း ကျပ်နေခြင်းမျိုးဖြစ်နေသည်ဟု အင်ဂျင်နီယာများက ထောက်ပြ ကြသည်။

ထောင်ဒဏ်များပါရှိသည့် ဥပဒေပြဋ္ဌာန်းလိုက်ခြင်းအပေါ် အင်ဂျင်နီယာများအမြင်တွင် မနှစ်မြို့စရာဖြစ်နေပြီး အသိအမှတ် ပြု လက်မှတ်ထုတ်ပေးသည့် အရည်အချင်းစစ်ဆေးသည့်ပုံစံများ ကိုလည်း ဝေဖန်မှုများစွာရှိနေသည်။

”အင်ဂျင်နီယာဘွဲ့ရပြီးခါမှ မင်းတို့တွေ ငါတို့လက်မှတ်မပါ ရင် လုပ်စားလို့မရဘူးဆိုတဲ့ဟာကို ကျွန်တော်မကျေနပ်ဘူး။ ဖြစ် လည်းမဖြစ်သင့်ဘူး”ဟု အင်ဂျင်နီယာလုပ်သက် နှစ်၂ဝ ကျော်ရှိ သည့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ရ ဦးလေးနိုင်က ပြောသည်။

ကောင်စီက အင်ဂျင်နီယာလောကတိုးတက်ရေးကို လုပ် ဆောင်နေသည်မှာ အဓမ္မပုံစံဖြစ်နေသည်ဟု သူကပြောသည်။ ဦးလေးနိုင်သည် အင်ဂျင်နီယာမဟာဘွဲ့ကို အမေရိကန်နိုင်ငံ University of Louisville မှ ရရှိထားသူဖြစ်သည်။

လက်မှတ်ရရန် လိုအပ်ချက်

အင်ဂျင်နီယာကောင်စီမှ အသိအမှတ်ပြုလက်မှတ်များ ရရှိရန် အင်ဂျင်နီယာဘွဲ့ရပြီး အနည်းဆုံးလေးနှစ်မှ ရှစ်နှစ်အထိ စောင့်ရသည်။ ကောင်စီမှအသိအမှတ်ပြုလက်မှတ်ကို အဆင့်သုံး ဆင့်ခွဲကာ ထုတ်ပေးသည်။

ယင်းတို့မှာ မှတ်ပုံတင်အင်ဂျင်နီယာ (Registered Engineer – R.E.)၊ မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာ (Registered Senior Engineer –R.S.E.) နှင့် မှတ်ပုံတင် အင်ဂျင်နီယာ ပညာရှင် (Professional Engineer – P.E.) လက်မှတ်တို့      ဖြစ်သည်။

အင်ဂျင်နီယာကျောင်းဆင်း(အင်ဂျင်နီယာဘွဲ့ရ)တစ်ဦး အနေဖြင့် R.E.တစ်ယောက်ဖြစ်ရန် P.E. ရရှိထားသူတစ်ယောက် ၏ လက်အောက်တွင် အလုပ်သင်အင်ဂျင်နီယာအဖြစ် လေးနှစ် လုပ်ထားကြောင်း ထောက်ခံစာလိုအပ်သည်။

R.E. ရပြီး နှစ်နှစ်အကြာတွင် R.S.E. လျှောက်ခွင့်ရှိပြီး R.S.E. ရပြီး နောက်တစ်နှစ်အကြာတွင် P.E လျှောက်ခွင့် ရှိသည်။

R.E. ရပြီး R.S.E လျှောက်ပါကလည်း P.E. လက် အောက်တွင် နှစ်နှစ်လုပ်ကိုင်သည့်ထောက်ခံစာနှင့် သင်တန်း များတက်ရောက်ခြင်း၊ စာမေးပွဲဖြေခြင်းတို့ပြုလုပ်ရသည်။ R.S.E. ရရှိပြီး တစ်နှစ်အကြာတွင်တော့ P.E. လျှောက်ထားခွင့်ရှိ ပြီး အထက်ပါအတိုင်း သင်တန်းများတက်ပြီး စာမေးပွဲဖြေရသည်။

ထို့ကြောင့် အင်ဂျင်နီယာဘွဲ့ရတစ်ဦးအတွက် R.E တစ်ယောက် ဖြစ်လာရန် အချိန်ငါးနှစ်ခန့်ယူရမည်ဖြစ်ပြီး P.E. ဖြစ်လာရန် အနည်းဆုံးအချိန် ၁ဝ နှစ်ခန့် ယူရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဘွဲ့ရပြီးကျောင်းသားတစ်ယောက်သည် ကောင် စီက သတ်မှတ်ထားသည့်ဥပဒေအဆင့်များအတိုင်း လုပ်ဆောင် သွားမည်ဆိုပါက အသက် ၃ဝ ကျော်ခန့်တွင် P.E. ရရှိနိုင်မည်ဖြစ် သည်။ ယခင်ကဆိုလျှင် မည်သည့် အင်ဂျင်ယာဘွဲ့ရမဆို စည်ပင် ဌာနမှ အကြီးတန်းအင်ဂျင်နီယာလိုင်စင်၊ အငယ်တန်းအင်ဂျင် နီယာလိုင်စင် ကိုင်ထားသူ၏ ခွင့်ပြုချက်လက်မှတ်ရှိရုံနှင့် အဆောက် အအုံများတည်ဆောက်ခွင့်ရသည်။

ပြဋ္ဌာန်းလိုက်သည့်ဥပဒေအရ နိုင်ငံခြားကုမ္ပဏီကြီးများ တွင် နှစ်ပေါင်းများစွာလုပ်ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လာမည့်သူများ သည်ပင် ကောင်စီ P.E . ရရှိထားသူလက်အောက်မှ ဘဝကိုပြန်စ ရမည်ဖြစ်သည်။

အသက်သာမက လုပ်သက်ပါကြီးသော အင်ဂျင်နီယာကြီး များက P.E. ရရှိထားသည့် အင်ဂျင်နီယာအငယ်အောက်တွင် လုပ်ရမည်မှာ ”ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု တပ်မတော်တွင် ဗိုလ်ကြီးအဆင့်ဖြင့် အင်ဂျင်နီယာလုပ်ငန်းများကို လုပ်ကိုင်ခဲ့ဖူး သူ ဦးတင်မြင့်က မှတ်ချက်ပြုသည်။

အမေရိကန်ပြည်ထောင်စုတွင်အင်ဂျင်နီယာအဖြစ် အလုပ် လုပ်ခဲ့သော ဦးလေးနိုင်ကလည်း ”ကျွန်တော်မဖြေဘူး။ တင် လည်း မတင်ဘူး”ဟု ပြောသည်။

ယင်းလက်မှတ်များသည် တကယ်ကျွမ်းကျင်မှု မရှိသူများ လည်း ရရှိနေခြင်းကြောင့် အဆိုပါလက်မှတ်ကို မယုံကြည် ကြောင်း သူကပြောသည်။

ဦးလေးနိုင်တို့ကဲ့သို့သော ဝါရင့်အင်ဂျင်နီယာများအတွက် ကောင်စီက ခြွင်းချက်အနေဖြင့် ဖြေလျှော့မှုပေးခဲ့သေးသည်။

ယင်းဖြေလျှော့မှုအစီအစဉ်အရ အင်ဂျင်နီယာဘွဲ့ရတစ်ဦး သည် လုပ်ငန်းအတွေ့အကြုံ အနှစ် ၂ဝ ရှိပါက P.E. တိုက် ရိုက်လျှောက်ထားခွင့်ရှိသည်။ လုပ်ငန်းအတွေ့အကြုံကို ဘွဲ့ရပြီးချိန်မှစ၍ရေတွက်ခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်အရ လုပ် သက်ထောက်ခံစာ သီးခြားယူရန်မလိုအပ်သည့်အပြင် ရေးဖြေ စာမေးပွဲကိုလည်း ကင်းလွတ်ခွင့်ရသည်။ သို့သော် သင်တန်းအချို့ တက်ရောက်ရန် လိုအပ်ပြီး အစီရင်ခံစာတစ်စောင်တင်ရန်လည်း လိုအပ်သည်။

နောက်ဆုံးအဆင့်တွင် လူတွေ့အင်တာဗျူးဖြေပြီး P.E. တိုက်ရိုက်ရယူနိုင်သည်။ ယင်းဖြေလျှော့မှု အစီအစဉ်သည် ၂ဝ၁၅ အကုန်ထိသာဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ခွင့်မပြုတော့ပေ။

ဦးလေးနိုင်၏ အင်ဂျင်နီယာလုပ်သက်သည် အနှစ် ၂ဝ ကျော်ရှိသော်လည်း ယင်းဖြေလျှော့ကာလတွင်လည်း သွား ရောက်မဖြေဆိုခဲ့ပေ။

”ကျွန်တော် အဲဒီလိုမျိုးခေါ်ပေးတာကို မလိုချင်ဘူး။ ဖြေ မယ်ဆိုလည်း အကုန်လုံးကို တိတိကျကျဖြေခိုင်းရမယ်”

ဖြေလျှော့ကာလနောက်ပိုင်းတွင်လည်း ကောင်စီကပြု လုပ်သည့် စာမေးပွဲစစ်ကာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေး သည့်စနစ်ကို မကြိုက်သောကြောင့် သွားမဖြေခဲ့ဟုဆိုသည်။

     

ကောင်စီစာမေးပွဲ

တပ်မတော်တွင် ဗိုလ်ကြီးအဆင့်ဖြင့် အင်ဂျင်နီယာလုပ် ငန်းများကိုလုပ်ကိုင်ခဲ့ဖူးသူ ဦးတင်မြင့်ကတော့ ပြီးခဲ့သည့် ဖြေ လျှော့ကာလတွင် P.E. စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် အတွေ့ အကြုံရှိခဲ့သည်။

သူသည် P.E. လက်မှတ်ရရန် အစီရင်ခံစာတစ်စောင်တင် သွင်းခဲ့သည်။ သူတင်သွင်းခဲ့သည်မှာ Deep Excavation (နက် ရှိုင်းစွာတူးဖော်ရေးလုပ်ငန်း) များအကြောင်းဖြစ်သည်။ Deep Excavation လုပ်ငန်းများအဖြစ် လိုဏ်ခေါင်း တူးဖော်ခြင်းလုပ် ငန်းများကို ဦးတင်မြင့်သည် ပြည်တွင်းမှာသာမက စင်ကာပူနိုင်ငံ တွင်လည်း လုပ်ကိုင်ခဲ့ဖူးသည်။

ယင်းအစီရင်ခံစာကို Power Point Presentation  ဖြင့် ရှင်းလင်းပြရာ ပထမတစ်မျက်နှာတွင်ပင် အကြောင်းအရာနှင့် မသက်ဆိုင်သည့် အခြားမေးခွန်းများမေးနေသဖြင့် ဆက်၍ မသွားနိုင်တော့ဘဲ ပြီးဆုံးခဲ့ရကြောင်း ဦးတင်မြင့်ကပြောသည်။

”မေးတဲ့လူဟာ အဲဒီအပိုင်းပေါ်မှာ သေချာသိလားဆိုတဲ့ အပေါ်မှာ မူတည်တယ်။ အဲဒီတော့ သိမှပဲ သူကမေးရမှာလေ။ သူမသိတော့ ဒီကပြောတာတစ်မျိုး၊ သူမေးတာတစ်ခုဆိုရင် ဒါက အဆင်မပြေဘူး”ဟု ဦးတင်မြင့်က ပြောသည်။

ထို့ပြင်အခြားသော အဆီအငေါ်မတည့်သည့် မေးမြန်းမှု များကိုလည်း ကြုံခဲ့ရသေးသည်ဟု ဦးတင်မြင့်ကပြောသည်။

”ရေတစ်ပေါင်က ဘယ်လောက်လေးလဲလို့မေးတယ်။ သူက Density (သိပ်သည်းဆ) လို့မမေးဘူး။ ကိုယ်က ၆၂ ဒသမ ၄ ဆိုတော့ မင်းဒါတော့ သိသားပဲဆိုပြီး ရယ်တယ်”

            (ရေ၏ သိပ်သည်းဆသည် ၁ ကုဗပေတွင် ၆၂ ဒသမ ၄ ပေါင်ရှိသည်)

ယင်းနောက်တွင်တော့ စစ်ဆေးရေးအဖွဲ့က ၎င်းအား P.E. ထက်တစ်ဆင့်နိမ့်သည့် R.S.E. လက်မှတ်ယူရန်ပြောခဲ့ရာ သူက ငြင်းပယ်ခဲ့ကြောင်းပြောသည်။

            ”ကျွန်တော်က R.S.E. မယူဘူးလို့ ခပ်တည်တည်နဲ့ ပြော ပြီးပြန်လာတာ”ဟု ဦးတင်မြင့်က ပြောပြသည်။

သူသည် တပ်မတော်သားဘဝက မြိုင်ကလေး တန် ၄,ဝဝဝ ဘိလပ်မြေစက်ရုံတည်ဆောက်ခဲ့ပြီး မြန်မာ့မီးရထားတွင်လည်း တိုင်းအင်ဂျင်နီယာရာထူး ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

ကောင်စီမှစာမေးပွဲစစ်ဆေးခြင်းသည် ကျောင်းတွင် သင် ကြားခဲ့သည့် အင်ဂျင်နီယာအခြေခံပညာများကို မမေလျော့ အောင် စာမေးပွဲစစ်ပေးခြင်းသာဖြစ်သည်ဟု မြန်မာနိုင်ငံအင် ဂျင်နီယာကောင်စီဝင် ပါမောက္ခဦးခင်မောင်ချစ်က ပြောသည်။

”အခုဝိုင်းပြီး ဝေဖန်နေတဲ့အင်ဂျင်နီယာတွေက အဲဒီစာ မေးပွဲဖြေနိုင်လောက်အောင်ကို အရည်အချင်းမရှိတဲ့လူတွေမို့လို့ သူတို့က အော်ဟစ်နေကြခြင်းဖြစ်ပါတယ်။ အဲဒီဟာကိုတော့ အန်ကယ်ပြောရဲတယ်”ဟု သူက ဆက်ပြောသည်။

”အခြေခံအင်ဂျင်နီယာပညာ ဘာမှမဖြေနိုင်တဲ့လူဟာ  ကြီးကျယ်တဲ့အင်ဂျင်နီယာလုပ်ငန်းကို လုပ်ဆောင်ခွင့် မရှိဘူးလို့ သတ်မှတ်ပေးလိုက်တာပါပဲ” ဟု မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း၏ ဘဏ္ဍာရေးမှူးလည်းဖြစ်သည့် သူကဆိုသည်။

သို့သော် ကျောင်းများတွင် စာကျက်ဖြေပြီး အင်ဂျင် နီယာဘွဲ့ရရှိလာသူတို့ကို အရည်အချင်းစစ်ဆေးသည်ဟုဆိုကာ ယင်းစာများကို ထပ်မံကျက်ခိုင်းပြီး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းကို လုပ်ငန်းခွင်တွင်းရောက်နေသည့် အင်ဂျင်နီယာ များကတော့ သဘောမတူကြချေ။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီ (JICA-Japan International Cooperation Agency ) စီမံကိန်းတစ်ခုတွင် အကြံပေးလုပ်နေသည့် ဦးလေးနိုင်ကတော့ ယနေ့ခေတ်တွင် အခြေခံအင်ဂျင်နီယာ ပညာအားလုံးကို       အလွတ်ရထားစရာပင်မလိုတော့ဟုဆိုသည်။

ယခုခေတ်တွင် လက်တစ်ဝါးစာခန့်ရှိသည့်တယ်လီဖုန်း နှင့် အင်တာနက်ဖွင့်လိုက်ရုံဖြင့် အင်ဂျင်နီယာဆိုင်ရာ အွန်လိုင်းဖိုရမ် တွေ၊ လိုအပ်သည့်အချက်အလက်တွေကိုရှာဖွေနိုင်သလို ပညာ ရှင်များ၏ မှတ်ချက်များကိုလည်း အလွယ်တကူဖတ်ရှုနိုင်သည်ကို ကောင်စီဝင်များမသိဟုထင်ကြောင်း သူကဆိုသည်။

            ထို့ကြောင့်သူက ကောင်စီစာမေးပွဲစစ်ဆေးခြင်းနှင့်ပတ် သက်၍ ကောင်စီဝင်တွေကို ယခုလိုမှတ်ချက်ပြုသည်။

”ခက်တာက သူတို့တွေက တော်တော်ကို အိုနေကြပြီလို့ ထင်တယ်ဗျ” ဟု ပြောရင်း ယခုလိုမေးခွန်းဆက်ထုတ်သေးသည်။

            ”မှတ်ဉာဏ်ကိုစစ်မှာလား၊ အလုပ်ကိုတကယ်စွမ်းစွမ်း တမံလုပ်နိုင်လောက်တဲ့ အရည်အသွေးကို စစ်မှာလား”

လုပ်ငန်းခွင်တွင် တကယ်လုပ်ကိုင်နေသည့်အင်ဂျင်နီယာတစ်ဦးအတွက် P.E. ရရှိရန်မှာ အဆင့်ပေါင်းများစွာကြာသည့် အပြင် အခက်အခဲများရှိနေကြသော်လည်း တချို့မှာအလွယ် တကူပင် P.E.  လက်မှတ်ရရှိထားကြခြင်းမျိုးများရှိကြောင်း ဝေဖန်မှုများရှိနေသည်။

ယင်းဝေဖန်သံများမစဲမီပင် အင်ဂျင်နီယာဆိုင်ရာလက် မှတ်တစ်ခုမျှပင်မရရှိဘဲ အင်ဂျင်နီယာလောက၏ အမြင့်ဆုံး သော အသိအမှတ်ပြုလက်မှတ်ရရှိထားသူတစ်ဦးအား တွေ့ရှိခဲ့ ကြသည်။ သူ၏အမည်ကား ဦးတင်ထွန်းဖြစ်သည်။

ဦးတင်ထွန်းသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ အဆင့်မြင့်ဆုံးသော အသိအမှတ်ပြုလက်မှတ်ဖြစ်သော P.E. ကို ၂ဝ၁၄၊ ဧပြီအတွင်းကရရှိထားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၏ ထောက်ခံချက်ဖြင့် အာဆီယံအဆင့်အင်ဂျင်နီယာ (ASEAN Chartered Professional Engineer – ACPE) လက်မှတ်လည်း ရရှိခဲ့သူတစ်ဦးဖြစ်သည်။

ထို့ပြင် သူသည် ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ အင်ဂျင်နီယာနှင့် မဟာအင်ဂျင်နီယာတန်းများတွင် သင်ခန်းစာများ ပို့ချ နေသည့် ဧည့်ပါမောက္ခတစ်ဦးလည်းဖြစ်သလို အထပ်မြင့် အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ် ဆေးရေးပညာရှင်အဖွဲ့ (Committee for Quality Control of High-Rise Building Construction Projects -CQHP) အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

ဦးတင်ထွန်းသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင် ဗဟိုကောင်စီဝင်ဖြစ်ရန် ၂ဝ၁၅၊ ဇန်နဝါရီအတွင်း လျှောက် လွှာတင်ခဲ့ရာ ဘွဲ့လက်မှတ်မူရင်း တင်ပြနိုင်ခြင်းမရှိ၍ လေ့လာ စုံစမ်းရာ စက်မှုတက္ကသိုလ်၌ ၁၉၈၁ တွင် ဘွဲ့ရရှိခဲ့သည်မှာ မဟုတ် မှန်ကြောင်းတွေ့ရှိခဲ့ရသဖြင့် (၁၂/၂ဝ၁၅) ဗဟိုကော်မတီအစည်း အဝေးဆုံးဖြတ်ချက်အရ ၎င်းအားအသင်းသားအဖြစ်မှ ဇန်နဝါ ရီလတွင် ရပ်စဲခဲ့သည်။

            ”အင်ဂျင်နီယာမဟုတ်ဘဲ P.E. ပေးလိုက်တာ ရှက်ဖို့သိပ် ကောင်းတယ်”ဟု ဦးတင်မြင့်က ပြောသည်။

ကောင်စီ၏ သင်တန်းများ ထိရောက်သလား

အင်ဂျင်နီယာကောင်စီက သတ်မှတ်ထားသည့်လက်မှတ်များရရှိရန် ကောင်စီက အခါအားလျော်စွာ ဖွင့်လှစ်သော သင် တန်းများကို တက်ပေးရသည်။ ယင်းဖွံ့ဖြိုးရေးအစီအစဉ်သင် တန်းများကို တက်ရောက်သည့်သင်တန်းချိန် အနည်းဆုံး နာရီ ၃ဝ စာ စုဆောင်းထားရန် လိုအပ်သည်။

ထိုသို့ လိုအပ်သောနာရီများစုဆောင်းပြီးနောက် နည်း ပညာတက္ကသိုလ်များတွင် သင်ကြားခဲ့ရသည့်စာများကို ပြန်လည် မေးမြန်းသည့် စာမေးပွဲများ (Part 1 နှင့် Part 2) ကို ဖြေဆိုကြရ သည်။ ထို့ပြင် အင်္ဂလိပ်စာ စာလုံးရေ ၂,ဝဝဝ မှ ၅,ဝဝဝ ကြားရှိ အစီရင်ခံစာငါးစောင်ကိုလည်းတင်ပြရသည်။ ယင်းတို့ကို ကျော် ဖြတ်ပြီးလျှင် နောက်ဆုံးအဆင့် လူတွေ့စစ်ဆေးမေးမြန်းခြင်းခံရ ၍အောင်မြင်မှသာ သက်ဆိုင်ရာအသိအမှတ်ပြုလက်မှတ်ရသည်။

”နာရီပြည့်ဖို့ ငွေကုန်ကြေးကျများတဲ့အပြင် ရန်ကုန်မှာ (နာရီ)မပြည့်သေးရင် နယ်မှာသွားလုပ်တဲ့ သင်တန်းတွေလိုက် တက်ရတယ်” ဟု ရန်ကုန်မြို့တွင်အင်ဂျင်နီယာဆိုင်ရာသင်တန်း များ ပို့ချပေးနေသည့်သင်တန်းနည်းပြ ဦးတင်ကိုကိုက ပြောသည်။

ယင်းသို့ အချိန်ပေး၊ ငွေကြေးကုန်ကျခံကာသွားတက်ရ သော်လည်း လက်ရှိလုပ်ကိုင်နေသည်မှာ အဆောက်အအုံ ဆောက်လုပ်ရေးအလုပ်ဖြစ်ပြီး နားထောင်နေရသည်က လိုဏ် ခေါင်းများအကြောင်းဖြစ်၍ အလုပ်နှင့်တိုက်ရိုက် မသက်ဆိုင် ကြောင်း သူက ဆက်ပြောသည်။

            ”မဆိုင်ရင် Effective (ထိရောက်မှု) မဖြစ်ဘူး”

ထို့ပြင် ကောင်စီကဖွင့်သည့်သင်တန်းများသည် မြို့ကြီး များတွင်သာ ဖွင့်လှစ်သောကြောင့် နယ်မြို့များမှ လာရောက် တက်ရသူများအတွက် ငွေကြေးကုန်ကျသည့်အပြင် အလုပ် အကိုင်ပျက်သဖြင့် အလုပ်ရှင်၏ ငြိုငြင်ခြင်းကိုပါ ခံကြရသည်။ ထိုသူများအတွက် ”ဘယ်လိုပြန်ပြီး စီစဉ်ထားပေးမလဲ”ဟု ဦးတင်ကိုကိုက မေးခွန်းထုတ်သည်။

ဦးတင်ကိုကိုကတော့ နည်းပညာထွန်းကားနေသည့် ခေတ်တွင် အင်တာနက်မှတစ်ဆင့် သင်ကြားပေးသည့်စနစ်မျိုးကို အသုံးပြုပါက အခက်အခဲများ ပြေလည်စေနိုင်မည်ဖြစ်သည်ဟု အကြံပြုသည်။

ယခုပြုလုပ်နေသည့် ကောင်စီမှသင်တန်းများသည် စာ မေးပွဲအတွက် လိုအပ်သည့်နာရီကို ရရှိရုံသာ သွားနားထောင်ခြင်း များဖြစ်သည့်အတွက် ”ဘယ်လိုမှ အကျိုးမရှိဘူး”ဟု ဦးတင်မြင့် က မှတ်ချက်ပြုသည်။

            ယင်းသင်တန်းနှင့်ပတ်သက်ပြီး ဦးလေးနိုင်ကလည်း အခု လိုမှတ်ချက်ပြုသည်။

            ”သင်တန်းတွေက ထိရောက်မှုမရှိတဲ့အပြင် အင်ဂျင်နီယာ ငယ်တွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်”

အင်ဂျင်နီယာကောင်စီလက်မှတ်ကို ထိုသို့ခက်ခက်ခဲခဲရရှိ ထားသော်လည်း ဒေသတွင်းနိုင်ငံအင်ဂျင်နီယာများကဲ့သို့ အခွင့် အရေးရရှိနိုင်ပါသလားဆိုသည့်မေးခွန်းကို ကောင်စီဝင် ဦးခင် မောင်ချစ်အား မေးကြည့်ရာ သူက ”အဲဒီလို ရပိုင်ခွင့်လစာတို့၊ ဘာတို့က သက်ဆိုင်ရာလုပ်ငန်းရဲ့ ဌာနနဲ့ပဲဆိုင်ပါတယ်။ အင်ဂျင်နီယာကောင်စီနဲ့ မပတ်သက်ပါဘူး”ဟုဆိုသည်။

အင်ဂျင်နီယာလုပ်သက် ၁ဝ နှစ်ခန့်ရှိပြီဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်နှင့် ပြည်မြို့တို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်နေသည့် ဦးခင်မောင်ဌေးတစ်ယောက်ကတော့ R.S.E.  စာမေးပွဲဖြေဆိုတော့မည်ဖြစ်သည်။ လက်ရှိလုပ်ငန်းခွင်ထဲ ရောက် နေသူတို့မှာ ကျောင်းစာများမေ့နေကြပြီဖြစ်ပြီး ကျောင်း ဆရာ၊ ဆရာမလုပ်သော သူ့သူငယ်ချင်းများကတော့ R.S.E. အောင်သွားပြီဖြစ်ကြောင်းပြောသည်။

”ကျောင်းဆရာဆက်လုပ်နေတဲ့လူတွေကလည်း အဆောက် အအုံကိုဆောက်မှ မဆောက်ဖူးတာ။ သူတို့မှာ ဒီလက်မှတ်ရ သွားလည်း သူများကို လက်မှတ်ထိုးပေးတာပဲရှိမယ်”ဟု ဦးခင်မောင်ဌေးက ဆိုသည်။

ဦးခင်မောင်ဌေးကတော့ R.S.E.  လက်မှတ်ကိုရအောင် ယူရမည်။ လက်မှတ်မရှိပါက ကိုယ်ကအဆောက်အအုံ ဆောက် တတ်ပါလျက် သူများလက်အောက်တွင် အလုပ်လုပ်ရမလို ဖြစ် နေသောကြောင့် လက်မှတ်ရအောင်လုပ်ရမည်ဟု ဆိုသည်။

                    

ဘာလုပ်သင့်လဲ

ယခုကဲ့သို့လက်မှတ်များထုတ်ပေးခြင်းကို အင်ဂျင်နီယာ များအနေဖြင့် ကြိုဆိုကြသော်လည်း လက်မှတ်ထုတ်ပေးသည့်ပုံစံ များကို ပြောင်းလဲရမည်ဖြစ်ကြောင်းထောက်ပြကြသည်။

လက်မှတ်ထုတ်ပေးရာတွင် စစ်ဆေးသည့်စာမေးပွဲများကို လည်း ကျောင်းတွင် သင်ခဲ့သည့်စာများအစား ရန်ကုန်မြို့ရှိ အဆင့်မြင့်မင်္ဂလာဈေးသစ် မီးလောင်မှုကဲ့သို့သောအကြောင်း မျိုးကို မည်သို့မီးလောင်သွားကြောင်းနှင့် မည်သည့်စနစ်မျိုးကို အသုံးပြုသင့်ကြောင်း စာတမ်းများလေ့လာပြုစုစေပြီး အသိ အမှတ်ပြုလက်မှတ် ထုတ်ပေးသင့်ကြောင်း ဦးတင်ကိုကိုက အကြံပြုသည်။

ဦးလေးနိုင်ကလည်း ဦးတင်ကိုကိုကဲ့သို့ပင် အကြံပြုသည်။ ယခု မြန်မာနှင့် တရုတ်သွယ်တန်းထားသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ မီးလောင်ပါက မည်သို့ပြုလုပ်သင့်သည် ဟူသော ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင် သည့် စာတမ်းများကိုလေ့လာပြုစုပြီးမှ အသိအမှတ်ပြုလက်မှတ် များ ထုတ်ပေးသင့်ကြောင်းပြောသည်။

ထို့ပြင် အဆိုပါစာမေးပွဲများစစ်ဆေးရာတွင်လည်း သက် ဆိုင်ရာနယ်ပယ်ကို အမှန်တကယ်ကျွမ်းကျင်သည့်သူများကသာ စစ်ဆေးသင့်ကြောင်း ထောက်ပြကြသည်။

ထို့ပြင် အင်ဂျင်နီယာများ ထောက်ပြနေသည်က ကောင်စီ အနေဖြင့် အင်ဂျင်နီယာဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲခြင်းကိစ္စများ ဦးစွာလုပ်ဖို့ပင် ဖြစ်သည်။

ယခင်ကလည်း သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ထုတ်ပေးသည့် အကြီးတန်းနှင့် အငယ်တန်းလိုင်စင် အင် ဂျင်နီယာလက်မှတ်များရှိခဲ့ပြီးဖြစ်သည်။ ယင်းလက်မှတ်များ သည် တိုက်အလုံးရေနှင့် လက်မှတ်ထိုး၍ ငွေယူရုံသာ ဖြစ်သည် ဟု ယင်းလိုင်စင်ကိုင်ဆောင်ထားသည့် အင်ဂျင်နီယာများက ထောက်ပြသည်။

ယခုလည်း ယင်းလက်မှတ်ကဲ့သို့ အလားသဏ္ဌာန်တူသည့် လက်မှတ်မျိုးကို အင်ဂျင်နီယာကောင်စီက ထုတ်ပေးခြင်းဖြင့် အင်ဂျင်နီယာလောကတိုးတက်ဖို့လုပ်နေသည်ဟူသော ပြောဆို မှုသည် အဆီအငေါ်မတည့်ဖြစ်နေပြီး (ကောင်စီ၏လုပ်ရပ်သည်) အများပြည်သူဘေးကင်းလုံခြုံရေးနှင့် အင်ဂျင်နီယာလောက တိုးတက်ရေးအတွက် ဘာမှထူးခြားလာမည်မဟုတ်ကြောင်း ဦးလေးနိုင်က ပြောသည်။

ထို့ပြင် အင်ဂျင်နီယာကောင်စီ ပြုလုပ်နေသည့် အခြေ အနေများကို အောက်ပါအတိုင်းမှတ်ချက်ပြုသည်။

”ဒီစံချိန်စံညွှန်းမရှိဘဲ လက်မှတ်ထုတ်ပေးလို့ရှိရင် ဝိနည်း မရှိဘဲ ဘုန်းကြီးဝတ်သလိုပေါ့ဗျာ” ။       ။

၂၀၁၆-ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၅) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

သန်းထိုက် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."