ဇူလိုင်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၅) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်း ဖြစ်ပါသည်။
သင့်နော် ရေးသည်။
စံပယ်ဦးကို ၁၉၆၁ ခုနှစ်မှာ ငွေတာရီစာစဉ်က ထုတ်ခဲ့ရာမှာ ‘ဒဂုန် တာရာဟာ တာရာမဂ္ဂဇင်းနဲ့ စစ်ပြီးခေတ် မြန်မာစာပေလောကမှာ မှတ်တိုင်တစ်တိုင် စိုက်ခဲ့သူဖြစ်တယ်။ တာရာက ကလောင်သစ် တွေကို မွေးထုတ်ပေးခဲ့တယ်။ ဒါကြောင့် ဒဂုန်တာရာဟာ မြန်မာ စာပေလောကမှာ ရှေ့ဆောင်စာရေးဆရာဖြစ်တယ်။ မဂ္ဂဇင်းတွေမှာ ဝတ္ထုတိုတွေ အခါအားလျော်စွာ ပါနေပေမယ့် သူ့ပရိသတ်က တစ်စု တစ်စည်းတည်း ပေါင်းဖတ်ချင်ကြတယ်။ ဒါမှ သူ့လက်ရာတွေကို လည်း စေ့စေ့စပ်စပ်ဝေဖန်နိုင်မယ်။ ဒါကြောင့် အခု စံပယ်ဦးကို ထုတ်တာ။ သည့်အရင်က ဒဂုန်တာရာဝတ္ထုတွေကို စုပြီး စာတစ်အုပ် အဖြစ် မထုတ်ခဲ့ဖူးကြသေးဘူး။ စံပယ်ဦးဟာ ပထမဆုံး သူ့ဝတ္ထုတို စုစည်းမှုပဲ’လို့ နိဒါန်းသွယ်တယ်။
ဒဂုန်တာရာကိုယ်တိုင်ကတော့ …စံပယ်ဦးထဲမှာ ၁၉၃၉ ခုနှစ်ကနေ ၁၉၅၆ ခုနှစ်အတွင်း ရေးခဲ့တဲ့ ဝတ္ထုတို ၁၄ ပုဒ်ပါတယ်။ သူ စာစရေးစဉ် ၁၉၃၃ လောက်က ဝတ္ထု နှစ်ပုဒ်၊ သုံးပုဒ်လောက် ထည့်ချင်ပေမယ့် ရှာမတွေ့တော့ဘူး။ ဒီလိုပဲ ၁၉၃၉-၄ဝ လောက် က ရေးခဲ့တဲ့ ‘ဒို့ရေနံ’နဲ့ ‘ကျောင်းဆရာမ’ ဝတ္ထုနှစ်ပုဒ်လည်း ရှာ မရလို့ မထည့်လိုက်ရဘူး။ သူ့စာရေးသက် အနှစ်အစိတ်အကြာမှာ မှ အခု စံပယ်ဦးကို ထုတ်ဖြစ်တယ်။ သူ စာစရေးတုန်းက ကဗျာကို ပဲ အားသန်တယ်။ တက္ကသိုလ်ရောက်မှ ဝတ္ထုတိုကို ထိတွေ့ခဲ့ရတာ။ စစ်ပြီးခေတ်မှာ တာရာမဂ္ဂဇင်းထုတ်တယ်။ ပင်ကိုရေးဝတ္ထုတွေ စရေးတယ်။ တာရာရပ်သွားပြီးတော့ အရေးကျဲသွားပြန်ရော။ ခံစားချက်ပေါ်မှ ရေးတာ။ တစ်ယောက်ယောက်ကို တစ်ခုခုပြော ချင်မှ ရေးတာ။ သူ့စကားပြေဟာ ကဗျာဟန်တွေနဲ့ ပြည့်နေတယ်။ ၁၉၆၁ ခုနှစ်မှာဆိုရင် ဝတ္ထု တစ်ရာလောက် သူ ရေးပြီးခဲ့ပြီ။ ဝတ္ထု တိုအနုပညာဆိုတာ ရှင်သန်နေတဲ့ အနုပညာပဲ။ ဘာသာစကား ဆိုတာ ရှိနေသမျှ ဝတ္ထုတိုအနုပညာကလည်း ရှိနေမှာပဲ။ ပိုပိုပြီး ဆန်းသစ်နေမှာပဲ။ အနာဂတ်မှာ သူရေးမယ့်ဝတ္ထုဟာ ဒီနေ့ သူ့ ဝတ္ထုလိုမျိုး ဟုတ်ချင်မှ ဟုတ်မယ်။
စံပယ်ဦးထဲမှာ ပါတဲ့ ‘ရော်ကျကြွေခြောက်’ဆိုတဲ့ ဝတ္ထုဟာ ဖ.ဆ.ပ.လ အစိုးရအတွက် ကိုလိုနီစနစ်ရဲ့ အရိုက်အရာဖြစ်တဲ့ ဗျူ ရိုကရက်စနစ်ကို အစားထိုးအသစ်လှယ်စေဖို့ ရည်မှန်းပြီး ရေးခဲ့ တာ။ ဒါပေမဲ့ ပင့်ကူမျှင်ကို ဆေးခြယ်နေတာထက် မပိုဘူး။
အခု စံပယ်ဦးဟာ သူ့စာပေဘဝအတွက် မှတ်တိုင်တစ်တိုင် စိုက်လိုက်တာပါ။ ၁၇ နှစ်ကာလအတောအတွင်း သူ့အတွေး အခေါ်တွေကို တင်ပြတာပါ။ ‘စာရေးသက် ၁၇ နှစ်ဆိုတာကတော့ ဘာမှမဟုတ်လောက်ပါဘူး။ စာဖတ်သူတွေက ဝေဖန်စေချင်ပါ တယ်’လို့ အမှာပါးထားတယ်။
စံပယ်ဦးကို ၁၉၆၁ ခုနှစ်က ပထမအကြိမ်အဖြစ် ထုတ်ခဲ့စဉ် မှာ စလုံးအပေါ်က သေးသေးတင်မပါဘဲ စပယ်ဦးလို့ တွေ့ရတယ်။ စာပေဗိမာန်ဆုရပြန်တော့လည်း စပယ်ဦးပါပဲ။ အဲဒီတုန်းကတော့ ၁၆ ချိုးနဲ့ စာမျက်နှာ ၂၆၄ မျက်နှာရှိတဲ့ စာအုပ်ရဲ့ ရောင်းဈေးဟာ နှစ်ကျပ်ပါ။ စပယ်ဦးကို သော်တာဆွေရဲ့ ဘဝထိုထိုနဲ့ တွဲပြီး ဝတ္ထု တိုပေါင်းချုပ် ဆုပေးခဲ့တာပါ။ ဒဂုန်တာရာရဲ့ တစ်အုပ်တည်းသော ဝတ္ထုနဲ့ဆိုင်တဲ့ ဆုရစာအုပ်ပါ။
‘…..စာရေးသူသည် ကဗျာ၊ ဂီတ စသည်တို့တွင် ဝါသနာ ထုံရကား သူ၏ စံပယ်ဦးဝတ္ထုတိုကလေးများကိုလည်း ကဗျာ၊ ဂီတ၊ ပန်းချီတို့ဖြင့် တည်ဆောက်ထား၏။ စာရေးဆရာကိုယ်တိုင် ကျော်ဖြတ်ခဲ့ရသည့် နိုင်ငံရေးခေတ်အဆက်ဆက်ကိုလည်း ဇာတ် ကောင်တို့၏ လှုပ်ရှားမှုများတွင် ရောင်ပြန်ဟပ်ထားသည်ကို တွေ့ ရ၏။ ဗျူရိုကရက်အရာရှိကြီးများ၊ တော်လှန်ရေးရဲဘော်များ၊ မျိုး ချစ်လူငယ်များ၊ တောခိုကွန်မြူနစ်များ၊ ဓနရှင်ပေါက်စ လူတန်း စားများ စသည်ဖြင့် ဇာတ်ကောင်တို့ကို စရိုက်အမျိုးမျိုးဖြင့် စုံလင်စွာ ရေးဖွဲ့ထားလေသည်’
အဲဒါကတော့ ‘မြန်မာနိုင်ငံစာပေဆုများ’စာအုပ်မှာ ပါတဲ့ စံပယ်ဦးအကြောင်းပါ။ စာပေဗိမာန်က ၁၉၇ဝ ပြည့်နှစ်လောက် မှာ ထုတ်တဲ့ စာအုပ်ဖြစ်ပြီး ဆုရွေးချယ်ရေးက ပေးတဲ့ မှတ်ချက် လို့ ယူဆလို့ မရလောက်ပါဘူး။ အကြမ်းဖျင်းဖော်ပြချက်ပဲ ဖြစ် မယ်ထင်ပါတယ်။
၁၉၆၁ ခုမှာ စာပေဗိမာန်ဆု ရလိုက်တဲ့ စပယ်ဦးကို နှစ် ၃ဝ ကြာတဲ့အခါမှာ ဒုတိယအကြိမ်အဖြစ် အလင်းတိုက်စာပေက ပြန် ထုတ်ပါတယ်။ ၁၉၉၂ ခုနှစ် ဖြစ်နေလေတော့ စာပေစိစစ်ရေးလက် ချက်နဲ့ စာအုပ်ဖြစ်ပြီးပါမှ စပယ်ဦးထဲက ဝတ္ထု တစ်ပုဒ်လား၊ နှစ် ပုဒ်လား မသိ ဆွဲဖြုတ်ခံရပါတယ်။ ဘယ်ဝတ္ထုဖြစ်မလဲဆိုတာ အတိအကျ မပြောနိုင်ပြန်ဘူးလေ။ ဘာကြောင့်ဆိုတော့ ဒုတိယ အကြိမ် ပုံနှိပ်တဲ့ စံပယ်ဦးကို အလွယ်တကူ ရှာမရတော့လို့ပါပဲ။ ဒီတော့ မှန်းဆကြည့်တဲ့အခါ ရဲဘော်၊ ဒါမှမဟုတ် သေနတ်သံ တစ်ပုဒ်ပုဒ်ဖြစ်မယ်လို့ပဲ ထင်ရတယ်။
စံပယ်ဦးထဲက ဝတ္ထု ၁၄ ပုဒ်ကို ခရစ်နှစ်စဉ်လိုက်တဲ့အခါ လွတ်လပ်ရေးမရခင်က နှစ်ပုဒ်၊ လွတ်လပ်ရေးရပြီးမှ ရေးတာ ၁၂ ပုဒ်လို့ တွေ့ရတယ်။ အစောဆုံးက ၁၉၃၉-၄ဝ ထုတ် ရန်ကုန် တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းထဲက ‘ပွင့်ခါစ’။ နောက်ဆုံးက ၁၉၅၆၊ ဧပြီ ရှုမဝထဲက ‘သေနတ်သံ’။ ဒါပေမဲ့ စံပယ်ဦးမှာ အဲဒီ ၁၄ ပုဒ်ကို ခရစ်နှစ်အစဉ်အတိုင်းမဟုတ်ဘဲ ပုံနှိပ်ထားတာကတော့ ဘာကြောင့်ရယ်မသိနိုင်၊ မဆဝါးနိုင်။ ၁၉၉၂ တတိယအကြိမ် အဖြစ် နေရီရီက ပုံနှိပ်ပြန်တဲ့အခါ အဲဒီ ၁၄ ပုဒ်ကိုပဲ ပထမအကြိမ် က အစီအစဉ်အတိုင်း မစီတော့ဘဲ Title ဖြစ်တဲ့ စံပယ်ဦးကို ရှေ့ ဆုံးမှာ ထားပြီး ပုံနှိပ်လိုက်ပြန်တယ်။ ဒီလို ဒီလို မူလပုံသဏ္ဌာန်ကို ကွဲပြားစေတဲ့ လုပ်ဆောင်ချက်တွေဟာ ‘စာအုပ်ယဉ်ကျေးမှု’ကို ထိခိုက်စေသလားလို့ စဉ်းစားချင်စရာ မကောင်းပေဘူးလားဟင်။
၁၉၃၉ ခုနှစ်ကနေ ၁၉၅၆ ခုနှစ်အတွင်း ရေးခဲ့တဲ့ ဝတ္ထု ၁၄ ပုဒ်ကို ၁၉၆၁ ခုနှစ်ကျမှ စုစည်းပုံနှိပ်ပြီး စာတစ်အုပ်ထုတ်နိုင်ခဲ့ တယ်ဆိုတော့ ဝတ္ထုတိုစာအုပ်တစ်အုပ်အတွက် အနှစ် ၂ဝ လောက် အချိန်ယူခဲ့ရတာပါလားလို့ ထိတ်လန့်အံ့သြရပြန်တာ ပေါ့။ ဒဂုန်တာရာလို ကလောင်တစ်ချောင်းအတွက် ဝတ္ထုတိုစု စည်းမှုတစ်ခုဟာ အနှစ်နှစ်ဆယ်ကာလတိုင်ပါမှ အထမြောက် တယ်ဆိုတော့…။ အခြား အခြားသော သူနဲ့ ခေတ်ပြိုင် စာရေး ဆရာတွေရဲ့ အလားတူ ဝတ္ထုတိုစုစည်းမှု စာအုပ်တွေရဲ့အနေ အထားကရော ဘယ့်နှယ်နေမှာပါလိမ့်။ စဉ်းစားချင်စရာပဲ။
ပွင့်ခါစ၊ စန္ဒကေသီ၊ ရဲဘော်၊ မယ့်ရင်တွင်း၊ လှဥမ္မာ၊ ဆည်း ဆာ၊ တ္ဆေ၊ ရော်ကျကြွေခြောက်၊ စိန်ပင် စိန်ပင် တစ်ကျိုက် တစ် ကျိုက်၊ သေနတ်သံ၊ မြမြလန်းစင်၊ မြဝတ်ရည်၊ စပယ်ဦးနဲ့ လံခြား ဝါလားတို့ဟာ ၁၉၆၁ ခုနှစ်အတွက် စာပေဗိမာန်ဝတ္ထုတိုပေါင်း ချုပ်ဆုကို ရခဲ့တဲ့ ဝတ္ထုတွေဖြစ်တယ်။ ၁၉၆၁ ခုနှစ်ထုတ် စပယ်ဦး အုပ်ရေက သုံးထောင်၊ တန်ဖိုးက နှစ်ကျပ်၊ ၁၆ ချိုး၊ စာမျက်နှာ ၂၆၄၊ ကာဗာဦးအုံးလွင်၊ ငွေတာရီစာစဉ် ၇။
စံပယ်ဦးဟာ ဒဂုန်တာရာရဲ့ အစောဆုံးဝတ္ထုတိုတွေကို စု ထားတာကြောင့် အချိန်ကာလအရ သတ်သတ်မှတ်မှတ်ရှိပြီး သူ့ စာအရေးအသားနဲ့ သူ့ခံစားချက်အတိမ်အနက်ကို သက်သောင့် သက်သာ ချဉ်းကပ်လို့ရတယ်။ ဒဂုန်တာရာရဲ့ သဘောသဘာဝကို ရိပ်စားမိနိုင်တယ်။ ဒဂုန်တာရာရဲ့ ရွေးချယ်မှုကို ရင်ခုန်ခွင့်ရတယ်။ သူ့အဖွဲ့အနွဲ့မှာ စီးမျောခွင့်ရတယ်။ ခေတ်ကာလနောက်ခံကားတွေ ကို မြင်ရတယ်။ လူတန်းစားတော်တော်များများရဲ့ ရုပ်ပုံလွှာကို မြင်သာထင်သာရှိစေတယ်။ ပြီးတော့ သူတို့ရဲ့ စရိုက်လက္ခဏာ…။ဇာတ်ကောင်အမျိုးမျိုးကို ဖန်တီးပြီး ဇာတ်ကို အသက်သွင်းရာမှာ စာရေးဆရာကိုယ်တိုင် အဓိကဇာတ်ကောင်နေရာမှာ ကိုယ်စား ပြုနေတာမျိုးကို တွေ့ရခြင်းဟာလည်း ရသတစ်ခုခုကို ရလိုက်ရ သလိုလို။ လွတ်လပ်ရေးရခါစ နိုင်ငံတစ်ခုရဲ့ အခြေအနေအချို့ကို စံပယ်ဦးထဲမှာ ဖျတ်ခနဲ ဖျတ်ခနဲ မြင်လိုက်ရသလို သမိုင်းမဝင် သမိုင်းမတင်နိုင်ပေမယ့် သမိုင်းအမြင်တွေ ရှင်သန်စေတဲ့ အခင်း အကျင်းတွေကိုလည်း ဆတ်ခနဲ ဆတ်ခနဲ တွေ့ရတယ်လေ။
စံပယ်ဦး ၁၄ ပုဒ် ဖြစ်တည်စဉ်ကာလဟာ ဒဂုန်တာရာ အသက် ၂ဝ နဲ့ ၃၇ နှစ် ကြားကာလ။ အရွယ်ကောင်း။ စာရေးဆရာ အသင်း ဥက္ကဋ္ဌ။ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ဒုဥက္ကဋ္ဌ။ တာရာမဂ္ဂဇင်းထုတ်ဝေသူ။ မေ၊ ဂန္ဓာလရာဇ်၊ ရုပ်ပုံလွှာ တို့နဲ့ အထင်ကရ စာပေမှတ်တိုင်တွေ ထူထောင်နိုင်ခဲ့ပြီးသူ။ စာပေသစ်နဲ့ စစ်ပြီးခေတ် မြန်မာစာပေရပ်ဝန်းကို ချောက်ချားစေ ခဲ့သူ။ ထင်ရှားတဲ့ လက္ခဏာတစ်ရပ်ဟာ စကားပြေအဖွဲ့အနွဲ့မှာ ကဗျာဓာတ် ကိန်းအောင်းနေခြင်းပဲ ဖြစ်တယ်။ ဒဂုန်တာရာရဲ့ ဝါကျဖွဲ့ပုံ၊ ဒဂုန်တာရာရဲ့ စကားလုံးရွေးချယ်ပုံ၊ ဒဂုန်တာရာရဲ့ အစစအရာရာကို နေရာတကျခင်းကျင်းပုံ၊ ဒဂုန်တာရာရဲ့ စ၊ လယ်၊ ဆုံး တင်ဆက်ပုံ၊ အဲဒါတွေဟာ ဒဂုန်တာရာရဲ့ အားတွေပဲ၊ အနုပညာတွေပဲ၊ ဝတ္ထုအတတ်ပညာတွေပါပဲ၊ ခွန်အားရှိတဲ့ စု စည်းတည်ဆောက်မှုတွေပဲ။ စန္ဒကေသီ၊ ရဲဘော်၊ မယ့်ရင်တွင်း၊ လှဥမ္မာ၊ ဆည်းဆာ၊ လံခြားဝါလားတို့မှာ ဇာတ်ကောင်ဗဟိုပြုပြီး လူ့သဘောသဘာဝကို စေ့စေ့ငုငု လုပ်ထားတဲ့ ဝတ္ထုတွေ။ ရေပက် မဝင်အောင် လုံခြုံတယ်။ ပွင့်ခါစနဲ့ စံပယ်ဦးတို့က လှတယ်။ ပဟေဠိတွေနဲ့ ဖွဲ့တယ်။
ဒဂုန်တာရာရဲ့ ဝတ္ထုတိုအတတ်ပညာကို ‘သေနတ်သံ’မှာ ခံစားနိုင်တယ်။ ဝတ္ထုနောက်ခံအချိန်ကာလ၊ နေရာဒေသ၊ ပတ် ဝန်းကျင်အငွေ့အသက်၊ အရောင်၊ အသံ၊ လှုပ်ရှားမှု အသေးစိတ်၊ ခံစားမှုအသေးစိတ်၊ ဗဟိဒ္ဓ၊ အဇ္ဈတ္တ၊ အတိတ်-ပစ္စုပ္ပန်အပြန်အလှန် ကူးလူးဆက်စပ်ပြောင်းလဲ၊ သမိုင်း၊ နိုင်ငံရေး၊ လူမှုရေး၊ အမျိုး သားရေး၊ နှလုံးသားရေး၊ ယဉ်ကျေးမှု၊ အစဉ်အလာ ဓလေ့စရိုက်၊ အဆင်ဆန်း၊ အကွက်ဆန်းကို ရက်ကန်းစင်ပေါ်မှာ ဖောက်ထား သလို မငြီးငွေ့စတမ်း ရေးဖွဲ့ ထင်ဟပ်ထားတာမျိုး။ ဝေဒနာနဲ့ စေတနာကို စွက်ပြီး ဖွဲ့ထားတာမျိုး။ စေ့စေ့ဖတ်လေ ရသပေါ်လေ။ စာလုံးတစ်လုံးချင်း၊ ဝါကျတစ်ကြောင်းချင်း၊ စာတစ်ပိုဒ်ချင်း သာ သာညင်းညင်းနှလုံးသွင်းပြီး ဖတ်တဲ့အခါ စံပယ်ဦးဟာ အချိန်ကာ လတိုက်စားမှုကို ခံနိုင်စွမ်းရှိပြီး ၂ဝ၁၅ မှာလည်း ခံစားမှုအပြည့် အဝနဲ့ ရင်ထဲကို တိုးတိုးဝှေ့ဝှေ့ ပြန်ရောက်လာခဲ့ပြန်ပြီ။ ။

