အရာတော် – ၂၀၂၁ အောက်တိုဘာ ၂၂ (မော်ကွန်း)
ဒီကနေ့ နံနက် အရာတော်မြို့နယ်ထဲက တော်လှန်ရေးစခန်းတစ်ခုကို စီးနင်းပြီး ပြန်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ လမ်းမှာ မိုင်းထိတာကြောင့် ဒဏ်ရာရသူနဲ့ သေဆုံးသူတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အရာတော်မြို့နယ် ကန်ရင်းရွာအနီးက ဒေသခံကာကွယ်ရေးတပ်စခန်းတွေကိုဝင်စီးပြီးအပြန် လမ်းမှာ ၂ ကြိမ်တိုင် မိုင်းထိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စီးနင်းခဲ့တဲ့ စခန်းတွေကို စစ်ကောင်စီက မီးရှို့ပစ်ခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်ကတော့ အထိအခိုက်မရှိဘဲ ရှောင်တိမ်းနိုင်ခဲ့တယ်လို့ ဒေသခံ PDF ဘက်က သတင်းထုတ်ပြန်ပါတယ်။
ပြန်လာတဲ့ စစ်ကောင်စီတပ်တွေကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) တောင်ပိုင်းညီနောင်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှုအနည်းငယ်လည်း ဖြစ်ပွါးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာကန်ရင်းရွာထဲက ရွာသား ခြောက်ဦးကိုလည်း ဖမ်းဆီးရိုက်နှက်ခဲ့ပြီး နေအိမ်တွေကိုလည်း ဝင်ရောက်မွှေနှောက်ကာ ရွှေထည်ပစ္စည်း၊ ကားတစ်စီး၊ ဆိုင်ကယ်၊ ငွေသား(၈)သိန်းကျော်၊ တန်ဖိုးရှိပစ္စည်းတချို့နဲ့ ဖုန်းတွေပါ ယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကန်ရင်းရွာနဲ့ ရွာနီးချုပ်စပ်မှ ပြည်သူများအားလုံး ရှောင်တိမ်းနေကြရပြီး စစ်ကောင်စီက နောက်ချန်အင်အားတွေထားခဲ့လို့ ဒေသခံတွေ ရွာထဲ ပြန်ဝင်လို့ မရသေးကြောင်း ပြောပါတယ်။
#Dailynews

