အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၄ (မော်ကွန်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းအပေါ်အကောင်းမြင်ကြောင်း တပ်မတော်က ပြောသည်။
“ကျွန်တော်တို့ လေ့လာတဲ့အခါ သူ့တို့ရဲ့ရည်မှန်းချက်က ကျွန်တော်မြင်ရသလောက်တော့ မကောင်းတာ မပါဘူး။ သူတို့ ရည်မှန်းချက်သည် ဘယ်လိုတည်ဆောက်မယ်၊ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ ကောင်းတဲ့ဟာတွေ ချည်းပဲ ပါတယ်လို့ ကျွန်တော်တော့ မြင်ပါတယ်” ဟုတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့ နံနက်ပိုင်းက နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းသမားတစ်ဦးက NLD ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းနှင့်ပတ်သက်၍ မေးမြန်းမှုကို ဖြေရာတွင် သူက ပြောခဲ့ခြင်းဖြစ်သည်။
NLD ပါတီ၏ကြေညာစာတမ်းတွင် ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကဏ္ဍ၌ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားများကို ကာကွယ်ရန်၊ ပြည်သူတို့ ယုံကြည်အားကိုးသော တပ်မတော်ဖြစ်ရန်၊ တပ်မတော်သည် ဒီမိုကရေစီစံနှုန်းစံထားများနှင့်အညီ ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အစိုးရ၏ မူဝါဒအပေါ် ရပ်တည်ရန်၊ စစ်ရေးစွမ်းရည်ထက်မြက်၍ နည်းပညာပိုင်းဆိုင်ရာ တိုးတက်ခေတ်မီသည့် တပ်မတော်ဖြစ်ရန်၊ ပြည်သူတို့ ချစ်ခင် အားကိုးသော ရဲတပ်ဖွဲ့ဖြစ်ရန်၊ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနှင့်အညီဆောင်ရွက်သော ရဲတပ်ဖွဲ့ဖြစ်ရန်၊ ဒီမိုကရေစီစံနှုန်းများကို အခြေခံသည့် တည်ငြိမ်အေးချမ်းသော လူမှုအသိုင်းအဝိုင်း ထွန်းကားရေး ပံ့ပိုးရန်၊ အရည်အသွေးပြည့်ဝသည့် ခေတ်မီတိုးတက်သော ရပ်တပ်ဖွဲ့ဖြစ်ရန် ဟူသော ရန်မှန်းချက်များကို ဖော်ပြထားသည်။
ထိုအချက်များသည် NLD ရွေးကောက်ပွဲကြေညာစာတမ်း၏ ထူးခြားမှုဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မော်ကွန်းသို့ ပြောသည်။
“တပ်မတော်နဲ့ ပတ်သက်တဲ့ စစ်ရေးဆုံးဖြတ်ချက်တွေမှာ အရပ်သားအစိုးရဘက်ကနေ ပါဝင်မစွက်ဖက်ရဘူးဆိုတဲ့ အချက်တွေ ရှိတယ်။ အဲဒီလို ရှိနေတဲ့ အနေအထားတွေကို ပြောင်းလဲမယ်လို့ သူတို့ ဒီလို ဖော်ပြတာပေါ့။ ဒီဖော်ပြချက်က သိပ်ပြီး လက်တွေ့ဖြစ်နိုင်မယ်လို့ ကျွန်တော် မထင်ဘူး” ဟု ဦးသန်းစိုးနိုင်က မှတ်ချက်ပေးသည်။
တပ်မတော်က နိုင်ငံတော်၏ အစိတ်အပိုင်း၊ ပြည်သူလူထု၏ အစိတ်အပိုင်းဖြစ်သည်ဟု ခံယူထားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်ကလည်း မကြာခဏ ထုတ်ဖော်ပြောဆိုကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
National League for Democracy(FB)
#Dailynews