အောင်ထူးနိုင်
ရန်ကုန် ၂၀၂၀ ဇူလိုင် ၂၁ (မော်ကွန်း)
NLD ပါတီမှ ထုတ်ပယ်ခံရသူ ဗိုလ်တထောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်မေစိုးက လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း မော်ကွန်းသို့ပြောသည်။
“ဘယ်ပါတီကမှ မဝင်ပါဘူး၊ ကျွန်မကတော့ အမှန်တကယ် တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးပြီးတော့ ကိုယ့်တိုင်းပြည်ကောင်းစားမယ့် ကိုယ့်တိုင်းပြည်ကို တကယ်လုပ်ပေးနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်ကောင်းတွေပဲ လိုချင်ပါတယ်” ဟု ၎င်းက ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်မယှဉ်ပြိုင်ခြင်းက နိုင်ငံရေးသမားအဖြစ် လုံးဝအနားယူခြင်းမျိုးမဟုတ်ဘဲ အနာဂတ်တွင် နိုင်ငံရေးသမားဆက်လုပ်မည်ဟု ၎င်းကပြောသည်။
လမ်းဘေးဈေးသည်များ ရွေးပြောင်းခြင်းကိစ္စနှင့်ပတ်သက်၍ ၎င်းက သူ၏လူမှုကွန်ရက်စာမျက်နှာမှ တင်ပြသည်ကို မြို့တော်ဝန်ဦးမောင်မောင်စိုးက ပါတီဗဟိုသို့တိုင်ကြားခြင်းကြောင့် ပြီးခဲ့သည့် မေ ၈ ရက်တွင် NLD ပါတီမှထုတ်ပယ်ခံရခြင်းဖြစ်သည်ဟု ထိုကာလက မော်ကွန်းနှင့် အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။
လာမည့်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဒေါ်ကြည်ပြာ၊ ဒေါ်စန္ဒာမင်း၊ ဦးနေဘုန်းလတ်တို့သည်လည်း ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း မီဒီယာများတွင် ဖော်ပြသည်။
ဓာတ်ပုံ – ထက်မြတ်အောင်
#Dailynews