ဂေထော
မုဒုံ၊ ၂၀၂၀ ဧပြီ ၁၁ (မော်ကွန်း)
COVID-19 လူနာအမှတ်၂၉ သည် Quarantine ၁၄ ရက်ပြည့်ပြီး တောင်ကြီးမြို့သို့ပြန်သွားသည့်အခါမှ ပိုးတွေ့လူနာအဖြစ် အဖြေရလာဒ်သိရကြောင်း ရှမ်းပြည်နယ်၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်က ပြောသည်။
၎င်းလူနာသည် မတ် ၂၈ ရက်တွင် အင်္ဂလန်နိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး မင်္ဂလာဒုံမြို့နယ်တွင် အသွားအလာကန့်သတ်မှုခံယူခဲ့ကာ ဓါတ်ခွဲနမူနာပေးပို့စစ်ဆေးခဲ့သည်။
အသွားအလာကန့်သတ်မှု ၁၄ ရက်ပြည့်သည့်အတွက် နေရပ်သို့ပြန်သွားစဉ် ပိုးတွေ့ရှိရကြောင်း ဓါတ်ခွဲစမ်းသပ်မှုအဖြေထွက်ခဲ့ခြင်းဖြစ်သည်။
“ သူတို့က ကလောတောင်ကျော်နေပြီဆိုတော့ တောင်ကြီးက စဝ်စံထွန်း(ဆေးရုံ)ကိုပဲဆက်ထားဖို့ဆိုပြီး လုပ်လိုက်တာပါ”ဟု ၎င်းက ပြောသည်။
လူနာ၏ မိခင်နှင့် အစ်မဖြစ်သူကို စဝ်စံထွန်းဆေးရုံ၌ Hospital Quaratine ထားရန် လောဆယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးများက သွားရောက်ခေါ်ဆောင်နေပြီး သူနှင့်အတူ လိုက်ပါလာသည့် မိတ်ဆွေတစ်ဦးက ကလောတွင် ဆင်းသွားသည့်အတွက် ကလောမြို့ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာ ကန့်သတ်ထားရန် လုပ်ဆောင်နေကြောင်း ဒေါက်တာသူဇာချစ်တင်က ဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက၏ နောက်ဆုံး စာရင်းအရ COVID – 19 ရောဂါအတည်ပြုလူနာ ၃၁ ဦးအထိရှိနေပြီး သုံးဦးကွယ်လွန်ပြီးဖြစ်သည်။
#Dailynews