ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၃ (မော်ကွန်း)
NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ လက်ရှိနိုင်ငံရေးအကျပ်အတည်းအတွက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုရှာဖွေသွားမယ်လို့ အပစ်ရပ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က မော်ကွန်းကို ပြောပါတယ်။
လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ ကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ရှစ်နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်ဖို့ စစ်ကောင်စီနဲ့ အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေ စီစဉ်နေတာဖြစ်ပါတယ်။
အဆိုပါ အခမ်းအနားကို တက်ရောက်ဖို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေအပါအဝင် လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကိုရော ဖိတ်ကြားခဲ့ပေမယ့် လက်ရှိမှာ အပစ်ရပ်လက်နက်ကိုင်ခုနစ်ဖွဲ့ပဲ တက်ရောက်ဖို့ရှိနေတယ်လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။
ဒါ့အပြင် လက်ရှိမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းအခြေအနေဖြစ်နေကာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ မရှိသလောက်ဖြစ်နေတဲ့ အခြေအနေကို အဖြေရှာသွားမယ်လို့ သူကပြောပါတယ်။
“ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းအခြေအနေတွေက စစ်ဘောင်က ကျယ်နေပြီး နိုင်ငံရေးဆွေးနွေးမှုဘောင်က တော်တော်လေးကို မရှိသလောက်ကျဉ်းမြောင်းနေတဲ့ကာလတစ်ခုမှာ အဲ့ဒီ အကျပ်အတည်းကို ဘယ်လိုပဲပြောပြော နိုင်ငံရေးပြဿနာကြောင့်ဖြစ်တယ်၊ အဲ့ဒီနိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းနဲ့ ဖြေရှင်းခြင်းကသာလျှင် တိုင်းပြည်အတွက် ထိခိုက်နာကျင်မှု အနည်းဆုံးနည်းလမ်းကို ရွေးနိုင်မယ်” လို့ ၎င်းကပြောပါတယ်။
NCA ရှစ်နှစ်ပြည့် အခမ်းအနားကို အပစ်ရပ်လက်မှတ်ထိုး အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU-KNLA(PC)) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အစရှိတဲ့ လက်နက်ကိုင်ခုနှစ်ဖွဲ့ တက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ကျန်တဲ့ အပစ်ရပ်ထိုး လက်နက်ကိုင်အဖွဲ့တွေထဲက အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ NCA လမ်းကြောင်းဟာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း တရားမဝင်တော့ဘူးလို့ KNU ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲပြုလုပ်ပြီး ရက် ၁၀၀ ပြည့် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောထားပါတယ်။
NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ရှိပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာတော့ NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စတဲ့အဖွဲ့တွေကတော့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် NCA နှစ်ပတ်လည် ခြောက်နှစ်ပြည့်နဲ့ ခုနစ်နှစ်ပြည့်အခမ်းအနားတွေကို နှစ်ကြိမ်ကျင်းပထားပါတယ်။
ပုံစာ – မနှစ်က ကျင်းပခဲ့တဲ့ NCA ခုနှစ်နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား
Photo – MOI

