“Quarantine သမားတွေမှာ ဘယ်လောက်ထိ Positive ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့က သုတေသနနည်းပညာနဲ့ရှာတာပေါ့”

COVID-19 သတင်းထုတ်ပြန်ရေးအဖွဲ့တွင်ပါရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် မေးမြန်းခြင်း

ကောင်းထက်စံမေးမြန်းသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ယနေ့နောက်ဆုံးထုတ်ပြန်သည့်သတင်းအရ COVID – 19 ရောဂါ ကူးစက်ခံရသူ ၉၄ နှင့် စောင့်ကြည့်လူနာ ၁,၇၅၄ ဦးရှိနေပြီဖြစ်ပါသည်။ သံသယစောင့်ကြည့်လူနာ များအားလုံးကို ဆေးစစ်ပေးနိုင်ခြင်းမရှိဘဲ Random ကျရာပုံစံဖြင့် ဆေးစစ်မှုများပြုလုပ်နေသည့်အပေါ် စိုးရိမ်မှုများရှိကြောင်း မော်ကွန်းမဂ္ဂဇင်းထံသို့ ဆက်သွယ်သတင်းပေးလာမှုများရှိလာပါသည်။

ထို့အပြင် ကန့်သတ်နေထိုင်မှု ၁၄ ရက်အပြီး မိမိနေရပ်သို့ ပြန်နေစဉ် ဆေးစစ်ချက် Positive ထွက်ပေါ်လာမှုကြောင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ကုသမှုခံယူနေရသည့် Case – 29 နှင့် အတူ အင်္ဂလန်နိုင်ငံမှ လိုက်ပါစီးနင်းလာသူများသည်လည်း Random သာ စစ်ဆေးသည့်အပေါ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ COVID-19 သတင်းထုတ်ပြန်ရေးအဖွဲ့တွင်ပါရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးအား မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားမှုအား ဖော်ပြလိုက်ရပါသည်။

မော်ကွန်း – ကျန်းမာရေးဝန်ကြီးဌာနက သံသယရှိတဲ့ စောင့်ကြည့်လူနာတွေကို စစ်ဆေးတဲ့အခါ Random စစ်ဆေးတယ်ဆိုတာ ဟုတ်လား။

ဒေါက်တာသန်းနိုင်စိုး – ဟုတ်ပါတယ်။ Random ဆိုတာထက်စာရင် သုတေသနပုံစံပေါ့နော်။ ဘယ်လိုမျိုးခေါ်လဲဆိုတော့ ဥပမာ – Quarantine စင်တာ မြို့နယ်မှာ ၁၀ ခုရှိတယ်ဆိုပါစို့။ ၁၀ ခုမှာ လူတစ်ထောင်ရှိတယ်။ စင်တာအကြီးမှာ သူက သုံးရာရှိတယ်ပေါ့နော်။ အငယ်တွေမှာ တစ်ရာရှိတယ်ဆိုရင် သူက လူတစ်ထောင်မှာ ကျွန်တော်တို့က စစ်နိုင်တဲ့ပမာဏက အနေအထားအရ တစ်ရာစစ်နိုင်တယ်ဆိုပါစို့။ အဲ့လိုဆိုရင် စင်တာအကြီးကလူက သုံးဆယ်လောက်ပါမယ်။ တစ်ရာရှိတဲ့နေရာက ၁၀ ယောက်ပါမယ်။ နှစ်ရာရှိတဲ့နေရာက ၂၀ ပါမယ်ပေါ့။ အဲ့အခါကျရင် ကျွန်တော်တို့က ဝင်တဲ့အခါတွေအပေါ်မှာ ကုဒ်နံပါတ်လေးတွေသတ်မှတ်ပြီးတော့ သုတေသနနည်းပညာအရဆို Random Sample ကောက်တာပေါ့။ ကောက်ယူရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း အဲ့လိုကောက်ယူတဲ့အခါကျမှ ဒီ Quarantine သမားတွေမှာ ဘယ်လောက်ထိ Positive ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့က သုတေသနနည်းပညာနဲ့ရှာတာပေါ့။

မော်ကွန်း – တချို့ကလည်း ဒီလို Random စစ်တဲ့နေရာမှာ ကျန်းမာရေးဝန်ကြီးဌာနဘက်မှာ အကုန်လုံးကို မစစ်ဆေးနိုင်တဲ့အနေအထားမျိုးရှိတယ်လို့ ပြောကြတယ်။

ဒေါက်တာသန်းနိုင်ဦး – ဟုတ်ပါတယ်။ အကုန်လုံးက တစ်နိုင်ငံလုံးက Quarantine တွေက အများကြီးပဲ။

မော်ကွန်း – အဲ့ဒါမျိုးကျတော့ စက်ပစ္စည်းဆိုင်ရာမှာလား။ လူအင်အား လုပ်ဆောင်နိုင်စွမ်းတွေမှာ လိုအပ်ချက်ရှိနေတာလား။

ဒေါက်တာသန်းနိုင်စိုး – နံပါတ်တစ်က စက်ပစ္စည်းက ရှိတယ်။ ဒါပေမဲ့ ဒီစက်ပစ္စည်းကို လုပ်ဖို့ဟာကျတော့ စကားပြောတယ်လေ။ … ဥပမာအားဖြင့် လူတစ်ယောက်ရဲ့ မျိုးဗီဇကို ဆွဲထုတ်တဲ့အခါကျတော့ ဘာလိုလဲဆိုတော့ ဓါတ်ခွဲခန်းလိုတယ်။ အဲ့ဒါက ပုံမှန်အနေအထားမှာ ပုံမှန်ဓါတ်ခွဲခန်းမှာ ထုတ်သလိုမျိုးထုတ်လို့မရဘူး။ ထုတ်မယ်ဆိုရင် အန္တရာယ်ရှိတယ်။ ဝတ်ဆင်တဲ့သူကလည်း PPE တွေ အပြည့်အဝဝတ်ဆင်ပြီး ဓါတ်ခွဲခန်းမှာလည်း ကျွန်တော်တို့ကတော့ BSL လို့ခေါ်တာပေါ့၊ Bio Safety Level အနည်းဆုံး 2 + လောက်ရှိတဲ့ ဓါတ်ခွဲခန်းမှာမှ ထုတ်လို့ရတာ။ ကျွန်တော်တို့ဆီမှာ BSL 2+ ရှိတဲ့ ဓါတ်ခွဲခန်းက နိုင်ငံတကာအသိအမှတ်ပြု ဓါတ်ခွဲခန်းက NHL(အမျိုးသားကျန်းမာရေးဆိုင်ရာဓါတ်ခွဲဌာန) ပဲရှိတာပေါ့နော်။ တဖြည်းဖြည်းနဲ့ တိုးချဲ့ဖို့တော့လုပ်နေပြီ။ နံပါတ်တစ်က ဘယ်မှာချဲ့ဖို့လုပ်လဲဆိုတော့ ဆေးသုတေသနမှာရှိတဲ့ ဓါတ်ခွဲခန်းရယ်။ မကြာခင် မန္တလေးမှာလည်း လုပ်ဖို့လုပ်နေတယ်။ ရန်ကုန်ရယ်၊ မန္တလေးရယ် နောက်ပြီးတော့ မွန်ပြည်နယ်မှာလည်း အဲ့လိုမျိုး ဖြစ်လာနိုင်တယ်။ ပြသနာက ဓါတ်ခွဲခန်းက Grade ပြည့်တဲ့ဓါတ်ခွဲခန်းဖြစ်ရမယ်။ ဒါမှသာ စစ်တဲ့သူအတွက်လည်း လုံခြုံတယ်။ အခုတော့ စမ်းသပ်နှုန်းကတော့ သိသိသာသာ တက်လာတာတွေ့ရတယ်။ အခုဆို ၃,၀၀၀ ကျော်လောက်တောင် စစ်နိုင်နေပြီ။ ဒါပေမဲ့ တိုးပြီးတော့တော့ စစ်ရဦးမှာပေါ့နော်။

မော်ကွန်း – မတ်လ ၂၈ ရက်နေ့ က ပြန်လာတဲ့ Case – 29 ပေါ့။ အင်္ဂလန်ကနေပြန်လာတဲ့သူ တောင်ကြီး၊ စဝ်စံထွန်းဆေးရုံမှာ တင်ထားတဲ့တစ်ယောက်ပေါ့နော်။ သူကတော့ Quarantine ရက်ပြည့်ပြီး ပြန်သွားမှ ဆေးစစ်ချက် Positive တွေ့သူဖြစ်ပါတယ်။ သူနဲ့ လေယာဉ်တစ်စီးတည်းစီးလာတဲ့သူ ၁၁၇ ယောက်ရှိပါတယ်။ အဲ့အထဲမှာ နိုင်ငံခြားသားတစ်ယောက်ပါတယ်။ အဲ့ဒီလူတွေအားလုံးကလည်း Quarantine ဝင်ကြပါတယ်။ ဒါပေမဲ့ သိရတဲ့အချက်အလက်အရဆိုရင် ၇၂ ယောက်ဟာ သဲအင်းဂူကိုဝင်လာတယ်။ ကျန်တဲ့သူတွေက Facility Quarantine ဝင်ကြတယ်လို့သိရပါတယ်။ အဲ့တော့ သဲအင်းဂူက ၇၂ ယောက်ကလည်း အားလုံးကို စစ်တာမျိုးမဟုတ်ဘူး။ Random စစ်တယ်လို့ပြောတယ်။ အဲ့ဒါဆိုရင် လေယာဉ်တစ်စီးတည်းစီးလာတဲ့ Case – 29 နဲ့ ထိတွေ့မှုရှိနိုင်တဲ့သူတွေ ဖြစ်သွားတယ်။ သူတို့တွေကလည်း Quarantine ပြည့်လို့ ပြန်သွားကြတယ်။ အဲ့ဒါကရော အန္တရာယ်မရှိနိုင်ဘူးလား။

ဒေါက်တာသန်းနိုင်စိုး – အဲ့ဒါကတော့ ကျွန်တော်ကတော့ သူတို့ဌာနကို ပြန်မေးရဦးမှာပေါ့။ ကျွန်တော်တို့သိသလောက်ကတော့ လေယာဉ်က စီးလာတဲ့အခါ ရှေ့နှစ်ခုံ၊ နောက်နှစ်ခုံ၊ ရှေ့နှစ်တန်း၊ နောက်နှစ်တန်းပေါ့။ အဲ့ဒါကတော့ အရမ်းအရေးကြီးတယ်။ ကျန်တဲ့ ဒီဝေးတဲ့နေရာကျတော့ … လေယာဉ်က ဘတ်စ်ကားတွေထက် လေဝင်လေထွက်စနစ်ကကောင်းသေးတယ်လေ။ ကျွန်တော်ထင်တယ်။ သူတို့ ခုံနံပါတ်တွေ ယူထားမယ်။ နီးကပ်တဲ့ခုံတွေကလူတွေကတော့ စစ်တဲ့အထဲပါမယ်လို့ ထင်တယ်။ သူတို့လည်း ၁၄ ရက်လည်းနေပြီးတော့လည်း နောက်ထပ် ခုနစ်ရက်ပေါ့နော်။ ထပ်ပြီးတော့ အိမ်မှာပဲနေပါဦး အပြင်မထွက်ပါနဲ့ဦး။ မိသားစုနဲ့လည်း တတ်နိုင်သမျှမထိတွေ့ပါနဲ့ဦး အဲ့ဒါလေးလည်း ကျွန်တော်တို့ ထုတ်ပြန်ထားတယ်။ လူစုလူဝေးနဲ့လည်း ထပ်မတွေ့ဘူးဆိုရင် ၂၁ ရက်ဆိုတာ တော်တော်လေးတော့ Safe ဖြစ်တဲ့အနေအထားရောက်သွားပြီ။ ၂၁ ရက်အပြင်မှာ ထပ်တွေ့တဲ့ Case မရှိနိုင်ဘူးလားဆိုတော့ ရှိတော့ရှိတယ်။ ဒါပေမဲ့ အရမ်းနည်းသွားပြီလေ။

(သုတေသနစစ်ချက်အတိအကျအား မပြီးခင်အချိန်ထိ ဆေးပညာကျင့်ဝတ်အရ ဖြေဆိုပေးရန်အခက်အခဲရှိပြီး Case – 29 နှင့်အတူ လေယာဉ်တစ်စီးတည်းစီးလာသူများအား Random စစ်ဆေးခဲ့သည်မှာ ဟုတ်၊ မဟုတ် သက်ဆိုင်ရာဌာနသို့ မေးမြန်းပေးမည်ဟုဆိုသဖြင့် ဒေါက်တာသန်းနိုင်စိုးအား နောက်တစ်ကြိမ် ဆက်သွယ်ခဲ့ပါသည်။)

မော်ကွန်း – ၇၂ ယောက်ကို Random စစ်ခဲ့လားဆိုတာ ကျွန်တော် ထပ်မေးတာပါ။

ဒေါက်တာသန်းနိုင်စိုး – Random ထဲမှာပါလားဆိုတော့ ပါပါတယ်တဲ့။ အဲ့ဒီလေယာဉ်ထဲကလူတွေပါလို့ အဲ့ဒီလူကိုတွေ့တာပါတဲ့။

မော်ကွန်း – နောက်တစ်ခု တခါတည်းမေးချင်တာက ဒီ ၇၂ ယောက်က စရောက်လာတုန်းက သူတို့ရဲ့ အခန်းတွေကို တန်းဝင်ရတာမဟုတ်သေးဘူး။ ပြင်ဆင်နေတုန်းဖြစ်နေလို့ အမျိုးသမီးသပ်သပ်၊ အမျိုးသားသပ်သပ် နှစ်နာရီ ၊ သုံးနာရီလောက် စုပြီးထားရတဲ့ အခြေအေနေရှိခဲ့တယ်လို့ပြောတယ်။

ဒေါက်တာသန်းနိုင်စိုး – အဲ့ဒါကတော့ အခွင့်အလမ်းမရှိဘူးလားဆိုတော့ မဟုတ်ဘူး၊ ရှိတယ်။ အကုန်လုံးက နံပါတ်တစ် Safe ဖြစ်သွားရတဲ့ အကြောင်းအရင်းသည် ကန့်သတ်နေထိုင်မှု ၁၄ ရက်ပေါ့နော်၊ နေပြီးသားသူတွေဖြစ်နေတယ်။ နံပါတ်နှစ်က After Quarantine ၁၄ ရက်မှာလည်း မီသွားတဲ့သူတွေ ဖြစ်နေတယ်။ အဲ့တော့ အိမ်မှာနေတဲ့ကာလ၊ ကိုယ့်ကိုယ်ကိုယ် သတိထားပြီးနေရမယ့်ကာလ အားလုံးက ၂၈ ရက်လောက်ဖြစ်သွားတယ်။ သူတို့အနေနဲ့က တော်တော်လေးတော့ Safe ဖြစ်တဲ့အပိုင်းတော့ရှိပါတယ်။ နောက်ပြီးတော့ ဆရာ မနက်က မေးတဲ့ဟာကို ထပ်ပြီးတော့ လိုက်လိုက်တဲ့အခါကျတော့ သူတို့က အဲ့ဒီလူနာ Positive ဖြစ်တာနဲ့ ဒီ ထိုင်ခုံဇယား (Seating Plan) ကို ပြန်ပြီးတော့လိုက်တယ်။ အဲ့လိုလိုက်တဲ့အခါကျတော့ သူရှိတဲ့အတန်းရယ်။ သူ့အရှေ့နှစ်တန်းရယ် သူ့နောက်နှစ်တန်းရယ်။ အဲ့ဒါကို Contact Person (ထိတွေ့ခဲ့သူ) တွေလို့သတ်မှတ်ခဲ့ပြီးတော့ လိုက်ထားတယ်လို့ပြောတယ်။

မော်ကွန်း – အခုလို Random စစ်နေရတာထက် အားလုံးနီးပါးကို ခြုံငုံပြီး စစ်နိုင်ဖို့ဆိုရင် လတ်တလော ဘာတွေလိုမလဲ။

ဒေါက်တာသန်းနိုင်စိုး – အခုကတော့ အားတက်စရာပေါ့။ အဲ့ဒီ ကိုဗစ်(စစ်ဆေးတဲ့) စက်ကြီးက ရောက်လာ တော့မယ်။ တော်တော်များများ စစ်နိုင်တယ်။ ထောင်ဂဏန်းလောက်ကို စစ်နိုင်နိုင်တယ်။ တစ်ခါထည့်ရင် သုံးရာလောက်ကို ထည့်စစ်နိုင်တယ်ဆိုတော့ အဲ့ဟာက ဘန်ကောက်ကိုရောက်နေပြီ ဆိုတော့သူက ကုန်းလမ်းကပဲ ပေလေးဆယ်ကားကြီးနဲ့တင်လာတယ်။ ကျွန်တော်ထင်တယ် ဒီတစ်ရက်နှစ်ရက်အတွင်း ရောက်လိမ့်မယ်။ ရောက်ရင်တော့ ဆင်ရဦးမယ်။ ကျွန်တော်ထင်တယ် တစ်ပါတ်အတွင်းတော့ စတင်လုပ်ဆောင်နိုင်မယ်လို့ထင်တယ်။ အဲ့ဒါဆိုရင်တော့ ပိုပြီးတော့ အများကြီးကို စစ်နိုင်တော့မှာ။


#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."