ရန်ကုန် – ၂၀၂၅ ဇွန် ၅ (မော်ကွန်း)
စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ထိုးစစ်ဆင်လာတာကြောင့် မြို့ပေါ်မှာ နေထိုင်တဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။
လက်ရှိမှာ နောင်ချိုမြို့နဲ့ ၁၀ မိုင်အကွာခန့်အထိ စစ်ကောင်စီတပ်တွေ ရောက်ရှိလာနေပြီး မနေ့ကစတင်ကာ နောင်ချိုမြို့ပေါ်ကနေ လက်နက်ကြီးပစ်ခတ်သံတွေ စတင်ကြားနေရတယ်လို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။
“မြို့ပေါ်ကလူတွေကတော့ အခုအထုပ်တွေ ပြင်နေကြပါပြီ။ ရှောင်တဲ့လူတွေလည်း နီးစပ်ရာရှောင်နေကြပြီ။ အခုလည်း လက်နက်ကြီးသံတွေ၊ သေနတ်သံတွေ စကြားနေပြီ” လို့ ၎င်းဒေသခံက ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းရော မြေပြင်ကနေပါ ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းကစပြီး နောင်ချိုမြို့နယ်က TNLA ထိန်းချုပ်နယ်မြေတချို့ကို စစ်ကောင်စီထံ လက်လွှတ်ပေးခဲ့ရတာပါ။
ပြီးခဲ့တဲ့နှစ်ရက်ကလည်း နောင်ချိုမြို့အဝင်က ရေဖြူနဲ့ ကံကြီးရွာတွေကို စစ်ကောင်စီတပ်တွေ သိမ်းယူလိုက်ပြီဖြစ်ပြီး မြို့ပေါ်ကို ထိုးစစ်ဆင်လာဖွယ်ရှိတယ်လို့ စစ်ရေးသတင်းတချို့မှာ ဖော်ပြပါတယ်။
နောင်ချိုမြို့ဟာ ဟင်းလင်းပွင့်အနေအထားရောက်ရှိနေပြီလို့ စစ်ရေးသုံးသပ်ချက်တွေဖော်ပြနေတဲ့ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားပါတယ်။
“ရှမ်းမြောက် နောင်ချို တောင်းခမ်း စစ်မျက်နှာမှာတော့ ရွှေမုဌော(ရွာ) က စစ်ကြောင်းဟာ ကံကြီး ရွာထဲကို ရောက်ရှိလာနေပြီဖြစ်ပါတယ်။ ကံကြီးကိုသာကျော်ဖြတ်နိုင်ခဲ့ပြီဆိုပါလျှင် နောင်ဩ နဲ့ မျက်ခြင်းနုသာ ကျန်ရှိနေတော့မှာဖြစ်ပြီး နောင်ချိုဟာ ဟင်းလင်းပွင့်နေပြီ ဖြစ်ပါတယ်” လို့ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားတာပါ။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်အပြန်အလှန် ထိုးစစ်ဆင်နေတဲ့အခြေအနေဖြစ်တယ်လို့ ဒီနေ့မနက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“လူထုတွေကတော့ လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။ စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။ တစ်ဖက်နဲ့တစ်ဖက် ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်းမှာ နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်မှု ၁၂ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၇၇၆ ကြိမ်၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှု ၃၂၉ ကြိမ်ထိ ရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ဒေသခံခြောက်ဦးအထိ သေဆုံးကာ ၁၄ ဦးထိခိုက်သွားတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကနေ စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်ထိ ဆက်စပ်နေတဲ့ နောင်ချိုမြို့ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ TNLA နဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီလက်ထဲကနေ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာပါ။
စစ်ကောင်စီနဲ့ TNLA တို့အကြားမှာ ဒီနှစ် ဧပြီလပိုင်းက အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံမှာ ဆွေးနွေးခဲ့ကြသေးပေမယ့် နှစ်ဖက်သဘောတူညီမှုတွေမရခဲ့ဘဲ ဆွေးနွေးပွဲပျက်ခဲ့ပါတယ်။
ပုံစာ – TNLA တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – TNLA

