ကွမ်းယဉ်ကျေးမှု တော်လှန်ရေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး၊ သုံးထပ် အဆောက်အအုံရဲ့ မြေညီထပ်ဝင်ပေါက် အဖြူရောင်တိုင်တွေရဲ့ အောက်ခြေတွေဟာ မည်းညစ် ညစ်အနီရောင်တွေနဲ့ စွန်းထင်းနေပါတယ်။

အနီရောင်စွန်းပေနေတဲ့ ကွန်ကရစ်တိုင်အောက်ခြေကို ကျွန်တော်ကြည့်နေတဲ့အချိန်မှာ မျက်နှာချင်းဆိုင်အခန်းထဲကနေ ကော်လာကတုံးအင်္ကျီအဖြူနဲ့ ပုဆိုးဝတ်ဆင်ထားတဲ့ အမျိုးသား တစ်ဦးထွက်လာပြီး တိုင်ခြေရင်းမှာ ကွမ်းတံတွေးကို ပျစ်ခနဲ လှမ်းထွေးလိုက်ပါတယ်။ ပြီးတော့ အခန်းထဲပြန်ဝင်သွားပါတယ်။

ခဏအကြာ အဲဒီတိုင်နဲ့ မလှမ်းမကမ်းမှာရပ်နေတဲ့ အမျိုးသားသုံးဦးထဲမှတစ်ယောက်ကလည်း တိုင်အနားကို ချဉ်းကပ်လာပြီး သူ့ပါးစောင်ထဲမှာ ပိတ်ငုံထားရတဲ့ ကွမ်းတံတွေးတွေကို ထွေးအန်လိုက်ပြန်ပါတယ်။

တကယ်တော့ သူတို့ဟာတိုင်ခြေရင်းက တစ်ပေပတ်လည် လောက်ကျယ်တဲ့ ရေနုတ်မြောင်းပေါက်ထဲကို လှမ်းထွေးကြတာပါ။ ဒါပေမဲ့ မြောင်းပေါက်ထဲသာမက ကွန်ကရစ်တိုင်ခြေအထိ ကွမ်းသွေးတွေက စွန်းထင်းနေပါတယ်။ ကွမ်းတံထွေး အထွေးခံရတဲ့ အကြိမ်ရေများပြီး ကာလကြာလာတဲ့အခါမှာတော့ ကွန် ကရစ်တိုင်ရဲ့ ခြေရင်းဟာ ညစ်ပတ်သွားသလို ရေနုတ်မြောင်း ပေါက်ဟာလည်း မိုးရေတွေ ကျဆင်းနေပေမယ့် ကွမ်းသွေး အရောင်တွေ ပျောက်ပြယ်မသွားဘဲ မည်းညစ်ညစ်ဖြစ်လို့နေပါတယ်။

အဆောက်အအုံရဲ့မြေညီထပ်ကနေ လှေကားအတိုင်း တက်သွားတဲ့အခါ လှေကားထစ်ရဲ့ထောင့်တချို့ နေရာတွေမှာလည်း ကွမ်းတံတွေးအစက်အပြောက်တချို့ကိုတွေ့ရပါတယ်။ အဲဒီကွမ်းတံတွေးအစက်အပြောက်တွေရဲ့ အပေါ်ဘက်နားမှာတော့ ‘ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ’ဆိုတဲ့ သတိပေးစာရွက်တချို့ ကပ်ထားတာကို တွေ့ရပါတယ်။

အဆောက်အအုံရဲ့အပေါ်ဆုံးထပ်၊ ဝန်ကြီးရုံးခန်းတွေရဲ့ ရှေ့က တိုင်တွေမှာလည်း ‘ကွမ်းမစားရ၊ ကွမ်းတံတွေး မထွေးရ’ဆိုတဲ့ အနီရောင်ဆိုင်းဘုတ်အသစ်တွေကို ကပ်လို့ထားပါတယ်။ အဲဒီ အထပ်မှာ သွားလာနေတဲ့ ဝန်ထမ်းတချို့ကို ကြည့်လိုက်တဲ့အခါမှာ သူတို့သွားတွေဟာ ကွမ်းချိုးတွေကပ်နေတာကို မြင်လိုက်ရပါတယ်။

အထက်ပါမြင်ကွင်းတွေက ကွမ်းစားသုံးမှုနဲ့ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှု လျော့နည်းပပျောက်ရေးလုပ်ဆောင်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြက်ရယ်ပြုနေသလိုပါပဲ။

အဲဒီနေရာကို ကျွန်တော်ရောက်သွားတဲ့နေ့က ဇွန် ၁၆ ရက်။ အဲဒီမြင်ကွင်းကို ဇွန် ၂၂ ရက်(မဂ္ဂဇင်းဖောင်ပိတ်ချိန်)အထိ အဲဒီအတိုင်းမြင်နေရဆဲပါ။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ကွမ်းစားခြင်းနဲ့ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှု ကျဆင်းပပျောက်ရေးကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး အကောင်အထည်ဖော်နေပါပြီ။

အကြောင်းကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ကွမ်းကိစ္စဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးတွေကို မေ ၁၆ ရက်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာကြောင့် ဖြစ်ပါတယ်။

အဲဒီစီမံကိန်းနဲ့ပတ်သက်တဲ့ သတင်းတွေဟာ ကွမ်းစားသူတွေနဲ့ ကွမ်းကိုအမှီပြုပြီး စီးပွားရှာသူတွေကို ဂယက်ရိုက်ခတ်ခဲ့ ပါတယ်။

အဝေးပြေးကုန်ကားမောင်းတဲ့ ဦးမြင့်စိုးဟာ ကွမ်းယာကို တစ်ရက် ကျပ်နှစ်ထောင်ကျော်ဖိုးစားတတ်တဲ့သူပါ။ ညပိုင်းတွေမှာ ယာဉ်မောင်းရတာဖြစ်လို့ အိပ်မငိုက်အောင် ကွမ်းယာကို မပြတ်စားရတယ်လို့ ဆိုပါတယ်။

ကွမ်းစားတာဟာ ကျန်းမာရေးကို ထိခိုက်တယ်ဆိုတာသိပေမယ့် သူ့အနေနဲ့ ကွမ်းမစားရမနေနိုင်အောင် စွဲနေပြီလို့ဆိုပါ တယ်။ အစိုးရရဲ့ ကွမ်းကြေညာချက်ထွက်လာတဲ့အပေါ်မှာ သူ့ရဲ့ သဘောထားကို အခုလိုပြောပါတယ်။

          ”(ကွမ်း)ဖြတ်လို့လည်း ရမှာ မဟုတ်ဘူး။ ကျွန်တော် ဖြတ်လည်း မဖြတ်ပါဘူး”

ကွမ်းအန္တရာယ်

မြန်မာနိုင်ငံမှာ ကွမ်းစားခြင်းယဉ်ကျေးမှုဟာ ရှေးအခါကတည်းက ရှိခဲ့တာဖြစ်သလို လက်ရှိအချိန်အထိလည်း အများအပြား စားနေကြဆဲပါ။

မြန်မာတစ်နိုင်ငံလုံးလူဦးရေရဲ့ ၄၃ ဒသမ ၂ ရာခိုင်နှုန်း (ငါးယောက်မှာ နှစ်ယောက်နှုန်း)ဟာ ဆေးရွက်ကြီးပါတဲ့ ကွမ်းစားကြတယ်လို့ မေ ၃၁ ရက် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

ယင်းအနက်မှ ကွမ်းစားသူအများစုဟာ အမျိုးသားတွေ ဖြစ်နေတာကို အဆိုပါ အခမ်းအနားမှာ ပြောကြားခဲ့တဲ့ ကိန်းဂဏန်း တွေက ပြသနေကြပါတယ်။

ဒီလိုဈေးကွက်ဝယ်လိုအားရှိနေတာကြောင့်လည်း ကွမ်းကို အမှီပြုပြီး လုပ်ကိုင်စားသောက်ကြရတဲ့သူတွေကလည်း မနည်းလှပါဘူး။ ဒီနေရာမှာ ကွမ်းနဲ့ဆက်စပ်တဲ့ ကွမ်းသီး၊ ဆေး ရွက်ကြီးအစရှိတဲ့ပစ္စည်းတွေ ရောင်းချမှုကလည်း ရှိနေပါသေးတယ်။

ကွမ်းစားသုံးခြင်းနဲ့ပတ်သက်ပြီး အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ကွမ်းစားခြင်းဟာ ပြည်သူတစ်ရပ်လုံးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာဖြစ်စေတာကြောင့် လုပ်ရတာဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။

သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီး ဒေါက်တာထွန်းဇော်က ကွမ်းစားခြင်းကြောင့် ဖြစ်နိုင်တဲ့ အန္တရာယ်တွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

”ကွမ်းကို ထုံး၊ ကွမ်းသီးနဲ့ ရိုးရိုးစားရင် ကင်ဆာမဖြစ်ဘူး။ ဒါပေမဲ့ များများစားတော့ သွားတွေ ပျက်စီးတာ၊ သွားဖုံးပျက်စီး တာဖြစ်တယ်”

အိန္ဒိယဆေးမွှေး၊ အာမွှေးဆေး၊ ဆေးရွက်ပေါင်းရည် (နှပ်ဆေး)၊ ဆေးရွက်ကြီးတွေနဲ့ ဂုံခါး၊ အမွှေးဘူးတွေနဲ့ စားမယ်ဆိုရင်တော့ ခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ သွားကင်ဆာနဲ့ လျှာကင်ဆာတို့ကို ဖြစ်စေတယ်လို့ သူက ရှင်းပြပါတယ်။

”ကွမ်းစားတဲ့အတွက် ပထမဆုံးက အာခေါင်နဲ့ ပါးစောင် တွေမှာရှိတဲ့ အချွဲရည်တွေပျက်စီးတယ်။ ပျက်စီးတဲ့အတွက် ပါးစပ်ခြောက်တဲ့ရောဂါတွေဖြစ်တယ်။  နောက်တစ်ခုကင်ဆာဖြစ်ဖို့ အားပေးတာက ကွမ်းကို မိုးလင်းကနေ အိပ်တဲ့အထိ ငုံထားတာရှိတယ်။ ကွမ်းမဝါးရရင် မနေနိုင်လု့ိ တစ်နေကုန် ဝါးလိုက်၊ မျိုချ လိုက်လုပ်နေတဲ့သူတွေက ကင်ဆာဖြစ်နိုင်တယ်”လို့ ဒေါက်တာ ထွန်းဇော်က ရှင်းပြပါတယ်။

ကျန်းမာရေးကို ခြိမ်းခြောက်တာကြောင့် အစိုးရက အခုလိုစီမံကိန်းတွေအကောင်အထည်ဖော်ရတာကို ကွမ်းရွက် အရောင်းအဝယ်လုပ်တဲ့သူတွေကလည်း ထောက်ခံပါတယ်။

ကွမ်းစားသုံးမှုက ကျန်းမာရေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေတယ်လို့ဆိုရာမှာ အန္တရာယ်ရှိတဲ့ ကွမ်းရောင်း ချမှုတွေကို အစိုးရအနေနဲ့ အရင်ဆုံးစစ်ဆေးသင့်တယ်လို့ မော်ကွန်းမဂ္ဂဇင်းက ချဉ်းကပ်ခဲ့တဲ့ သီရိမင်္ဂလာဈေးသစ်ရှိ ကွမ်းရွက် ရောင်းဝယ်ရေးဒိုင်တွေက ဆိုပါတယ်။

ကွမ်းစားသုံးမှုကို လျော့နည်းပပျောက်သွားဖို့ဆိုတာထက် ”ပထမဦးစားပေးလုပ်ရမှာက ဓာတုကင်းစင်တဲ့ ကွမ်းယာ ရောင်းချနိုင်အောင် အစိုးရက ကူညီဆောင်ရွက်ရမယ်”လို့ သီရိမင်္ဂလာဈေးသစ်ရှိ လှိုင်ကြီးကွမ်းရွက်ရောင်းဝယ်ရေးဒိုင်မှ ဦးကျော်စိုးဝင်းက ဆိုပါတယ်။

အကြောင်းကတော့ ကွမ်းခြံသမားတွေဟာ ကွမ်းရွက်လှဖို့၊ ကွမ်းကောင်းဖို့အတွက် ဆေးမျိုးစုံကို သုံးကြပါတယ်။ ဦးကျော်စိုးဝင်းတို့လို ကွမ်းဒိုင်တွေကို ကွမ်းရွက်တွေရောက်လာတဲ့အခါ မှာတောင် ဆေးနံ့တွေက မပျောက်သေးဘူးလို့ သူကဆိုပါတယ်။ ဒါကြောင့် ကွမ်းယာဆိုင်တွေက လာဝယ်တဲ့အခါ ကွမ်းရွက်တွေကို ရေလောင်းပေးလိုက်သလို ထပ်ပြီး သေချာ ရေဆေးဖို့လည်း မှာရတယ်လို့ သူက ဆိုပါတယ်။

ပြီးတော့ သူတို့ရဲ့ ကွမ်းဒိုင်တွေကရောင်းတဲ့ ကွမ်းတွေကိုလည်း ဓာတုကင်းစင်မှုရှိ၊ မရှိ အစိုးရက စစ်ဆေးသင့်ပြီး အန္တရာယ် ရှိပါက ဖျက်သိမ်းပေးဖို့ အဆင်သင့်ပဲလို့ သူကဆိုပါတယ်။

ကွမ်းယာမှာ အသုံးပြုတဲ့ နှပ်ဆေးရည်၊ ဆေးမွှေးအမျိုးမျိုး တွေဟာလည်း ကျန်းမာရေးနဲ့ညီညွတ်မှု ရှိ၊ မရှိနဲ့ စားသုံးဖို့ သင့်၊ မသင့်ကို အစိုးရက စစ်ဆေးတာမျိုး လုပ်သင့်တယ်လို့ သီရိမင်္ဂ လာဈေး သစ်မှ ကွမ်းဒိုင်ပိုင်ရှင်ဦးချစ်ဦးက ပြောပါတယ်။

ကွမ်းယာမှာ အသုံးပြုတဲ့ဆေးမွှေးတွေဟာ အရင်ကတော့ အိန္ဒိယဘက်က တိုက်ရိုက်တင်သွင်းကြတယ်။ အခုအခါမှာတော့ ဆေးမွှေးတွေကို ရန်ကုန်မှာပဲအတုထုတ်ကြတယ်လို့ ကွမ်းရွက် ရောင်းဝယ်ရေးဒိုင်တွေက ပြောပါတယ်။

ဆေးမွှေးထုတ်လုပ်သူတစ်ဦးရဲ့ အိမ်ကို သွားရောက်လေ့ လာဖို့ မော်ကွန်းမဂ္ဂဇင်းက ကြိုးစားခဲ့ပါသေးတယ်။

ပထမမှာ လေ့လာခွင့်ပြုဖို့ သဘောတူခဲ့ပေမယ့် သတင်းထောက်လို့ မိတ်ဆက်တဲ့အခါမှာတော့ သူ့ရဲ့ ဆေးမွှေးထုတ်တဲ့ နေရာကို လေ့လာခွင့်မပြုတော့ပါဘူး။

”နှပ်ဆေးရည်မှာ ဓာတုဆေးထည့်တယ်ဆိုတာ အပုပ်နံ့ မထွက်အောင်သုံးတာ။  တရုတ်က လာတာရှိတယ်။ အိန္ဒိယက လာတာရှိတယ်။ အန္တရာယ်ရှိ၊ မရှိတော့ မပြောတတ်ဘူး”လို့ ရွှေပြည်သာမြို့နယ်က အမည်မဖော်လိုတဲ့ နှပ်ဆေးရည် ဆေးမွှေး ထုတ်လုပ်သူတစ်ဦးက ပြောပါတယ်။

သူကိုယ်တိုင်ကလည်း အိန္ဒိယဖြစ် ဘူးခွံတွေကို တမူးနယ် စပ်ကတစ်ဆင့် ဝယ်ယူပြီး ရန်ကုန်မှာ နှပ်ဆေးမွှေးရည်နဲ့ အာမွှေး တို့ကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချနေတဲ့သူတစ်ဦးပါ။ အာမွှေး ထည့်တဲ့ဘူးတွေဟာ အတုလုပ်ဖို့အတွက် သီးသန့်ထုတ်ပေးထား တာကြောင့် အဖုံးကို ခဲပတ်နဲ့ပိတ်ထားပြီး ဘူးဖင်ကနေ အာမွှေး ကို ထည့်ရတာလို့ဆိုပါတယ်။

ကွမ်းကို ရှေးယခင်က ထုံး၊ ကွမ်း၊ ဆေးရွက်ကြီးနဲ့သာ စားလာရာကနေ အခုခေတ်မှာတော့ မူးဝေတဲ့စနစ်ကို ပြောင်းလဲ အသုံးပြုပြီး စားလာကြတယ်လို့ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်လွင်က ပြောပါတယ်။ ကွမ်းယာထဲမှာ ထုံမှိုင်းမူးဝေတဲ့နည်းတွေသုံးတာကြောင့် လူတွေက စွဲလမ်းလာပြီး မူးဝေတဲ့စိတ်ကို ကြိုက်နှစ်သက်လာကြတယ်လို့ သူက ပြောပြပါတယ်။

ကွမ်းရွက်နဲ့ ဆေးမွှေးတွေအပြင် ကွမ်းသီးမှာလည်း ဓာတု ဆေးတွေကို အသုံးပြုပြီး ကွမ်းသီးအရောင်းလှအောင် ကွမ်းသီး ဖွေးအောင် ကွမ်းရောင်းချသူတွေက  အသုံးပြုနေတယ်လို့ ဘုရင့့် နောင်ပွဲရုံတန်းရှိ ‘ဇော်’ကွမ်းသီးရောင်းဝယ်ရေးဒိုင်မှ ဦးမောင် မောင်မြင့်က ပြောပါတယ်။

 

စိုးရိမ်မှုတွေရှိ

တကယ်လို့သာ ကွမ်းတိုက်ဖျက်ရေးကို အစိုးရက အကောင် အထည်ဖော်ပြီဆိုရင် ဝင်ငွေထိခိုက်မယ့်အဖြစ်ကို ကွမ်းကိုမှီပြီး လုပ်ကိုင်စားသောက်သူတွေက စိုးရိမ်နေကြပါတယ်။ အဲဒီလို စိုးရိမ်ရအောင်ကလည်း ကွမ်းဈေးကွက်က ကြီးမားပါတယ်။

”လုံးဝပိတ်ပင်လိုက်မယ်ဆိုရင် ကွမ်းကို မှီခိုနေတဲ့မိသားစု သိန်းနဲ့ချီ ဒုက္ခရောက်နိုင်တယ်”လို့ ကွမ်းဒိုင်ပိုင်ရှင် ဦးချစ်ဦးက ဆိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ရန်ကုန်က သီရိမင်္ဂလာဈေးသစ်က ကွမ်းရွက်ရောင်းဝယ်ရေးဈေးကွက်ဟာ အကြီးဆုံးဖြစ်တယ်လို့ ကွမ်းရွက်ဒိုင်တွေက ဆိုပါတယ်။

ဒီဈေးမှာ ကွမ်းရွက်ရောင်းဝယ်ရေးဒိုင် အကြီးအသေးစုစု ပေါင်း ၂၁ဝ ကျော်ရှိပါတယ်။ သီရိမင်္ဂလာဈေးသစ်မှာတော့ ကွမ်း ဒိုင်၊ ကွမ်းပွဲစား၊ ကုန်ထမ်းတဲ့လူတွေအပါအဝင် အလုပ်သမားတစ် ထောင်လောက်နဲ့ ကွမ်းရွက်ရောင်းဝယ်ရေးကို လည်ပတ်နေကြ တာပါ။

သီရိမင်္ဂလာဈေးသစ်ကို ညောင်တုန်း၊ ပန်းတနော်၊ တွံတေး ဘက်တွေက ကွမ်းရွက်တွေ အဝင်များပါတယ်။ ကွမ်းရွက်ဈေး ဟာ ကွမ်းအဝင်ပေါ်မှုတည်ပြီး မကြာခဏအတက်အကျဖြစ်တတ်ပါတယ်။ ပျမ်းမျှကွမ်းဈေးနှုန်းဟာ တစ်ပိဿာကို ကျပ် ၂,၅ဝဝ မှ ကျပ် ၉,ဝဝဝ အထိဈေးပေါက်ပါတယ်။ (ဇွန် ၂၂ ရက်ပေါက်ဈေး က တစ်ပိဿာ      ၃,ဝဝဝ ကျပ်ဝန်းကျင်ပါ။)

တစ်ရက်ကို ပိဿာ     ချိန် ၂ဝ ရှိတဲ့ ကွမ်းရွက်ခြင်းပေါင်း ၁,၇ဝဝ လောက် အရောင်းအဝယ်ဖြစ်တာကြောင့် သီရိမင်္ဂလာ ဈေးသစ်မှာ တစ်ရက်ကို ကွမ်းရွက်အရောင်းအဝယ်ဟာ ”ကျပ် သိန်းပေါင်း ၂,ဝဝဝ ကျော်ရှိတယ်”လို့ ဦးချစ်ဦးက မှန်းဆပါတယ်။

အစိုးရက ကွမ်းစားသုံးမှုကို လျှော့ချမယ်၊ ကွမ်းယာရောင်းချမှုကို ပိတ်သိမ်းတော့မယ်ဆိုတဲ့ သတင်းစကားတွေ ကွမ်းစိုက် တောင်သူအချင်းချင်းကြား ပြောနေတဲ့အခါမှာ ကွမ်းစိုက်ပျိုးဖို့ ပြင်ဆင်နေတဲ့ ညောင်တုန်းမြို့က အသက် ၄၆ နှစ်အရွယ် ကွမ်းစိုက်ပျိုးသူ ဦးစောသက်ခိုင်တစ်ယောက် တော်တော်လေးကို စိတ်ပူပန်သွားခဲ့ပါတယ်။

သူက ကွမ်းရွက်စိုက်ပျိုးဖို့အတွက် မြေပြုပြင်တာတွေ၊ ပျိုးပင်နဲ့ ဝါးလုံးတွေ အားလုံးဝယ်ထားပြီး စိုက်ပျိုးဖို့ အဆင်သင့်ဖြစ် နေပါပြီ။ ဒီအတွက် စိုက်ပျိုးရင်းနှီးစရိတ် ကျပ် ၁၅သိန်းကို ကွမ်း ဒိုင်တွေက ချေးယူခဲ့ရတာပါ။

အထက်ပါ သတင်းစကားကြောင့် သူဟာ ရန်ကုန်က ကွမ်းရွက်ရောင်းဝယ်ရေးဒိုင်တွေကို ကွမ်းစိုက်ရမလား၊ မစိုက်ရဘူး လားဆိုတာ ဖုန်းဆက်ပြီး သတင်းမေးလိုက်တဲ့အခါမှာ ”ကွမ်း မစိုက်ရဘူးလို့ စာထုတ်တာ မဟုတ်ဘူး။ စိုက်ပါ၊ ဝယ်ပါ့မယ်ဆိုလို့ ဆက်စိုက်တာ”လို့ ဦးစောသက်ခိုင်က ဆိုပါတယ်။

ဦးစောသက်ခိုင် ကွမ်းစိုက်ပျိုးလာတာ ၁၆ နှစ်လောက်ရှိ ပါပြီ။ ကွမ်းညွန့်တစ်ထောင်စိုက်ရင် စိုက်ပျိုးစရိတ်က ကျပ်သုံး သိန်းခွဲခန့်ရှိပါတယ်။ စစိုက်တဲ့ရက်ကနေ သုံးလကြာရင် ကွမ်း ရွက်စခူးလို့ ရပါပြီ။ အပင်တစ်ထောင်အတွက် တစ်ကြိမ်ခူးရင် ပိဿာချိန် ၅ဝ ကနေ ၇ဝ အထိ ထွက်တယ်လို့ဆိုတယ်။

”တစ်လကို နှစ်ကြိမ်ခူးရတယ်။ ကွမ်းပင်က အပြုအစု ကောင်းတဲ့အပေါ်မူတည်ပြီး နှစ်နှစ်ကနေ လေးနှစ်အထိ ခူးလို့ရ တယ်”လို့ ပုံမှန်ဝင်ငွေရတဲ့ လုပ်ငန်းအဖြစ် ဦးစောသက်ခိုင်က ဆိုပါတယ်။

ဒါပေမဲ့ ရာသီဥတုဖျက်တာမျိုး၊ ပိုးကျတာမျိုးနဲ့ ကွမ်းဈေးမကောင်းတဲ့အခါမျိုးမှာတော့ အရှုံးပေါ်တယ်လို့ သူက ပြောပါတယ်။ ဦးစောသက်ခိုင်ဟာ ကွမ်းတစ်မျိုးတည်းကိုသာ စိုက်ပျိုး တာပါ။  သူ့မှာ ကွမ်းစိုက်ပျိုးတဲ့ မြေတစ်ကွက်ပဲရှိပါတယ်။ ဒါကြောင့် ကွမ်းရွက်မစိုက်ဘဲ တခြားအစားထိုးသီးနှံစိုက်ပျိုးရမယ် ဆိုရင် ဘာသီးနှံစိုက်ပျိုးရမယ်ဆိုတာ သူ မစဉ်းစားတတ်ပါဘူး။

ကွမ်းရွက်စိုက်ပျိုးခြင်းကို ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေးတိုင်း ဒေသကြီးတွေမှာ အဓိက အများဆုံးစိုက်ပျိုးကြပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ တချို့နေရာတွေမှာတော့ အနည်းငယ် စိုက်ပျိုးကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ဆူးလေကုန်း အုပ်စု၊ တောင်အင်းကျေးရွာက အသက် ၃၇ နှစ်အရွယ် ကွမ်းစိုက်တောင်သူ ဦးမိုးဇော်ဟိန်းက ကွမ်းအစား တခြားသီးနှံစိုက်ပျိုးဖို့ နည်းလမ်းတွေရှိပေမယ့် တစ်လနှစ်ကြိမ် ဝင်ငွေရရှိတဲ့ ကွမ်းစိုက်ပျိုးမူလောက် ဝင်ငွေမကောင်းနိုင်ဘူးလို့ သူက ဆိုပါတယ်။

ဦးမိုးဇော်ဟိန်းဟာ ကွမ်းပင်ကို ကျပ်သိန်းတစ်ရာကျော် အရင်းအနှီးစိုက်ထုတ်ပြီး ကွမ်းညွန့်တစ်သောင်းကျော် စိုက်ပျိုး ထားတဲ့သူပါ။

သူနေတဲ့ကျေးရွာမှာ အိမ်ခြေတစ်ရာခန့်ရှိတဲ့အနက် ကွမ်းစိုက်တဲ့ အိမ်ခြေက တစ်ဝက်ကျော်လောက်ရှိပါတယ်။ ချောင်းဦးမြို့နယ်ထဲက ကျေးရွာတိုင်းလိုလိုမှာ မိသားစုဝင်ငွေ အဖြစ် ကွမ်းပင်ကို စီးပွားဖြစ်သော်လည်းကောင်း၊ တစ်ပိုင်တစ်နိုင်သော်လည်းကောင်း စိုက်ပျိုးကြတယ်လို့ သူကဆိုပါတယ်။

ကွမ်းရွက်အစား သုံးလအတွင်း ဝင်ငွေပြန်ရနိုင်တဲ့ သခွားသီး၊ ဖရဲသီးတို့ကို စိုက်ပျိုးလို့ရနိုင်ပေမယ့် ”ဈေးကွက်က မတည်ငြိမ်လို့ တောင်သူတွေက ကြောက်နေပြီ။ အဲဒါကို အစိုးရက (ဈေး ကွက်)လုပ်ပေးနိုင်ရင်တော့ တစ်မျိုးပေါ့” လို့ ဦးမိုးဇော်ဟိန်းက အကြံပြုပါတယ်။

ကွမ်းယာဆိုင်တွေ ဘာပြောလဲ

ကွမ်းကိုမှီတည်လုပ်စားကြသူတွေထဲမှာ ကွမ်းစိုက်တောင် သူတွေထက် အရေအတွက်များပြားတဲ့ ကွမ်းယာဆိုင်ဖွင့်ထားသူ တွေကို ကြည့်ရအောင်ပါ။

လှိုင်မြို့နယ်၊ အမှတ် ၁ဝ ရပ်ကွက်၊ စံပယ်ခြံ ၂ လမ်းထိပ်က ကွမ်းယာဆိုင်ပိုင်ရှင် ဒေါ်မာလာဝင်းဟာ ကွမ်းယာရောင်းလာတာ ကိုးနှစ်လောက်ရှိပါပြီ။ သူ့ဆိုင်က ရင်းနှီးစရိတ် အပါအဝင် တစ်ရက်ကို ကွမ်းယာတစ်သောင်းကျော်ဖိုးလောက် ရောင်းရပါတယ်။ ဒီဝင်ငွေဟာ သူ့မိသားစုဝင်လေးယောက် စားစရိတ်နုတ်ပြီးတဲ့အပြင် နှစ်ထောင်လောက် ကျန်သေးတယ်လို့ သူကဆိုပါတယ်။

ကွမ်းယာဆိုင်အစား တခြားပစ္စည်းတွေရောင်းချဖို့ဆိုတာ အရင်းအနှီးများတာကြောင့် မတတ်နိုင်ဘူးလို့ ဆိုပါတယ်။ အသီးအနှံရောင်းတဲ့ လမ်းဘေးဈေးသည်လုပ်မယ်ဆိုရင်လည်း ဈေးတွေမှာ သူ့ဖောက်သည်နဲ့သူ ရှိနေတာမို့ မလွယ်နိုင်ဘူးလို့ ဒေါ်မာလာဝင်းက ဆိုပါတယ်။

ကွမ်းယာရောင်းချဖို့က ဆိုင်ခန်းလည်း မလိုအပ်သလို မြေနေရာလည်းကျဉ်းကျဉ်းကလေးဖြစ်တဲ့အတွက် လမ်းဘေးမှာ ရောင်းချလို့ လွယ်ကူတယ်လို့ ဆိုတယ်။

”ကွမ်းယာမရောင်းနဲ့တော့၊ ဈေးမှာ တစ်ခုခုရောင်းဆိုပြီး ဆိုင်ခန်းငှားပေးရင်တော့ ပြောင်းပြီးရောင်းချင်တယ်”လို့ သူက ရယ်မောလျက် ပြောပါတယ်။

‘ကွမ်းစားသုံးခြင်းနှင့် စည်းကမ်းမဲ့ကွမ်းတံတွေးထွေးမှုများ ကျဆင်းပပျောက်ရေးကိစ္စ’ဆိုတဲ့ ထုတ်ပြန်ချက်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံတွေက ကွမ်းယာရောင်း ချသူတွေအတွက် အစားထိုးအသက်မွေးဝမ်းကျောင်း ဖန်တီးပေးမယ့် အစီအမံတွေကို ပြန်လည်တင်ပြပေးရန်ဆိုတဲ့ ညွှန်ကြား ချက်ပါရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးအနေနဲ့ ကွမ်းယာရောင်းချသူတွေကို အစားထိုးဝင်ငွေရရှိဖို့ အလုပ်အကိုင် ဘယ်လိုစီစဉ် ပေးဖို့ရှိသလဲလို့ မော်ကွန်းက မေးကြည့်တဲ့အခါ  ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးနေဝင်းအောင်က ကွမ်းယာရောင်းချသူတွေအတွက် အစားထိုးဝင်ငွေရရှိမယ့် စီမံကိန်းတွေကို ”ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို တင်ထား တယ်။ ညွှန်ကြားချက် ပြန်မလာသေးဘူး။ အဲဒါကြောင့် ဘာမှ ပြောလို့ မရသေးဘူး”လို့ ဆိုပါတယ်။

အထက်ပါ မေးခွန်းအတိုင်း ဇွန် ၁၆ရက်မှာ သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဆက်သွယ်မေး မြန်းတဲ့အခါမှာလည်းသူက ”ဘယ်ဒေသမှာ၊ ဘယ်အလုပ်အကိုင်၊ ဘယ်လိုမျိုး ပညာအရည်အချင်း၊ မိသားစုဘယ်နှယောက်၊ မိသားစုအိမ်သုံးစရိတ် အခြေအနေတွေကို ခြုံငုံကောက်ယူနေ တယ်။ မပြီးသေးဘူး”လို့ ပြန်ဖြေပါတယ်။

သူက ဆက်ပြီးတော့ ”ကွမ်းယာရောင်းချမှုကို ပိတ်ပင်တာ မဟုတ်ပါဘူး။ တစ်ဖက်တစ်လမ်းကနေ (ကွမ်းစားမှု)လျော့ကျ သွားအောင် ပေါ်လစီတွေချမှတ်ပြီးတော့ လုပ်ဆောင်သွားမှာ”လို့ ဆိုပါတယ်။

ကွမ်းယာရောင်းချသူတွေဟာ အခြေခံလူတန်းစားအများစုဖြစ်ပြီး ဈေးရောင်းတတ်တဲ့သူတွေဖြစ်တာကြောင့် ဝင်ငွေရလွယ်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိတယ်လို့ စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်က သုံးသပ်ပါတယ်။

”ထိုင်းနိုင်ငံဆိုရင် ထီလက်မှတ်တွေကို ဆင်းရဲသားတွေပဲ ရောင်းခိုင်းတာ။ ချမ်းသာတဲ့သူတွေကို ပေးမရောင်းဘူး။ ဒါမျိုးဆိုရင် အစိုးရက လုပ်ပေးနိုင်တာပဲ”လို့ သူက ဥပမာပေးပြောပါတယ်။

ကွမ်းစိုက်ပျိုးသူတွေကိုလည်း အခြားဝင်ငွေရလွယ်တဲ့ သီးနှံစိုက်ပျိုးခိုင်းတာ၊ လယ်ယာထွက် စားသောက်ကုန်ရောင်းခိုင်းတာ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး လယ်ထွန်စက်တွေ ထူထောင်ပေးပြီး ဝင်ငွေရအောင် ဖန်တီးပေးတာမျိုးနဲ့ ဆွဲဆောင်နိုင်တယ် လို့ သူက ဆိုပါတယ်။

 

ကွမ်းစားတာကို ဘယ်လိုလျှော့မလဲ

ကွမ်းစားသုံးမှုကို ချက်ချင်းကြီး ရပ်ပစ်လိုက်တာမျိုးမဟုတ်ဘဲ အစားထိုးလုပ်ငန်းတွေ တဖြည်းဖြည်းဖန်တီးပေးရင်း တစ်ဖက်မှာလည်း ကွမ်းစားမှုကို လျော့ကျသွားစေမယ့် တခြားနည်း လမ်းတွေကိုသုံးဖို့ ကွမ်းရွက်ရောင်းဝယ်ရေးဒိုင်တွေက အကြံပြု ထားတာတွေလည်း ရှိပါသေးတယ်။

သီရိမင်္ဂလာဈေးသစ်၊ ချစ်ဦးကွမ်းဒိုင်မှ ဦးချစ်ဦးဖြစ်စေချင်တာက ၁၉၈၆ ဝန်းကျင် သီရိမင်္ဂလာဈေးမပေါ်ခင် ကီလီဈေးကြီးမှာ ကွမ်းရောင်းဝယ်ခဲ့စဉ်က ကွမ်းပွဲစားကြီးတွေဟာ ကွမ်းနဲ့ပတ်သက်ပြီး အစိုးရကို အမြတ်တော်ခွန်ဆောင်ခဲ့သလို အခုလည်း အမြတ်တော်ခွန်ဆောင်ပြီး တရားဝင်လိုင်စင်ချပေးသင့်တယ်လို့ ဆိုပါတယ်။

”ကွမ်းအပေါ်မှာ အခွန်ကောက်ရင် ကွမ်းဈေးမြင့်တက်လာမယ်။ တစ်ဖက်မှာလည်း နိုင်ငံတော်ဘဏ္ဍာငွေရနိုင်တယ်။ ကွမ်း ဈေးကြီးရင် ကွမ်းစားသုံးသူလည်း လျှော့ပြီး စားသုံးလာနိုင်တယ်”လို့ သူက အကြံပြုပါတယ်။

ကွမ်းရောင်းဝယ်ရေးဒိုင်တွေ၊ ကွမ်းပွဲစားတွေဆီက အခွန် ကောက်တာကို ကီလီဈေးကနေ အရင်သီရိမင်္ဂလာ ဈေးဟောင်း ရောက်ပြီး နောက်ပိုင်း မကောက်ခံတော့သလို တရားဝင်လိုင်စင် ထုတ်ပေးတာမျိုးလည်း မရှိဘူးလို့ ဦးချစ်ဦးက ဆိုပါတယ်။

စားသုံးသူတွေကိုလည်း ကြုံသလိုဝယ်စားပြီး အလွယ်တကူကွမ်းတံတွေးထွေးတာမျိုး မဖြစ်အောင် ဥပဒေပြဋ္ဌာန်းပြီး အရေးယူဖမ်းဆီးတာ၊ ဒဏ်ငွေရိုက်တာမျိုးလုပ်သင့်တယ်လို့ သီရိမင်္ဂလာဈေးသစ်ရှိ ကွမ်းဒိုင်တွေက အကြံပြုပါတယ်။

ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဘော်လခဲမြို့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ကတော့ ကွမ်းပစ္စည်း၊ ကွမ်းယာဆိုင်တွေ ရောင်းချခွင့်ပိတ်သိမ်းမယ်လို့ ကြိုတင်အသိပေးအကြောင်းကြားစာကို မေ ၂၇ ရက်က ထုတ်ပြန်ခဲ့သေးတယ်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်ကစပြီး ဘော်လခဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ကွမ်းယာရောင်းချခွင့်လုပ်ငန်း လိုင်စင်ထုတ်ပေးမှာမဟုတ်ကြောင်း၊ လုပ်ငန်းလိုင်စင်မရှိဘဲ ဆိုင် ဖွင့်လှစ်ရောင်းချပါက စည်ပင်သာယာရေးအဖွဲ့များ ဥပဒေပုဒ်မ ၆၇၊ ပုဒ်မခွဲ(ဆ) အရ အရေးယူခံရမယ်လို့ ကြိုတင်အသိပေးစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဇွန် ၁၄ ရက်မှာ ပြည်ထောင်စုအစိုးရရုံးအဖွဲ့က ကွမ်းယာဆိုင်များ ရောင်းချခြင်းကို ပိတ်ပင်တာမျိုး မလုပ်ဘဲ ပညာပေးစည်းရုံးပြီး ဆောင်ရွက်ကြရန် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို ညွှန်ကြားချက် ထပ်မံထုတ်ပြန်ခဲ့ရပါသေးတယ်။

လက်ရှိမှာ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေဖြစ်တဲ့ စာသင်ကျောင်း၊ ဆေးရုံနဲ့ အစိုးရရုံးတွေမှာ ကွမ်းမစားကြဖို့ကို ညွှန်ကြားချက်ထုတ်ပြန်ပြီး ဖြစ်ပါတယ်။

ကွမ်းတံတွေး ဘယ်လိုထွေးမလဲ

အထက်ပါ ညွှန်ကြားချက်အရ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှာတော့ လူမြင်ကွင်းမှန်သမျှ ကွမ်းမစားရ၊ ကွမ်းတံတွေး မထွေး ရဆိုတဲ့ ဆိုင်းဘုတ်တွေလိုက်ကပ်ထားပြီး  ကွမ်းစားတာတွေ့ရှိပါက ဒဏ်ငွေ ၅,ဝဝဝ ကျပ် သတ်မှတ်ထားတယ်လို့ ရန်ကုန် ဆေးရုံကြီး၊ အရေးပေါ်ကုသရေးဌာနမှ ဆေးရုံအုပ် ဒေါက်တာခင်ခင်ထွေးက ပြောပါတယ်။

”ဒဏ်ငွေရေးထားပေမယ့်(ဒဏ်ငွေ)မရိုက်ပါဘူး။ ဒဏ်ငွေ ရိုက်မယ်ဆိုရင် အမှုဖွင့်ရတာတွေလုပ်ရတယ်။ အဓိကတော့ ပညာပေးလုပ်ငန်းတွေပဲလုပ်တယ်”လို့ သူက ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီးဝင်းထဲမှာ ကွမ်းစားသုံးသူ၊ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးသူတွေကို လိုက်လံရှာဖွေဖို့ ဆေးရုံက လုံခြုံ ရေးဝန်ထမ်းတွေကို အဖွဲ့ဖွဲ့ပြီး တာဝန်ပေးထားပါတယ်။ အဲဒီ အဖွဲ့က ကွမ်းစားတဲ့သူတွေ၊  ကွမ်းတံတွေးထွေးတဲ့သူတွေကို သတိပေးတာ၊ ကွမ်းကြောင့်ဖြစ်တဲ့ ရောဂါတွေအကြောင်းပါရှိတဲ့ လက်ကမ်းစာဆောင် ဝေငှတာတွေ လုပ်တယ်လို့ ဒေါက်တာခင် ခင်ထွေးက ပြောပါတယ်။

ပညာပေးလုပ်တယ်ဆိုတဲ့နေရာမှာ ကွမ်းတံတွေးက မြင်မကောင်းဘူး၊ ကြည့်မကောင်းဘူးဆိုတာ ကွမ်းစားသူတွေ ကိုယ်တိုင်မြင်လာအောင်လုပ်ရမယ်၊ ပညာပေးလုပ်ငန်းတွေ လုပ်ရင်းနဲ့ တစ်ဖက်မှာလည်း စနစ်တကျ ကွမ်းတံတွေးထွေးနိုင်အောင် လုပ်ဆောင်နိုင်ဖို့လိုတယ်လို့ စိတ်ရောဂါကုသရေးဆရာဝန် ဒေါက်တာ မောင်မောင်လွင်က ပြောပါတယ်။

”အချိန်ပြည့် ကွမ်းမစားရရင် မနေနိုင်လောက်အောင် စွဲလမ်းနေတဲ့သူတွေ ရှိနေတာကြောင့် စာတွေကပ်ပြီး သတိပေးရုံနဲ့ မလုံလောက်ဘူး”လို့ သူက ရှင်းပြပါတယ်။

မန္တလေးမြို့မှာတော့ ကွမ်းတံတွေးကို စည်းကမ်းမဲ့ထွေးတာ တွေ လျော့ကျဖို့ One to One ဆိုတဲ့အဖွဲ့တစ်ဖွဲ့က ပြီးခဲ့တဲ့ မေလ ထဲမှာ ကွမ်းတံတွေးထွေးရန် ပလတ်စတစ်ဘူးခွံတစ်ထောင်ကို အခမဲ့ဖြန့်ဝေခဲ့ပါတယ်။

One to One အဖွဲ့ကို ၂ဝ၁၂ က ကျန်းမာရေးအကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုပလတ်စတစ် ဘူးတွေ ဝေတာကတော့ စည်းကမ်းမဲ့ ကွမ်းတံတွေးမထွေးအောင် လုပ်ဆောင်တဲ့သဘောလို့ ဒီအဖွဲ့ကို တည်ထောင်ခဲ့တဲ့ ကိုဝမ်းက ဆိုပါတယ်။

အခုလို ကွမ်းတံတွေးထွေးထည့်ဖို့ ဘူးခွံတွေလိုက်ဝေတဲ့ အခါမှာ ရေသန့်ဘူးလို ပလတ်စတစ်ဘူးဖြစ်ပါက လက်တစ်ဖက်တည်းနဲ့ အသုံးပြုရတာ ပိုအဆင်ပြေတယ်ဆိုတာမျိုး တချို့က အကြံပေးတယ်လို့ ကိုဝမ်းက ဆိုပါတယ်။ နောက်ထပ်လည်း ဘူးခွံတွေ ထပ်ပြီးဖြန့်ဝေသွားဖို့ မှာထားတယ်လို့ ဆိုပါတယ်။

အချိန်ယူဖို့လို

ကွမ်းတံတွေး စည်းကမ်းမဲ့ထွေးမှုဟာ နှစ်ပေါင်းကြာရှည် လုပ်လာခဲ့တာကြောင့် ”စိတ်ရှည်ရှည်နဲ့ ပညာပေးပြီး အချိန်ယူရ မယ်”လို့ ကိုဝမ်းက သုံးသပ်ပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေး တာတွေကို ဥပဒေအရ ဖမ်းဆီးဒဏ်ရိုက်တာ၊ အရေးယူတာတွေ လုပ်သလို တစ်ဖက်မှာလည်း ကွမ်းတံတွေးထွေးဖို့၊ ကွမ်းတံတွေး ဘူးတွေ လွှင့်ပစ်ဖို့ ”အမှိုက်ပုံးတွေ လုံလုံလောက်လောက် ချပေး ရမယ်”လို့ ဒေါက်တာမောင်မောင်လွင်က ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့အနေနဲ့ လတ်တလောမှာတော့ ကွမ်းယာစားခြင်း၊ စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းနဲ့ပတ်သက်ပြီး အများပြည်သူ မြင်သာတဲ့နေရာတွေမှာ ဆိုင်းဘုတ်ထောင်ပြီး ပညာပေးတာမျိုးလုပ်ဆောင်သွားမယ်လို့ စီမံကိန်းရေးရာဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က ပြောပါတယ်။

”ကွမ်းကြောင့်ဖြစ်တဲ့ ရောဂါတွေပါတဲ့ စာရွက်တွေ လိုက် ကပ်မယ်။ ကွမ်းမစားရနယ်မြေတွေ သတ်မှတ်မှာ”လို့ သူက ဆို ပါတယ်။

ဒါပေမဲ့ ကွမ်းစားတဲ့သူတွေ ကွမ်းတံတွေးထွေးနိုင်ဖို့ အမှိုက်ပုံးတွေ လုပ်ဖို့ရှိပါသလားလို့ မော်ကွန်းမဂ္ဂဇင်းက မေးကြည့်တဲ့ အခါမှာတော့ ”အရင် အမှိုက်ပုံးတွေပဲရှိတယ်။ နောက်ထပ် အသစ်ချဖို့တော့ မရှိသေးဘူး”လို့ ဦးမောင်မောင်ဇော်က ဖြေပါတယ်။

အဝေးပြေးကုန်ကားမောင်းတဲ့ ဦးမြင့်စိုးက ကားမောင်းတဲ့ အခါမှာ သူက ကွမ်းတံတွေးကို ရေသန့်ဘူးထဲ ထွေးထည့်တယ်လို့ ဆိုတယ်။

ကားမောင်းတဲ့အခါမှာသာ ကွမ်းတံတွေးထွေးဖို့ ရေသန့် ဘူးကို ဆောင်ထားချင်ပေမယ့် လမ်းသွားတဲ့အခါမှာတော့ ကွမ်း ထုပ်ကိုသာသယ်သွားချင်ပြီး ”ကွမ်းတံတွေးဘူးတော့ သွားလေ ရာ မသယ်ချင်ဘူး”လို့ ပြောပါတယ်။

”အဓိကက ကိုယ့်စိတ်ပဲ။ ကိုယ်တိုင်က စနစ်တကျကွမ်းတံ တွေးထွေးရင်တော့ (စည်းကမ်းမဲ့ထွေးတာ)လျော့ကျလာမယ် လို့ထင်တယ်။ ဒါက လူတိုင်းရဲ့စိတ်နဲ့ဆိုင်တယ်”လို့လည်း သူက ဆိုတယ်။

နိုင်ငံတော်သမ္မတရုံးက ကွမ်းစားသုံးမှုလျှော့ချရေးနဲ့ ကွမ်း တံတွေး စည်းကမ်းမဲ့ထွေးမှု ပပျောက်ရေး အကောင်အထည် ဖော်ဖို့ ဇွန် ၈ ရက်က စတင်ပြီး အွန်လိုင်းကနေတစ်ဆင့် လူထု သဘောထားစစ်တမ်းတစ်ခု ကောက်ခံခဲ့ရာမှာ ဇွန် ၂၂ ရက်အထိ မဲပေးသူ စုစုပေါင်း ၅,၇၁၈ ဦး ရှိခဲ့ပါတယ်။

အဲဒီအထဲမှာ လုံးဝထောက်ခံပါတယ်လို့ဆိုသူ ၂၃ ရာခိုင် နှုန်း၊ မထောက်ခံတဲ့သူ ၃ ရာခိုင်နှုန်း၊ မူဝါဒကို ထောက်ခံသည်၊ သို့သော် လုပ်နည်းမထောက်ခံပါလို့ဆိုသူ ၂၅ ရာခိုင်နှုန်း၊ ကွမ်းနဲ့ အတူ လောင်းကစား၊ မူးယစ်ဆေးဝါး၊ အရက်သေစာများကို ထိထိရောက်ရောက် ထိန်းချုပ်ပေးစေလိုပါတယ်လို့ဆိုသူ ၄၉ ရာ ခိုင်နှုန်း ရှိပါတယ်။

ကွမ်းစားခြင်းနဲ့ စည်းကမ်းမဲ့ကွမ်းတံတွေးထွေးမှု လျော့ နည်းပပျောက်ရေးကိစ္စကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ  ဦးဇော်ဌေးက ”မူဝါဒချထားတဲ့အတွက် လျော့ကျအောင် မဖြစ်မနေ လုပ်ဆောင်သွားမယ်”လို့ ဆိုပါတယ်။    ။

၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

မောင်သင်တုန်း ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."