Photo: Tun Win Nyein ပန်းချီပေါ်ဦးသက်၏ လက်ရာ
၂၀၁၆-ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၅) မှ အက်ဆေး ဆောင်းပါးဖြစ်ပါသည်။
ထွန်းဝင်းငြိမ်း ရေးသည်။
ကျွန်တော်၏ ငယ်စဉ်ဘဝသည် မန္တလေးမြို့ မဟာမုနိဘုရားကြီး၌ ကြီးပြင်းခဲ့သည်။ မိဘများ၊ ဆွေမျိုးများသည် ဘုရားကြီးစောင်း တန်းများတွင် ဈေးရောင်းကြ၏။ နိဗ္ဗာန်ကုန်လုပ်ငန်းများ ဆောင်ရွက်ကြ၍ အသက်မွေးကြ၏။ ရှမ်းပြည်ဘက်မှ ဘုရားဖူးလာကြ သည့် ပအိုဝ်း၊ ပလောင်၊ ရှမ်း၊ တောင်ရိုး၊ ဓနု စသည့် တိုင်းရင်းသား များကို ဧည့်တဲကြီးများဖြင့် တည်းခိုစေပြီး မန္တလေးမြို့ပေါ်နှင့် စစ်ကိုင်း၊ မင်းကွန်းစသော အနီးအပါးမှ ထင်ရှားသော ဘုရားများသို့ လိုက်ပါပို့ဆောင်ပေးရသည့် ဧည့်လမ်းညွှန်လုပ်ငန်းကိုလည်း ကျွန်တော်၏ အဘိုးအဘွားများက ဆောင်ရွက်ခဲ့ကြပေသည်။
ထို့ကြောင့် ကျွန်တော်သည် အတော်ငယ်ငယ်ကပင် မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများနှင့် မြွေကြီးနှစ်ကောင်ရှိ သော မန္တလေးတောင်၊ ငါးရံ့မင်းဂူရှိသော ရန်ကင်းတောင်၊ ကိုရင်မောင်နှင့် ရက္ကန်းသမလေး မမဥတို့၏ လွမ်းမောဖွယ် ဒဏ္ဍာ ရီရှိခဲ့ရာ မမဥတောင်တို့ကို မကြာခဏ ရောက်ခဲ့ဖူးပါသည်။ ထိုသို့သော ဘုရားများကို ရောက်သည့်အခါတိုင်း ဘုရားစောင်းတန်း များတွင် ချိတ်ဆွဲထားသော
ဘုရားသမိုင်းပန်းချီကားများ၊ ဗုဒ္ဓ ဖြစ်စဉ်တော်နှင့် ငါးရာ့ငါးဆယ်ဇာတ်တော်လာ နိပါတ်တော် ပန်း ချီကားများကို တမေ့တမော ငေးမောခဲ့လေသည်။ ထိုနိပါတ်ပန်း ချီကားထဲမှ ရုပ်ပုံများသည် ဘာသာတရား၏ အငွေ့အသက်များ နှင့်အတူ ကျွန်တော့်စိတ်တွင် စွဲ၍နေသည်။
ဘုရား၊ ရဟန်း၊ ဘုရင်၊ မင်းညီမင်းသား၊ မိဖုရား၊ အပျို တော်၊ ရသေ့၊ ဇေတဝန်ကျောင်း၊ နဂါး၊ ဂဠုန်၊ မာရ်နတ်၊ နတ်ပြည်၊ နတ်သား၊ ဗြဟ္မာ၊ လှည်းသားငါးရာ၊ ဝန်ကြီး၊ တံခါးမှူး၊ ငရဲ၊ နိဗ္ဗာန်၊ သုစရိုက်၊ ဒုစရိုက်၊ သီလစသော ရုပ်ပုံများနှင့် ဝေါဟာရ များကို မကျက်မှတ်ရပါဘဲနှင့် အလွတ်ရနေမိသည်။ တစ်ဖန် မဟာမုနိဘုရားကြီးအနီးဝန်းကျင်မှ အသောကရာမကျောင်း တိုက်၊ ဘုရားကြီးတိုက်၊ ရွှေရေးဆောင်ကျောင်းတိုက်၊ ဒက္ခိဏာ ရာမတိုက်၊ ရေတော်ကျောင်းတိုက်၊ မဟာနန္ဒိသေရာမတိုက်၊ မြင်း ဝန်တိုက်စသော ဘုန်းကြီးကျောင်းတိုက်များ၏ အရိပ်အာဝါသ များသည် ငယ်ဘဝ၏ ကွန်းခိုရာများ ဖြစ်ပေ၏။ ထိုကျောင်းတိုက် ကြီးများကို အုတ်ရိုးတံတိုင်းကြီးများ အခိုင်အခန့်ဖြင့် ဝင်းခတ် ထားသည်။ အချို့အဝင်လမ်းတွင် စောင်းတန်းသွယ်ထားသည်။ အတွင်း၌ ကြီးမားသော မန်ကျည်းပင်ကြီးများ၊ ထနောင်းပင်ကြီး များ၊ ခရေ၊ တရုတ်စကားပင်၊ ဖျောက်ဆိပ်၊ တမာစသော အပင် ကြီးများ၏ တိတ်ဆိတ်ငြိမ်သက်သော အရိပ်များဖြင့် ခန့်ညားနေ ပေသည်။
ကျောင်းတိုက်ကြီးတိုင်းတွင် အလယ်တိုက်ဟုခေါ်သော ပင်မကျောင်းဆောင်ကြီးရှိသည်။ ဘေးဘီတွင် ကျောင်းတိုက်ငယ် များ ရှိမည်။ စာအံသံမှတစ်ပါး ငြိမ်ဆိတ်နေမည်။ ရံဖန်ရံခါပေါ် ထွက်လာသော အုန်းမောင်းခေါက်သံ၊ ကြေးစည်သံများဖြင့် ဆွမ်းခံချိန်၊ ဆွမ်းစားချိန်၊ စာအံချိန်၊ ဝတ်ပြုချိန် စသည်တို့ဖြင့် သက်ဝင်၍နေမည်။ ဝါဆိုလပြည့်အချိန်များတွင် ဝါဆိုပန်းကပ်သူ များနှင့် ကျောင်းတိုက်ကြီးများသည် အစည်ကားဆုံးဖြစ်သည်။ အလယ်တိုက်ကြီးများ၏ မြန်မာမှုဗိသုကာလက်ရာများ၊ လှေ ကားထစ်များ၊ လက်ရန်းများ၊ မုခ်ဦးနှင့် စိန်တောင်များက ကျွန် တော်၏ ပန်းချီဝါသနာ ဗီဇများအတွင်းသို့ ရိုးရာမျိုးစေ့များကို ရေလောင်းပေါင်းသင်ပေးခဲ့ပါသည်။
ကျွန်တော်သည် ကလေးဘဝက ညီအစ်ကိုမောင်နှမများ၊ သူငယ်ချင်းများနှင့် ဘုရားကြီးစောင်းတန်းလေးသွယ်တွင် လှည့် ပတ်ဆော့ကစားသည်။ မဟာမုနိဘုရားကြီး၌ မဟာရာမ်တံတိုင်း သုံးထပ်ရှိသည်။ တတိယနှင့် ဒုတိယမဟာရာမ်တံတိုင်းအတွင်း၌ သစ်ပင်ပန်းမန်များ၊ စိုက်ပျိုးရာ ဥယျာဉ်တော်များရှိသည်။ ရှေး ခေတ်အခါကပင် ဘုရားပန်းများ ကပ်လှူရန်အလို့ငှာ ဥယျာဉ် များစိုက်ပျိုးခဲ့သည်ဟု လူကြီးသူမများ ပြောပြသည်ကို အမှတ်ရ မိသည်။ ယခုအခါ ထိုဥယျာဉ်များနေရာတွင် အဆောက်အအုံတို့ ဖြင့် ပြည့်ကျပ်၍ နေလေပြီ။ ကျွန်တော်တို့ ကလေးတစ်သိုက်သည် ဥယျာဉ်များတွင် ဆော့ကစား၍ မောလျှင် စောင်းတန်းများရှိ မုခ် ဦးများတွင် နားခိုကြသည်။ အပေါ်သို့ မော့၍ မုခ်ဦးများတွင် ရေး ထားသော နံရံပန်းချီများကို ငေးမောကြသည်။
မြောက်မုခ်စောင်းတန်းဟောင်း အတွင်းတန်းအရှေ့ဘက် ခြမ်းမှ မြောက်ဘက်နံရံတွင် အလှူပွဲအတွက် ပဒေသာပင် ပို့နေ ပုံကို ကြည့်ကြသည်။ အလှူပဒေသာပင် အပို့သွားရာ၌ ရှေ့ဆုံးမှ စည်တော်ဝိုင်းအပြင် ရှမ်းအိုးစည်ဝိုင်းတို့နှင့် တပျော်တပါး တီး မှုတ်ကခုန်သွားကြသည်။ ရှမ်းအိုးစည်ဝိုင်းတွင် ရှမ်းလူမျိုးများ၏ ဟန်အတိုင်း ရှမ်းအိုးစည်၊ လင်းကွင်း၊ မောင်းများဖြင့် ကနေသည့် လူပုံတို့ကို ဖော်ပြထားသည်။ လူမျိုးစုတိုင်းရင်းသားများ၏ ယဉ် ကျေးမှုသရုပ်ဖော်များဖြစ်သည်ဟု ယခုအခါ တွေးထင်မိသည်။ ယခုအခါတွင် မြောက်မုခ်မှာ စောင်းတန်းအသစ် ဆောက်လုပ်ခဲ့ သဖြင့် ထိုနံရံပန်းချီများ မရှိတော့ပါ။ ရှေးဟောင်းသုတေသနမှ ကူးယူထားလျှင် တွေ့နိုင်ပါမည်။
အနောက်မုခ် အပြင်ဆုံးအတန်းတွင်မူ ဗုဒ္ဓဝင်ပန်းချီလက် ရာကောင်းများကို တွေ့ရသည်။ မြတ်စွာဘုရားဖွားတော်မူခန်း၊ ပလ္လင်လုခန်း၊ သုဇာတာ၏ ဃနာနို့ကပ်လှူခန်း စသည်တို့ ပါဝင် သည်။ မြင်းမိုရ်တောင်နှင့် အာလိန်ငါးဆင့်ပုံ၊ လယ်ထွန်မင်္ဂလာ စသည့် မင်းခမ်းမင်းနားဆိုင်ရာ ရုပ်ပုံများကိုလည်း လက်ရာ ကောင်းကောင်းနှင့် ရေးဆွဲထားသည်ကို ကျွန်တော်တို့ ကြိမ်ဖန် များစွာ ငေးမောခဲ့ပါသည်။ တောင်ဘက်မုခ်အပြင်ဘက်ဆုံး မုခ် ဦးထောင့်ချိုးများ၏ မြင်းမိုရ်ပိတ်ခေါ် သုံးထောင့်ပုံကွက်လပ်နံရံ များ၌မူ သီဟိုဠ်ကျွန်းရှိ ‘ဟေတပသာဒပြာသာဒ်’ သုမနတောင် ထိပ်ရှိ ခြေတော်ရာပုံ၊ မဟာစေတီပုံ၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိပုံ တော်များကို တွေ့ရသည်။ ဇာတ်နိပါတ်ပုံများအောက်တွင် ရတနာပုံခေတ် ဝတ်စားဆင်ယင်မှုနှင့် ဆိုင်သောပုံများ သီးခြား ဖော်ပြထားသည်။ ပွဲကြည့်ဆောင်၊ ဗီရိုလှည်း၊ တစ်ကောင်က မြင်းရထား၊ တရုတ်၊ ကုလားလူမျိုးများနှင့် ရှမ်း၊ ပလောင်၊ တောင် ရိုးစသော လူမျိုးစုများ ကြည်နူးပျော်ရွှင်စွာ သွားလာနေထိုင်ကြ ပုံများ ရေးဆွဲထားသည်။ ထိုအထဲမှ ထူးထူးခြားခြား မှတ်မိနေ သည်မှာ ဧရာဝတီမြစ်အတွင်း မီးသင်္ဘောများ ခုတ်မောင်းသွား လာနေပုံ၊ မီးရထား ခုတ်မောင်းနေပုံ၊ ဘူတာရုံ၌ လူအများ ရထား စောင့်နေပုံ စသော လူထုကြားမှ မြင်ကွင်းများကို ရေးဆွဲထားခြင်း ပင် ဖြစ်သည်။
မန္တလေးမှ ထင်ရှားသော ပန်းချီဆရာကြီး အလင်္ကာကျော် စွာ ဦးစောမောင် (၁၉ဝဝ-၁၉၆၉)က ဤဆေးရေးပန်းချီများသည် သူ ရှစ်နှစ်သားအရွယ်လောက်က ဖခင်ဖြစ်သူ ဆရာအေးရေးဆွဲ သော ပန်းချီလက်ရာအချို့ ပါဝင်သည်ဟု ဆိုကြောင်း မှတ်သားဖူး ပါသည်။ မ္တလေးမဟာမုနိဘုရားကြီးမှ ပန်းချီလက်ရာများသည် ရတနာပုံခေတ် နောက်ဆက်တွဲ ပန်းချီများ ဖြစ်ပါသည်။ မဟာမုနိ စောင်းတန်းများမှာ သီပေါမင်း ပါတော်မမူမီ ၁၈၈၃ ခုနှစ်က မီး သင့်ပျက်စီးသဖြင့် အသစ်ထပ်မံ ဆောက်လုပ်လှူဒါန်းထား ကြောင်း သိရပါသည်။ ထို့ကြောင့် နံရံပန်းချီအားလုံးမှာ ရတနာပုံ ခေတ်လက်ရာများချည်း မဟုတ်ပါ။ သို့သော် မြန်မာပန်းချီရေး နည်းရေးဟန်ကို ထိန်းသိမ်း၍ မျက်မှောက်ခေတ်ရှုခင်းများ၊ ဇာတ်တော်များကို သရုပ်ဖော်ထားရာ အနောက်တိုင်းပန်းချီ မထွန်းကားမီ နောက်ဆုံးကာလမှ မြန်မာမှုပန်းချီများ၏ ရှေ့ မှောက်တွင် ကျွန်တော့်၏ ငယ်စဉ်ဘဝမှာ ရှင်သန်ခဲ့ရပါတော့သည်။