ရိုးတံကျဲကျဲတွေ မြိုင်ထဲမှာ အငိုတိတ်စေချင်

၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။

သင့်နော် ရေးသည်။

(၁)

‘ရော်ရွက်ကြွေနွေအကူး လေရူးက သုန်

သိုက်မြုံကို သူခွာပြေး ဟိုအဝေးမှာ ပျံဝဲရ

ယှဉ်တွဲကြ ငှက်ငယ် လေဝဲကတော့

ခပ်ဆော့ဆော့ပြေးတယ်

ရိုးတံကျဲတို့ မြိုင်ထဲမှာ ငို

ဟိုစက်ဝိုင်းမှာဖြင့် တိမ်လှိုင်းတို့ သီကဘွယ်

ရီတပြဝယ်…’

(ဂီတစာဆို ကိုအောင်ကိုး)

(၂)

‘တမာသင်းသင်း၊ အင်ကြင်းနီနီ၊ သရဖီမွှေးမွှေး၊ ရွက်ဝါ ကြွေ မြူခြေဆိုင်း၍၊ ကြည့်လေမြင်လေရာ မြူတွေဝိုင်းလျက်၊ ပန်းတိုင်းပွင့်သော၊ အညာ မြေ၏ နွေဦးပေါက်ရာသီကို၊ အညာသားတို့ အလွမ်းဆုံးဖြစ်သည်ဟု ဆိုပါသည်။ ညနေညို၊ လေချိုသွေး၍ စုံမြိုင်ကျေးတို့ တေးသီတတ်သော အညာနွေဦးတွင် ဥသြငှက်ကလေး၏ လှသော တေးတစ်ပုဒ်လည်း ပါဝင်စေချင်ပါသည်။

မြိုင်ဦးက ဥသြတွန်ကျူးသံကို စာဖတ်သူ ကိုယ်တိုင် ခံစားကြည့်ရန် ဖြစ်ပါသည်’

(မောင်ရင့်မာ၊ ကျောင်းကုန်း)

(၃)

ဆရာမြင့်သိန်းလှိုင်က ‘ရိုးတံကျဲတွေ မြိုင်ထဲမှာ အငိုတိတ် စေချင်’တဲ့။ လွင့်ပါးနေတဲ့ သူ့စာ ၁၈ ပုဒ်ကို အဲဒီခေါင်းစဉ်နဲ့ စာ တစ်အုပ် ဖြစ်စေခဲ့တယ်လေ။ ကိုကြည်စိုး (ပြည်)ရဲ့ အစီအစဉ်၊ ဇွန်ပွင့်စာအုပ်တိုက်ရဲ့ ထုတ်ဝေမှု။ အုပ်ရေ ၅ဝဝ ကို ပထမအကြိမ် အဖြစ် ၂ဝ၁၆၊ ဇန်နဝါရီမှာ တွေ့ရပြီ။ တန်ဖိုး ၃ဝဝဝ ကျပ်၊ ကာဗာ ကျော်ဖြူစံ။ ၂၅၃ မျက်နှာ။ စီစဉ်သူကတော့ ‘ရိုးတဲကျဲ’ကို ‘ရသ အတွေးအမြင်စာစု’ လို့ ကင်ပွန်းတပ်ထားရဲ့။

ချယ်ရီ၊ ရနံ့သစ်၊ နွယ်နီ၊ ကြီးပွားရေး၊ ချိုးဖြူ၊ ပခုက္ကူအသင်း၊ ပခုက္ကူ အ.ထ.က၊ မြိုင် အ.ထ.က(ရွှေရတု)နဲ့ ထနောင်းရိပ်တို့မှာ  ပုံနှိပ်ပြီးသား စာ ၁၈ ပုဒ်ပါ။ အဲဒါကို ကောက်သင်းကောက် ဖော် ပြရာမှာ ဘယ်စာဟာ ဘယ်တုန်းက၊ ဘယ်မဂ္ဂဇင်း၊ ဘယ်စာစောင် ထဲမှာ ပါခဲ့တယ်ဆိုတာ ဖော်ပြပေးဖို့ စီစဉ်သူ မေ့လျော့ခဲ့ပေတယ်။စာပြီးနှစ် ပါမလာဘူး။ သို့ပေမယ့် ပါလေသမျှ စာတွေဟာ ဘယ် ခေတ်၊ ဘယ်ကာလဖြစ်တယ်ဆိုတာကို ကောင်းကောင်းခန့်မှန်း လို့ ရနိုင်တဲ့ သဲလွန်စတွေ အပြည့်နဲ့ပါပဲလေ။ ကိန်းဂဏန်းနဲ့ တွေ့ ရတာမျိုး ပါသလို အဖြစ်အပျက်နဲ့ ဆက်စပ်သိနိုင်တာမျိုးလည်း ပါလေတော့ မျက်ခြည်ပြတ်လောက်တဲ့ အခြေအနေတော့ မဟုတ်ဘူးပေါ့နော်။

ရိုးတံကျဲအတွက် အမှာစာကို မောင်ရင့်မာ(ကျောင်းကုန်း) က ‘မြိုင်ဦးမှာ ဥသြတွန်တဲ့အခါ’လို့ ခေါင်းစီးပေးထားတယ်။ သူက ရိုးတံကျဲတွေကို ‘အက်ဆေးဟု ဆိုအပ်သော စာများ ဖြစ်ပါ သည်’တဲ့လေ။

(၄)

ဟုတ်ကဲ့။ ရိုးတံကျဲတွေဟာ အက်ဆေးတွေလို့ပဲ ခံစားကြ ရအောင်။ သဘာဝပန်းချီကားချပ်တွေ၊ အလွမ်းပန်းချီကားချပ် တွေ၊ အမှတ်တရ ရုပ်ပုံလွှာတွေ၊ အညတရ ရုပ်ပုံလွှာတွေ၊ စူးစူးရှရှ ခံစားချက်တွေ၊ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေ၊ တော တောင်ရေမြေအနှံ့ ခြေဆန့်ခဲ့ပုံတွေ၊ လောကဓမ္မ သင်္ခါရနဲ့ ရင်ဆိုင် ခဲ့ရပုံတွေ၊ ထူးတွေတည့် အံ့ရာသော်တို့ကို ကြုံဆုံရပုံတွေ၊ အ တိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် အကူးအသန်းတွေ၊ ဒီလောကီဘုံ အ နှမ်းမို့ ကြုံစမ်းရပုံတွေ၊ အစုံ အစုံ အဖုံဖုံ၊ ရိုးလျက်နဲ့မဆန်း၊ သံ သရာဘုံမှာ အဖန်ဖန် ဆုံရပုံတွေ၊ စာပန်းချီသထားတဲ့ စာအလှ တွေ၊ ထိရှတဲ့ တိကျတဲ့ အမှတ်အသား၊ အဖွဲ့အနွဲ့၊ အခင်းအကျင်း တွေ။

တစ်ပုဒ်ချင်း ရွေးဖတ်နေစရာမလိုတဲ့ ‘ရိုးတံကျဲ’။ အမှာစာ ဖြစ်တဲ့ ‘မြိုင်ဦးမှာ ဥသြတွန်တဲ့အခါ’က စလို့ တစ်ပုဒ်ပြီး တစ်ပုဒ် ဆက်တိုက် ‘မြင့်သိန်းလှိုင်’ခေါ်ရာနောက် ကောက်ကောက်ပါရ တော့တဲ့ ‘ရိုးတံကျဲ’။ တစ်အုပ်လုံး ဆုံးခန်းတိုင်တဲ့အခါကျမှ မာတိ ကာ ကြည့်ပြီး တစ်ပုဒ်စီ ပြန်ဖတ်ပြီး တစိမ့်စိမ့် ပီတိဖြစ်ရလေတဲ့ ‘ရိုးတံကျဲ’။ အရင့်အရင်က ဘာကြောင့် မြင့်သိန်းလှိုင်ကို မသိခဲ့ရ ပါလိမ့်၊ မထိခဲ့ရပါလိမ့်၊ မငြိခဲ့ရပါလိမ့်လို့ တနုံ့နုံ့ဖြစ်နေရတဲ့ ‘ရိုးတံ ကျဲ’။ အတွေ့ရနောက်ကျတာကို မချင့်မရဲ ဖြစ်မိပေတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဖြစ်ပါစေ။ အခု ၂ဝ၁၆ မှာ မြင့်သိန်းလှိုင်ကို ရိုးတံကျဲ ၁၈ ပုဒ်နဲ့ ပက်ပင်းတိုးမိတာဟာ စာပေလာဘ်တစ်ပါး ‘တည့်’ဝင်လာတာပဲလို့ ပီတိနဲ့ ခံစားရပါပြီ။ စာရတနာစုကို အခါ ခါ ရှုခွင့် ကြုံပါပြီ။

(၅)

ခရီးသွားဆောင်းပါး။ ရုပ်ပုံလွှာ အဖွဲ့အနွဲ့။ ဒေသန္တရ မှတ် တမ်း။ တောတောင်ရေမြေ ရာသီဥတု၊ အနုအလှခံစားမှုနဲ့ သဘာဝပတ်ဝန်းကျင်ရဲ့  တုံ့ပြန်ချက်။ အိမ်လွမ်းဝေဒနာနဲ့ အတိတ်ခြေရာ။ လောကဓံအထုအထောင်း သောင်းပြောင်းထွေ လာရယ်စရာနဲ့ မောစရာ။ ကံကြမ္မာအလှည့်အပြောင်း ကောင်း ဆိုးအထွေထွေ။ နေရသခိုက် ကျင်လည်ရာ ဘဝထိုထို။ ခိုလှုံရာ ဝန်းကျင်အသီးသီး။ လွမ်းမောဖွယ်ရာ ရွာရိပ်ဝန်းကျင် မျှော်လေ လျှင်။ လောကသဘာဝ၊ လူ့သဘာဝ အံ့သြလေစွ ကြုံတွေ့ရ။ မှတ် မှတ်သားသား ဆွေသားရင်းချာ ဉာတကာ မိတ်သဟာယ တွေ့ဆုံ ကြုံကွဲ ဖြစ်မြဲဓမ္မတာ။

ဘာအကြောင်းပဲဖြစ်ဖြစ် ရင်ထဲက လှိုက်လှိုက်လှဲလှဲ ထွက် လာတာချည်း ဖြစ်နေတာကြောင့် ရိုးတံတွေဟာ ကျဲတယ်လို့ ဆို ပေမယ့် လှနေတယ်။ လွင်နေတယ်။ ခုန်ပေါက်ရှင်သန်နေတယ်။  ရှုမဝကြည့်မဝလောက်အောင် တိမ်းညွှတ်စရာ ကောင်းနေတယ်။  အရောင်စုံ၊ အသွေးစုံ ခံစားမှုအဖုံဖုံ အဖွဲ့အနွဲ့ အသားကုန်။ နေရာ တကျ ခင်းကျင်းရာမှာ ညီညွတ်ချောမွေ့မှု အပြည့်အဝ။ ဖတ်ရ လေသမျှ အပြစ်မရှိ။ မသိခဲ့သမျှ အတိုးချ သိရ။ လွမ်းစရာရှိသမျှ  စိတ်ရှိလက်ရှိ လွမ်းလိုက်ရ။ ခေတ်နဲ့ စနစ်နဲ့ အဖြစ်နဲ့ ဆက်ဆက် စပ်စပ် ပါးပါးလျလျ။ သူက ဝန်ထမ်း၊ ထို့ကြောင့် သူက အပြစ်မဖြစ် ရေး တွေးတွေးဆဆ။ သူက စာနဲ့ ပေနဲ့ အထူးနီးစပ်သူ။ အနုပညာ နဲ့ ထုံမွှမ်းပြီးသား အနေအထား။ သူ့ရင်ထဲမှာ ဘာတွေ ရှိနေသလဲ၊ ဘယ်လောက်ထုထည်ကြီးမားပြီးသား ဖြစ်နေသလဲ၊ သူ့အမှတ် အသား၊ သူ့ယုံကြည်ချက်၊ သူလျှောက်ခဲ့တဲ့ လမ်း၊ သူ လျှောက်ရ မယ့်လမ်း၊ သူ နားခိုမယ့် မှတ်တိုင်။ သူ့ရင်ထဲက ရိုးတံကျဲ။ သူ့ အသည်းနှလုံးထဲက အစွဲအမြဲ။ အစိုင်အခဲ အမြုတေ။ ဝေဒနာ၊ တံလျှပ်။

(၆)

‘ရိုးတံကျဲ’ကို ဖတ်ခွင့်ရတဲ့အခါ စာရေးခြင်းအတတ်ပညာနဲ့ စာရေးမယ့် သူရဲ့ အလိုအလျောက် ပြည့်ဝနေမှုတို့ အဆက်အစပ် ကို ဖျတ်ခနဲ မြင်လိုက်ရတယ်။ ခုဆို အသက်အရွယ်အားဖြင့် ၇၇ နှစ်အတွင်း ချဉ်းနင်းနေမိပြီဖြစ်တဲ့ ဆရာမြင့်သိန်းလှိုင်အနေနဲ့ သူ့ဘဝတစ်လျှောက်လုံးမှာ စာနဲ့ပေနဲ့ ထိစပ်ယဉ်ပါးလှတဲ့ အချိန်ကာလရယ်လို့ သူ့ဘာသာသူ စာနဲ့ မျက်နှာကပ်မိတဲ့အခါ မျိုးမှာသာဖြစ်တယ်ဆိုတဲ့ အပိုင်းအခြားမျိုးပဲ ဖြစ်မှာသေချာ တယ်။ ငယ်စဉ်အခါ ပညာရှာခိုက်မှာသာဖြစ်မှာ၊ ရန်ကုန် တက္ကသိုလ်မှာ ခိုလှုံခိုက်မှာသာ ဖြစ်မှာ။ ကျန်တဲ့ ဘဝအပိုင်းအခြား မှာတော့ သူက စစ်ထွက်ယောကျ်ား ဇာနည်ဘွား။ ပြီးတော့ ဌာနဆိုင်ရာ အရပ်ဘက်ဝန်ထမ်း၊ ပြီးတော့ အငြိမ်းစား။

စာကိစ္စ၊ စာဝေဒနာ၊ စာအသီးအပွင့် ဝေဝေဆာဆာ သူ့ခံ စားမှုဝေဒနာတို့က အကြောင်းတိုက်ဆိုင်မှု တစ်ခုခုရှိပါမှ လျှံကျ ယိုဖိတ်လာလေသလား၊ ဘာကြောင့် တသွင်သွင် စီးဆင်းမနေရ သလဲ၊ မချင့်မရဲဖြစ်ချင်စရာ ကောင်းလွန်းနေလေရဲ့။ ဘာကြောင့် ဆိုတော့ သူ့စာတွေက ထိရှမှုအင်အား ပြင်းထန်နေလို့ပါ။ ခံစားရ တာ အရသာမြက်မြက်ကလေး ရှိနေလို့ပါ။

(၇)

စာရေးသူမြင့်သိန်းလှိုင်က ရိုးတံကျဲတွေ မြိုင်ထဲမှာ အငို တိတ်စေချင်သတဲ့။ စင်စစ်မှာတော့ ရိုးတံကျဲဟာ အခါရာသီအရ သူ့သဘာဝနဲ့ သူ မြိုင်ထဲမှာ ငိုလေ့ရှိတယ်လေ။ ငိုပေ့စေ၊ ငိုခွင့်ရှိ ပြီးသား။ မြိုင်ညိုညိုမှာ ငိုချင်သလောက် စိတ်ရှိလက်ရှိ ငိုစမ်းပါ စေ။ ရာသီခါမီ ငိုပါစီ။ သူငိုလို့သာ ကိုယ်က ပြိုကျရတာ။ သူ များ များငိုလေ ကိုယ် များများပြိုလေပေါ့။ သူ့သဘာဝအရ မြိုင်ဦး မှာ ဥသြတွန်တဲ့အခါ ရိုးတံကျဲတွေက ငိုမှာပါပဲ။

ဖြစ်နေပုံက ရိုးတံကျဲခမျာမှာ သူ့မိရိုးဖလာ၊ သူ့ဘိုးစဉ် ဘောင်ဆက်၊ ခုလို နွေဦးဝင်တဲ့အခါ ငိုလေ့ငိုထရှိခဲ့ရာက ခေတ် ဆိုး၊ စနစ်ဆိုး၊ လူဆိုးသူခိုးတွေနဲ့ ပက်ပင်းတိုးမိတဲ့ ခုနေခါ ကာလ ရောက်ပါမှ ငိုချင်ရက်နဲ့မှ မငိုနိုင်ရတဲ့ ဘဝ၊ တောလုံးကျွတ် အမြစ် ပါမကျန် တူးယူခံရတဲ့ ဘဝနဲ့ လုံးလုံးမှ မငိုနိုင်တော့တဲ့ ဘဝကို ဒုတ်ဒုတ်ထိ ရောက်ကုန်ကြရတော့တာပါကလား။

ကျန်ကောင်းကျန်ရာ ရိုးတံကျဲ များရှိနေသေးရင် မူလ အတိုင်း ငိုမြဲ ငိုခွင့် ပေးကြမှ တော်လိမ့်မယ်။ ရိုးတံကျဲတို့ မြိုင်ထဲ မှာ ငိုမှသာ ဝေဒနာတွေ၊ အိမ်လွမ်းစိတ်တွေ၊ စာပန်းချီတေးတွေ သီရေးဟစ်ကြွေးနိုင်ကြမှာပါ။ ရိုးတံကျဲတွေရဲ့ ဘဝဟာ အငိုနဲ့ တည်ဆောက်ထားကြတာမို့ သူရို့တစ်တွေ ငိုပါစေ။ မငိုနိုင်အောင်၊ အငို အမြစ်ပြတ်အောင် အငြိုးတကြီးနဲ့၊ လောဘတကြီးနဲ့ တော လုံးကျွတ် ခုတ်လှဲနေသူတွေအတွက် ရိုးတံကျဲတို့ကို မခုတ်လှဲစေ ချင်လို့ ခေါင်းစဉ်တပ်ပြီး နောက်ထပ် နောက်ထပ် ဝေဒနာတွေ၊ ခံစားချက်တွေကို ဆရာမြင့်သိန်းလှိုင်လို ပွင့်အံဖော်ထုတ် စာတစ် အုပ်ဖြစ်အောင် လုပ်နိုင်ခွင့် ကြုံကြပါစေလေ။     ။

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."