အရေးပေါ် လူနာတင်ယာဉ်တွေရဲ့ အရေးပေါ် ပြ ဿ နာ အပိုင်း(၃)

အရေးပေါ် လူနာတင်ယာဉ်တွေရဲ့ အရေးပေါ် ပြ ဿ      နာ အပိုင်း(၃)

လမ်းကျပ်တဲ့ကိစ္စ ဘယ်လိုရှင်းမလဲ

ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့လို့ အရေးပေါ်လူနာယာဉ် တွေ အခက်အခဲဖြစ်နေတာတွေကို ဖြေရှင်းဖို့အတွက် လူနာတင် ယာဉ်အပါအဝင် မီးသတ်ကားနဲ့ VIP လမ်းကြောင်းတွေအတွက် အရေးပေါ်လမ်းကြောင်းကို တရားဝင်ထုတ်ပြန် သတ်မှတ်ထား သင့်တယ်လို့ အရေးပေါ်လူနာတင်ယာဉ်စနစ်နဲ့ပတ်သက်လို့ ပြည်ပမှာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ အရေးပေါ်လူနာတင်ယာဉ်ဌာနမှ အရာရှိချုပ် ဒေါက်တာအောင်ကျော်ထွဋ်က ဆိုပါတယ်။

”အမြဲတမ်းအရေးပေါ်လမ်းအဖြစ် သတ်မှတ်တာလည်း ရှိတယ်။ ဒါမှမဟုတ် တခြားယာဉ်တွေသွားလာခွင့်ပြုထားပြီး လိုအပ်တဲ့အချိန်မှာ ယာဉ်ထိန်းရဲ အကူအညီနဲ့လုပ်ဆောင်တာမျိုး ကိုလည်း နိုင်ငံတကာမှာတော့ အသုံးပြုတယ်”လို့ သူက အကြံ ပြုပါတယ်။

ရန်ကုန်တစ်မြို့လုံးကို ပညာရှင်တွေနဲ့လိုက်ကြည့်ပြီး ဆေး ရုံကို အမြန်ဆုံးရောက်နိုင်တဲ့ လမ်းကြောင်းကို အရေးပေါ်လမ်း ကြောင်းအဖြစ်သတ်မှတ်ကာ လူနာတင်ယာဉ်မောင်းတွေကိုပါ သတ်မှတ်ထားတဲ့လမ်းက မောင်းနိုင်ဖို့ လေ့ကျင့်သင်ကြားပေး တာမျိုးတွေလည်း လုပ်သင့်တယ်လို့ ဒေါက်တာမော်ဦးက ဆိုပါတယ်။

ဒါ့အပြင် အရေးပေါ်လမ်းအဖြစ်သတ်မှတ်ထားတဲ့ လမ်း တွေရဲ့ပလက်ဖောင်းတွေဟာ ခြောက်လက်မ အမြင့်သာလုပ် သင့်တယ်လို့ ဒေါက်တာလင်းအောင်က အကြံပြုပါတယ်။ ဘာ ကြောင့်လဲဆိုတော့ အရေးပေါ်အချိန်မှာ လမ်းပိတ်ခဲ့တာမျိုး ဖြစ် ခဲ့ရင် အရှေ့မှာပိတ်နေတဲ့တခြားယာဉ်တွေ ပလက်ဖောင်းပေါ် တက်ပြီး ရှောင်တိမ်းပေးနိုင်အောင်လို့ပါ။

အခုလက်ရှိ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေတဲ့ အခြေ အနေမျိုးမှာ ဒေါက်တာမော်ဦးစိုးရိမ်တာ တစ်ခုရှိပါတယ်။ ဒါက တော့ ပေါက်ကွဲမှုဖြစ်တာမျိုးလို ကြီးမားတဲ့ပြဿနာမျိုးတွေ ဖြစ်ပြီး လူနာတွေ ဆေးရုံကို အစုလိုက်အပြုံလိုက်ရောက်လာမှာကိုပါ။

”ဗုံးကွဲတာမျိုးဖြစ်ရင် ရန်ကုန်ဆေးရုံကြီးကိုတော့ အစီး ငါးဆယ်ရှိနေပြီ။ နောက်ကားတွေဆိုရင်တော့ အင်းစိန်ဆေးရုံကို လွှွဲတော့မယ်။ တစ်နေရာတည်းမှာ စုပြုံနေလို့မရဘူး”လို့ သူက ဥပမာပေးရှင်းပြပါတယ်။

ဒါကြောင့် ယာဉ်ကြောပိတ်ဆို့မှုဟာ လူနာတင်ယာဉ်တွေ အတွက် အချိန်မရွေး ဒုက္ခပေးနိုင်တာကြောင့် မဖြစ်ခင်ကတည်း က ကြိုတင်ပြင်ဆင်ပြီး လုပ်ဆောင်ထားသင့်တယ်လို့ ဒေါက်တာ မော်ဦးက ဆက်ပြောပါတယ်။

လမ်းပိတ်ဆို့မှုတွေနဲ့ဆက်စပ်လို့ နောက်ထပ်ကြုံတွေ့ရတာ တစ်ခုက အရေးပေါ်လမ်းကြောင်းတွေအတွက် အသုံးပြုကြတဲ့ အသံစနစ်ပါ။ မြန်မာနိုင်ငံမှာ ရဲဝန်ထမ်းတွေ အသုံးပြုတဲ့လမ်း ကြောင်းအသံ၊ မီးသတ်ဦးစီးဌာနက အသုံးပြုတဲ့အသံ၊ ကျန်းမာ ရေးဝန်ကြီးဌာနက အသုံးပြုတဲ့အရေးပေါ်လူနာတင်ယာဉ်အသံ ဆိုပြီး သုံးမျိုးရှိပါတယ်။

”အခု တချို့က အသံမျိုးစုံကို အသုံးပြုပြီး လူနာ ဆေးရုံ အမြန်ရောက်ဖို့ အသုံးပြုနေတယ်”လို့ ဒေါက်တာမော်ဦး ဆို ပါတယ်။

အရေးပေါ်တင်လူနာလမ်းကြောင်း အသုံးပြုမှုကို ကျန်းမာ ရေးဝန်ကြီးဌာန၊ လူမှုကူညီရေးအသင်းနဲ့ ရန်ကုန်ဆေးရုံကြီး အနီးရှိ လူနာတင်ယာဉ်မောင်းတွေကို လေ့ကျင့်သင်ကြားပေး ထားတာ မရှိသေးဘူးလို့ အရေးပေါ်ဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာမော်ဦးက ပြောပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုကတော့ ပြီးခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အား ကစားပွဲတုန်းက အရေးပေါ်လူနာတင်ယာဉ်မောင်းဝန်ထမ်း တစ်ရာဝန်းကျင်ကို သင်တန်းလုပ်ပေးဖူးတယ်လို့ ဆိုပါတယ်။

ဆရာဝန်များအသင်းမှ ဒေါက်တာလင်းအောင်ကလည်း သူ့အသင်းက ဝန်ထမ်းတွေကို အရေးပေါ်လူနာတင်ယာဉ်ရဲ့ အသံ စနစ်အသုံးပြုပုံနဲ့ ရှေးဦးသူနာပြုစုနည်းတွေကို သေချာလေ့ကျင့် သင်ကြားပေးထားတယ်လို့ဆိုပါတယ်။

ဆေးရုံသို့ အချိန်မီရောက်စေဖို့

ဆေးရုံ၊ ဆေးခန်းကို အရေးပေါ်လူနာတင်ယာဉ်တွေ အချိန် မီရောက်ရှိဖို့ ပထမဆုံးအနေနဲ့ လူနာတင်ယာဉ်ညွှန်ကြားမှုစင်တာ (Call Center) ကို ကျန်းမာရေးဝန်ကြီးဌာနက အကုန်အကျခံပြီး ဆောက်ရမယ်လို့ တွဲဖက်ပါမောက္ခ ဒေါက်တာမော်ဦးက အကြံပြု ပါတယ်။ ပြီးတော့ လူမှုကူညီရေးအသင်းနဲ့ ပုဂ္ဂလိကလူနာတင် ယာဉ်ဝန်ဆောင်မှုလုပ်ငန်းမှ လူနာတင်ယာဉ်တွေကလည်း ဒီ ညွှန်ကြားမှုစင်တာနဲ့ ချိတ်ဆက်ထားရမယ်လို့ဆိုပါတယ်။

အဲဒီစင်တာကို ဖုန်းဆက်ပြီး အရေးပေါ်လူနာတင်ယာဉ် ခေါ်ယူတဲ့အခါ လူနာရှင်ရဲ့ လိပ်စာ၊ လူနာအမျိုးအစား၊ လက်ရှိ ဘယ်လိုအခြေအနေရှိလဲဆိုတဲ့ အချက်အလက်ကို လက်ခံလုပ် ဆောင်ပေးမယ့် အဖွဲ့၊ ရှေးဦးသူနာပြုစုနည်းကျွမ်းကျင်တဲ့ အရေး ပေါ်လူနာကို သွားခေါ်မယ့်အဖွဲ့ဆိုပြီး နှစ်ဖွဲ့ထားရှိရမယ်လို့ သူက ပြောပါတယ်။ ပြီးတော့ သူက အခုလိုအကြံပြုပါသေးတယ်။

”လူနာတင်ယာဉ်ခေါ်ဆိုမယ့် ဖုန်းနံပါတ်ကိုလည်း လူထု အလွယ်တကူမှတ်နိုင်ဖို့ ဂဏန်းသုံးလုံးပဲ ထားရှိရမယ်”

လူနာတင်ယာဉ်ညွှန်ကြားမှုစင်တာ (Call Center) ကနေ တိုက်ရိုက်ညွှန်ကြားမှုစနစ်က အထိရောက်ဆုံးနည်းလမ်း ဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရေးပေါ် လူနာတင်ယာဉ်ဌာနမှ အရာရှိချုပ် ဒေါက်တာအောင်ကျော်ထွဋ် ကလည်း သဘောတူပါတယ်။

လူနာတင်ယာဉ်တွေမှာ GPS လမ်းပြမြေပုံစနစ်အပါအဝင် စကားပြောစက်တွေနဲ့ ဘယ်လမ်းကြောင်းကနေ ဘယ်လိုသွားရ မယ်၊ လူနာအခြေအနေဘယ်လိုရှိတယ်၊ ဘယ်လိုကုသရမယ် ဆိုတာကို စကားပြောစက်မှတစ်ဆင့် ညွှန်ကြားမှုစင်တာကနေ တိုက်ရိုက်လုပ်ပေးနိုင်မယ်လို့ သူက ဆိုပါတယ်။

လူမှုကူညီရေးအသင်းတွေနဲ့ပူးပေါင်းဆောင်ရွက်တဲ့အခါ မှာ  လူနာတင်ယာဉ်မှာလိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေ တပ်ဆင်တာ၊ တရားဝင်မဟုတ်တဲ့ မော်တော်ယာဉ်တွေကိုအသုံးပြု နေရင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနအချင်းချင်းညှိနှိုင်းပြီး မှတ်ပုံတင်ပေးတာ၊ ဝန်ထမ်းတွေကို ရှေးဦးသူနာပြုသင်တန်းတွေ ပေးတာတွေကို လုပ်ပေးရမယ်လို့ ဒေါက်တာမော်ဦးက ရှင်းပြ ပါတယ်။

လူမှုကူညီရေးအသင်းနဲ့ ပုဂ္ဂလိကလူနာတင်ယာဉ်လုပ်ငန်း မှ လူနာတင်ယာဉ်တွေဟာ ညွှန်ကြားမှုစင်တာအောက်မှာရှိတဲ့ အတွက် လူနာရှင်က ဆက်သွယ်လာတဲ့အခါ သက်ဆိုင်ရာမြို့ နယ်အလိုက်ကို ညွှန်ကြားမှုစင်တာက အမြန်ဆုံးဆက်သွယ် ချိတ် ဆက်ပေးနိုင်မယ်လို့ ဒေါက်တာမော်ဦးက ပြောပါတယ်။

”ကမာရွတ်မှာ ယာဉ်တိုက်မှုဖြစ်လို့ လူနာတင်ယာဉ်ခေါ် တယ်ဆိုရင် ကမာရွတ်မှာရှိတဲ့ လူမှုကူညီရေးအသင်းကို ညွှန် ကြားမှု စင်တာက ချက်ချင်း ဖုန်းနဲ့လှမ်းပြောပြီး သွားသယ်ခိုင်း နိုင်မယ်။ ရန်ကုန်ဆေးရုံကြီးက ကားကို သွားခေါ်စရာမလို့တော့ ဘူး”လို့ သူက ရှင်းပြပါတယ်။

ဒေါက်တာမော်ဦးဟာ အထက်ပါလုပ်ငန်းစဉ်တွေပါတဲ့ စာတမ်းတစ်စောင်ကို ကျန်းမာရေးဝန်ကြီးဌာနထံ ၂ဝ၁၄ တုန်း က တင်ပြထားပြီး ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း (ထိုစဉ်က တာဝန်ယူခဲ့တဲ့) ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်း ဦးဆောင်ပြီး ‘မြန်မာနိုင်ငံအရေးပေါ်လူနာတင်ယာဉ်ညွှန် ကြားမှုစနစ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အစည်းအဝေးနှစ်ကြိမ် ပြုလုပ်ခဲ့ ပါတယ်။

ဒါပေမဲ့ အကောင်အထည်မဖော်နိုင်ခဲ့ကြပါဘူး။  ”လာမယ့် အစိုးရသစ်လက်ထက်တော့ ဖြစ်လာဖို့ မျှော်လင့်တယ်”လို့ ဒေါက်တာမော်ဦးက ဆိုတယ်။     ။

၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

 

မောင်သင်တုန်း ရေးသည်။

 

အပိုင်း(၂)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."