Myanmar Idol မဲပေးစနစ်များ ယုံကြည်ရသလား

ဓာတ်ပုံ-နှင်းကို

နှင်းကို-ရေးသည်။

ရန်ကုန် – မတ် ၂၀၁၇

အပတ်စဉ် ကြာသပတေး၊ သောကြာည ၉နာရီနဲ့ ၁၁နာရီကြား MNTV ရုပ်သံလိုင်းမှာထုတ်လွှင့်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ မဲရလဒ်တွေကို ပရိသတ်တစ်ဦးအနေနဲ့ ဘယ်လောက်ယုံကြည်ပါသလဲ။

မော်ကွန်းက ချဉ်းကပ်မေးမြန်းထားတဲ့ Myanmar Idol ပရိသတ် ၅၀ဦးအနက် ၃၆ဦး (၇၂ရာခိုင်နှုန်း)က မယုံကြည်ဘူးလို့ ဆိုကြပါတယ်။ ခြောက်ဦးကတော့ သူတို့အားပေးတဲ့သူက Top 3 (ထိပ်ဆုံးသုံးယောက်) စာရင်းမှာ ပါဝင်နေသေးတဲ့ အတွက် အပြည့်အဝမယုံကြည်သော်လည်း ထွက်ပေါ်နေတဲ့ မဲရလဒ်ကိုလက်ခံနိုင်သေးတယ်လို့ ပြောကြပါတယ်။ ငါးဦးကတော့ မဲရလဒ်ဟာ ပြိုင်ပွဲစီစဉ်သူများရဲ့လက်ထဲမှာသာရှိပြီး လုံးဝအယုံအကြည်မရှိကြောင်း ပြောဆိုပါတယ်။ သုံးဦးကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကိုအစအဆုံးစောင့်ကြည့်တတ်ပြီး မဲစနစ်ကိုအယုံအကြည် မရှိတဲ့အတွက် ဆန္ဒမဲမပေးဘူးလို့ ဆိုကြပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး(စိန်ဂျွန်း)ကတော့ Myanmar Idol ကိုအစအဆုံးစောင့်ကြည့်ပြီး ဆန္ဒမဲမပေးတဲ့သူများထဲမှာ ပါဝင်ပါတယ်။  ပွင့်လင်းမြင်သာမှုမရှိဘဲ ပြည်သူတွေထံမှ ပိုက်ဆံယူနေတဲ့ ပြိုင်ပွဲတစ်ခုလို့ ရှုမြင်တဲ့အတွက် “ကျွန်တော်ကတော့ No ပါ” လို့ သူက ဆိုပါတယ်။

မဲရလဒ်နဲ့ ပွင့်လင်းမြင်သာမှု

ပြိုင်ပွဲရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်လို့ အမည်မဖော်လိုတဲ့ Top Ten ပြိုင်ပွဲဝင်တစ်ဦးက သူ့ကို လာရောက်အားပေးတဲ့ ပရိသတ်တွေကတစ်ဆင့် ကြားသိရတဲ့ စကားတွေအရ သူရတဲ့မဲအရေအတွက် သိန်းနဲ့ချီရှိတယ်လို့ သိရပေမယ့် လက်တွေ့မှာတော့ ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။ ဘယ်သူတွေ မဲဘယ်လောက် ရသလဲဆိုတာကိုတော့ အတိအကျသိချင်မိတယ်လို့ သူကယခုလိုဆိုပါတယ်။

“အားလုံးကတော့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တာပဲ။ ဒါပေမဲ့ အဲဒီအချက်။ Vote (မဲ)နည်းတယ်၊ များတယ်ဆိုတာကို ဘာမှမမြင်ရဘဲနဲ့ ထွက်ရတယ်ဆိုတာတော့ စိတ်ထဲမှာနည်းနည်းခံရခက်တယ်”

ပထမအကြိမ် Myanmar Idol ပြိုင်ပွဲရဲ့ ဒိုင်သုံးဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ တေးသံရှင်ချမ်းချမ်းရဲ့ အဆိုအရတော့ မဲရလဒ်တွေကို ပြည်သူကိုချပြဖို့ ဆွေးနွေးခဲ့ကြသေးတယ်လို့ သိရပါတယ်။ သို့သော်လည်း ငွေကြေးကုန်ကျစရိတ်၊ နည်းပညာကျွမ်းကျင်မှု၊ အချိန်အကန့်အသတ်များရှိနေတဲ့အတွက် ပြိုင်ပွဲကိုတိုက်ရိုက်ပြသနိုင်ဖို့နဲ့ မဲအရေအတွက် အနည်းဆုံးနဲ့အများဆုံးကို ကြေညာပေးတဲ့အဆင့်သာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သူကရှင်းပြပါတယ်။

မဲရလဒ်တွေကို တီဗွီဖန်သာပြင်မှာအပြည့်အစုံ မပြသနိုင်ခြင်းကလည်း တကယ့်အပြစ်ကြီးတစ်ခုလို့တော့  ပြောလ့ိုမရဘူးလို့ သူက ဆိုပါတယ်။

Vote အနည်းအများကတော့ သူတို့တွေ စစ်စစ်မှန်မှန်လုပ်ပေးမှာပါ။ ဘာလို့လဲဆိုတော့ သူတို့သားသမီး တစ်ယောက်မှ မပါဘူးလေ။ တော်တဲ့ကလေးတွေကို မွေးထုတ်ပေးမယ်ဆိုတဲ့စေတနာပဲရှိကြတာပါ။ ပိုက်ဆံ အကုန် ခံပြီး ဒီအစီအစဉ် လုပ်ပေးတဲ့သူတွေပေါ်မှာလည်း ယုံကြည်မှုလေးတော့ ထားသင့်တာပေါ့”လို့ သူက ရှုမြင်ပါတယ်။

Myanmar Idol ပြိုင်ပွဲရဲ့ အဓိကကူညီပံ့ပိုးသူဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်မြင့်ကတော့ MPT အနေနဲ့ ရရှိတဲ့ မဲအရေအတွက်နဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကိုသာ ပွဲစီစဉ်သူများထံ ပို့ပေးရတာဖြစ်ပြီး မဲရေတွက်ခြင်းနဲ့ ခွဲဝေခြင်းတွေမှာတော့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ လက်ခံရရှိတဲ့ SMS အရေအတွက်ဟာ စနစ်ကတစ်ဆင့်ရေတွက်တာဖြစ်တဲ့အတွက်လည်း မှန်ကန်တဲ့ အရေအတွက်ကိုပဲသက်ဆိုင်ရာ Voting စစ်ဆေးတဲ့ အဖွဲ့ကိုထုတ်ပေးပါတယ်”လို့ ဦးခင်မောင်မြင့်က ရှင်းပြပါတယ်။

အမည်မဖော်လိုသူ Myanmar Idol ပြိုင်ပွဲဝင်တစ်ဦးကတော့ မဲရလဒ်တွေဟာထင်သလောက် မရိုးရှင်းဘူးလို့ ဝေဖန်ပါတယ်။ ပထမအကြိမ်ပြိုင်ပွဲကို ပြန်လှန်ကြည့်မယ်ဆိုရင် Bottom 3 (မဲအနည်းဆုံး သုံးဦးသာ ထိုင်ရတဲ့နေရာ) မှာ တစ်ခါမှမထိုင်ခဲ့ရတဲ့ဇော်မင်းဦးက Top 5 (ထိပ်ဆုံးငါးဦးအဆင့်)မှာ Bottom 3 ထိုင်ရပြီးထွက်ခွာခဲ့ရပုံ၊ ဒါ့အပြင် တစ်ခါမှ Bottom 3 မထိုင်ရတဲ့ Mဇော်ရိန်က Winner မဖြစ်ဘဲ Bottom 3 နှစ်ခါထိုင်ခဲ့ရဖူးတဲ့ စောလားထော်ဝါးက Winner ဖြစ်ခဲ့ရပုံတွေကို ၎င်းက ထောက်ပြပါတယ်။

Voting အစစ်အမှန် လုံးဝမဟုတ်ပါဘူး။ သူတို့ ပေးချင် ပေးမယ်၊ ထုတ်ချင်ထုတ်မယ်ဆိုတဲ့ပုံစံပဲ။  ကျေးဇူးတင်တာ ကတော့ Idol က ကျွန်တော်တို့ကို လူပိုသိစေတဲ့အချက်ပါပဲ” လို့သူကဆိုပါတယ်။

Myanmar Idol ရဲ့ အကဲဖြတ်ဒိုင်တစ်ဦးဖြစ်သူ နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်က လက်ရှိကျင့်သုံးနေတဲ့ မဲစနစ်အပေါ် မှာရော၊ လူတွေဝေဖန်စောကြောမှုရှိနေတဲ့ ပွင့်လင်းမြင်သာမှု မရှိခြင်းအပေါ်မှာပါ တစ်စုံတစ်ရာပြောစရာ မရှိဘူးလို့ မှတ်ချက်ပြုပါတယ်။

ဦးဌေးဦး (စိန်ဂျွန်း)ကတော့ ပြိုင်ပွဲကို ယခုထက်အဆင့်အတန်းပိုမြင်စေချင်တယ်လို့ ဆိုပါတယ်။

“သူတို့ ဘယ်လောက်ရိုးသားဖြောင့်မတ်တယ်ဆိုတာ ပရိသတ်ကိုပွင့်လင်းမြင်သာ ပြဖို့လိုပါတယ်။ ပွင့်လင်းမြင်သာမရှိတဲ့ အတွက် ယုံကြည်မှုကို ထိခိုက်စေမယ်” လို့ သူက သုံးသပ်ပါတယ်။

Myanmar Idol မဲစနစ်

Myanmar Idol ပြိုင်ပွဲအစီအစဉ်ရဲ့ အမှုဆောင်ထုတ်လုပ်သူ ကိုစိုင်းဇွမ်ဖကတော့ မဲရလဒ်တွေကို ဘယ်သူ့ကိုမှ ပေးမသိခြင်းက ပိုကောင်းတယ်လို့ ရှုမြင်ပါတယ်။ မဲအနည်းအများကိုသိရတဲ့အခါ မဲပေးတဲ့သူတွေက တွက်ချက်ပြီး မိမိအားပေးလိုတဲ့ပြိုင်ဘက်အသာစီးရအောင် Counter (တန်ပြန်)လုပ်ဆောင်မှာ စိုးရိမ်ရသလို ပြိုင်ပွဲဝင်တွေ အတွက်လည်း ကြိုးစားအားထုတ်မှု လျော့ကျသွားစေနိုင်တဲ့အတွက် တကယ့်အဖြေမှန်ကိုရဖို့ ခဲယဉ်းသွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ‘Voting (မဲပေးမှု) ရလဒ်တွေကို သူတို့ဘယ်လိုရေတွက်သလဲ၊ ဘယ်သူတွေကပါဝင်ပြီး ဘယ်လောက် ယုံကြည်မှုရှိရမလဲ’  ဆိုတဲ့ မော်ကွန်းရဲ့ ဆက်သွယ်မေးမြန်းချက်ကိုတော့ ဖြေဆို၍မရကြောင်း ၎င်းကပြောပါတယ်။

ပရိသတ်တွေက Counter ပြန်မလုပ်အောင် မဲရလဒ်တွေကို အများကိုအသိမပေးဘူးလို့ ကိုစိုင်းဇွမ်ဖကဆိုပေမယ့် ပရိသတ်တွေကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ပြိုင်ပွဲဝင်အသာစီးရအောင် ပိုက်ဆံအကုန်ခံကာ မဲတွေပုံအောပေးဖို့ အားထုတ်ကြပါတယ်။

ဖျာပုံမြို့က အသက် ၂၉နှစ်အရွယ် မသက်မွန်တို့ မိသားစုဆိုရင် ပြိုင်ပွဲဝင်တစ်ဦးတည်းကို ပေးတဲ့ ဆန္ဒမဲကတစ်ရက်တည်း (ကြာသာပတေးနေ့ ပြိုင်ပွဲပြီးချိန်မှ သောကြာနေ့ ညခြောက်နာရီအတွင်း) ကျပ်တစ်သိန်းဖိုးရှိတယ်လို့ ဆိုပါတယ်။

Result (မဲရလဒ်)က သူတို့လက်ထဲမှာ ရှိသလိုဖြစ်နေတာ။ အဆင့်တက်လာလေ ကိုယ့်လူထွက်ရမှာ ကြောက်လေဆိုတော့ တိုးတိုးပေးသွားတာ” လို့သူကပြောပါတယ်။

မသက်မွန်တို့ ဆန်စက်ရုံထဲကအလုပ်သမားတွေလည်း ပြိုင်ပွဲဝင်သားငယ်ကိုမဲပေးကြတာ တစ်ပတ်ကို (ကျပ်) နှစ်သောင်း၊ သုံးသောင်းဖိုးရှိတယ်လို့ ဆိုပါတယ်။ သူတို့အားပေးတဲ့ သားငယ်က Bottom 3 မှာ မထိုင်ရသေးတဲ့အတွက် ပြိုင်ပွဲရဲ့ ဆန္ဒမဲပေးစနစ်ကို မဝေဖန်လိုသော်လည်း လူတစ်ဦး၊ ဆင်းကတ်တစ်ကဒ်မှာ ဆန္ဒမဲတစ်ခုသာပေးရပါက ပိုမိုသင့်လျော်ကောင်းမွန်မယ်လို့ မသက်မွန်က ဆိုပါတယ်။

ပြိုင်ပွဲဝင် မိုင်းမိုင်ဆန်းကိုလာရောက်အားပေးတဲ့ မူဆယ်မြို့မှ အသက် ၂၃နှစ်အရွယ် မဆိုင်းမွန်းမိုင် ဆိုရင် အပတ်စဉ် မဲနှစ်ထောင်ကျော်၊ သုံးထောင်ပေးဖြစ်သော်လည်းမဲပေးတဲ့ စနစ်ကိုတော့ သိပ်မကြိုက်ဘူးလို့ ဆိုပါတယ်။ သူအပါအဝင် မဲပေးတဲ့သူအများစုကကိုယ့်နဲ့ခင်လို့၊ ရပ်ဆွေရပ်မျိုးမို့၊ ကိုယ်နဲ့ပတ်သက်လို့ဆိုတဲ့ လူမျိုးစွဲပုဂ္ဂိုလ်စွဲတွေနဲ့ မဲပေးလေ့ရှိတာ ကြောင့် တကယ့်ကိုတော်တဲ့၊ ထိုက်တန်တဲ့ အရည်အချင်းရှိတဲ့သူတွေက Winner မဖြစ်မှာကို စိုးရိမ်မိတယ်လို့ မဆိုင်းမွန်းမိုင်က အခုလိုပြောပါတယ်။

“ပြည်သူထဲကရွေးတာဆိုပေမယ့် ပြည်သူကဂီတကို လက်လှမ်းမီတဲ့သူကနည်းတယ်။ ကောင်းတာတော့ ပညာရှင်တွေက ရွေးချယ်တာပဲ ဖြစ်သင့်တယ်”

တေးသံရှင် ချမ်းချမ်းကတော့ Myanmar Idol ဟာ American Idol ကနေ လိုင်စင်ရထားတာဖြစ်တဲ့အတွက် American Idol ရဲ့ မဲပေးတဲ့စနစ်အတိုင်း သူ့ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်းပဲလုပ်ရတယ်လို့ ဆိုပါတယ်။ ဒီစနစ်ဟာလွတ်လပ်တဲ့၊ တွေးခေါ် နိုင်စွမ်းရှိတဲ့၊ မျှမျှတတစဉ်းစားတဲ့ သူတို့နိုင်ငံ၊ သူတို့ယဉ်ကျေးမှုအတွက် အဆင်ပြေပေမယ့် မြန်မာနိုင်ငံ အတွက်တော့ အဆင်မပြေဘူးလို့ သူကသုံးသပ်ပါတယ်။American Idol ရဲ့ မဲပေးတဲ့စနစ်မှာတော့ ပုံစံငါးမျိုးနဲ့ မဲပေးနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် မဲပေးခြင်း ၊ Fox Now App မှတစ်ဆင့် မဲပေးခြင်း ၊ Google အကောင့်မှ တစ်ဆင့် မဲပေးခြင်း ၊ ဖုန်းမှတစ်ဆင့် SMS ဖြင့်မဲပေးခြင်းနဲ့ သတ်မှတ်ထားတဲ့ဖုန်းနံပါတ်ကို ဖုန်းဆက်ပြီးမဲပေးခြင်းတွေ ဖြစ်ပါတယ်။ မဲပေးနည်းတစ်ခုစီတိုင်းကို အများဆုံး ၁၀ ကြိမ်ပဲပြုလုပ်ခွင့်ပေးထားတယ်လို့ American Idol ရဲ့ ဝက်ဘ်ဆိုက် http://americanidolnet.com မှာ ဖော်ပြထားပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ Myanmar Idol ပြိုင်ပွဲရဲ့ ဆန္ဒမဲပေးခြင်းစနစ်ဟာ ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုမှာ ဆန္ဒမဲတစ်ခုသာ ပေးခွင့်ရှိပြီး ဖုန်းဆင်းကတ်တစ်ခုမှာ SMS နဲ့ ဆန္ဒမဲအစောင်ရေ အကန့်အသတ်မရှိပေးပို့နိုင်ပါတယ်။ မဲပေးရမယ့်အချိန် ပြည့်သွားရင်တော့ ဖေ့စ်ဘွတ်ခ် ဆန္ဒမဲရော၊ SMS ဆန္ဒမဲကိုပါ အချိုးကျတွက်ချက်ပြီး ဆန္ဒမဲအနည်းဆုံး ပြိုင်ပွဲဝင်က ပြိုင်ပွဲမှ ထွက်ခွာရတဲ့ စနစ်ဖြစ်ပါတယ်။

ဒီလိုမဲပေးတဲ့နေရာမှာ SMS ကို MPT ဖုန်းဆင်းကတ်တစ်ခုတည်းနဲ့သာ ပြုလုပ်နိုင်ခြင်းက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)နဲ့ Myanmar Idol ကိုစီစဉ်တဲ့ ရွှေသံလွင်မီဒီယာကုမ္ပဏီတို့ ပူးပေါင်းပြီး စီးပွားရှာခြင်းဖြစ်ကြောင်း ဝေဖန်မှုတွေရှိနေပါတယ်။ SMS တစ်စောင်ကို တစ်ဆယ်ကျပ် (တစ်ဆယ်ကျပ် + အခွန် ၅ရာခိုင်နှုန်း) နဲ့ အကန့်အသတ်မရှှိှ ဆန္ဒမဲရယူတာကြောင့်လည်း အခုလိုဝေဖန်နေကြတာဖြစ်ပါတယ်။

ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်မြင့်ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တွေကို  MPT ဖုန်းဆင်းကတ်နဲ့သာ Vote အကန့်အသတ်မရှိပေးနိုင်ခြင်းဟာ ပြိုင်ပွဲရဲ့အဓိကကူညီပံ့ပိုးသူဖြစ်တဲ့အတွက် ရရှိတဲ့အခွင့်အရေးတစ်ရပ်သာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

“ငွေရေးကြေးရေးထက် အရည်အချင်းရှိတဲ့ အနုပညာရှင်တွေကိုဖော်ထုတ်ပေးတဲ့ ဒီလိုအစီအစဉ်ဟာ MPT ရဲ့ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီတဲ့အတွက် အခုလိုပါဝင်ရတာဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

အကန့်အသက်မရှိ SMS ဖြင့် Vote ပေးလို့ရတဲ့စနစ်နဲ့ မဲရလဒ်ပွင့်လင်းမြင်သာမှု မရှိခြင်းအပေါ် MPTအနေနဲ့ လက်ခံနိုင်ပါသလားဆိုတဲ့ မော်ကွန်းရဲ့ မေးခွန်းကိုတော့ “နိုင်ငံတကာမှာလုပ်နေတဲ့ Idol ပွဲတွေရဲ့ Voting စနစ်တွေနဲ့ ဆောင်ရွက်တာဖြစ်တာကိုလည်း (Myanmar Idol)ပွဲ အစကပဲ စီစဉ်သူတွေက ထုတ်ပြန် ကြေညာထားပြီး ဖြစ်ပါတယ်။ MPT အနေနဲ့ ဒီအတွက် သီးသန့်မှတ်ချက် မပေးလိုပါဘူး” လို့ ဦးခင်မောင်မြင့်ကပြန်လည် ဖြေကြားပါတယ်။

တေးသံရှင်ချမ်းချမ်းက”မြန်မာတွေက အရမ်းချစ်တတ်တယ်။ အစွဲအလမ်းကြီးတယ်။ သနားတတ်တယ်။ အဲဒီအချက်တွေက တစ်ခါတစ်ရံမှာအမှန် တရားကိုဖုံးကွယ်သွားတတ်တယ်။ ဘယ်လောက်ပဲတော်တော် ငါ့လူမျိုး၊ ငါ့ရပ်ရွာ၊ ငါ့ဒေသ၊ ငါ့ရပ်ကွက်ကလူဆိုတဲ့ အတ္တလေးတွေ၊ အစွဲလေးတွေကြောင့် Voting စနစ်က အဆင်မပြေဘူး”လို့ သူက ဆိုပါတယ်။

ဒီအချက်နဲ့ပတ်သက်ရင် မြန်မာပြည်သိန်းတန်ကလည်းမဲပေးတဲ့ပရိသတ်ကို ယခုလိုဝေဖန်အကြံပြုခဲ့ဖူးပါတယ်။

“ပညာရပ်ပိုင်းကိုသေသေချာချာကြည့်ပြီးလေ့လာပြီးတော့မှ လှတာ၊ မလှတာ၊ ဖြူတာ၊ မည်းတာဒါတွေကို ကြည့်မနေပါနဲ့။ အရည်အချင်းအစစ်ကိုသေချာကြည့်၊ တရားသဖြင့် မဲပေးပါလို့ ပြောချင်ပါတယ်”

Top Ten ဝင် အမည်မဖော်လိုသူ Idol ပြိုင်ပွဲဝင်တစ်ဦးကတော့ အမှတ်ပေးစနစ်မှာ ဆင်းကတ်တစ်ခုကို မဲတစ်ခုပဲပေးခြင်းကသာ ပရိသတ်အရေအတွက် အစစ်အမှန်ကိုရရှိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါကသာ ပိုပြီးမျှတမှုရှိနိုင်မယ်လို့ သူကယုံကြည် နေပါတယ်။

Idol နဲ့ စီးပွားရေး

ပြိုင်ပွဲရဲ့အစီစဉ်တင်ဆက်သူဖြစ်တဲ့ ကျော်ထက်အောင်ရဲ့ အပြောအဆိုတွေဟာ မဲများများရဖို့သာ အသားပေး နေတာကြောင့် စိတ်ပျက်စရာကောင်းတယ်လို့ ဦးဌေးဦး(စိန်ဂျွန်း)က ဆိုပါတယ်။

“ဒိုင်တွေ ဘာပြောပြော Vote များများရရင်ပြီးရောဆိုပြီး ရဲနောင်ကိုအားပေးတဲ့ ကျော်ထက်အောင်ရဲ့ စကားအဆိုးဆုံးပဲ” လို့ သူက အပြစ်တင်ပါတယ်။

‘ပြိုင်ပွဲဝင်တွေ ပြိုင်ပွဲကနေမထွက်ခွာသွားရဖို့ကပရိသတ်တွေ Vote ပေးရွေးချယ် မှုပေါ်မှာ လုံးဝမူ တည်နေပါတယ် ခင်ဗျာ’  ဆိုတဲ့စကားဟာ အိုင်ဒေါပြိုင်ပွဲတိုင်းမှာ ကျော်ထက်အောင်ရဲ့ပြောစကားဖြစ်ပါတယ်။

ဒါကြောင့် Myanmar Idol ဟာ စီးပွားရေးအတွက်လုပ်တာလား၊ ဖျော်ဖြေဖို့အတွက် လုပ်တာလား၊ တကယ့်မြန်မာ့ အသဲကျော်စစ်စစ်ကို ဖော်ထုတ်ချင်လို့ လုပ်တာလားဆိုတာမသဲကွဲဘူးဖြစ်နေတယ်လို့ ဦးဌေးဦး (စိန်ဂျွန်း)က ဆိုပါတယ်။

ကိုစိုင်းဇွမ်ဖကတော့ Myanmar Idol အစီအစဉ်အတွက် လူအင်အား ၂၀၀မှ ၃၀၀အကြား အသုံးပြုရသလို အမြို့မြို့အနယ်နယ်မှ ဂီတရွက်ပုန်းသီးတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ အသုံးပြုရတဲ့ ငွေကြေးအရင်းအနှီးက များပြားတဲ့အတွက် မဲစနစ်ကနေရရှိလာမယ့် ဝင်ငွေကို အဖြေညှိကြည့်ရင် အထက်က မသဲမကွဲဖြစ်နေတဲ့ မေးခွန်းတွေကိုတွက်ဆနိုင်လိမ့်မယ်လို့ ရှင်းပြပါတယ်။

ပြိုင်ပွဲဝင်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ဖားအံ၊ မော်လမြိုင် စတဲ့မြို့ကြီးတွေမှာ အသံပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကို လူဦးရေသောင်းနဲ့ချီကာ ရွေးချယ်ခဲ့ရပြီး အသံပိုင်းအောင်မြင်တဲ့ပြိုင်ပွဲဝင် ၈၀ကျော်ကို ထပ်မံရွေးချယ်ပါတယ်။ အဲဒီထဲကမှ ပြိုင်ပွဲဝင် ၁၀ ဦးကို နိုင်ငံကျော်အဆိုတော်များဖြစ်တဲ့ မြန်မာပြည်သိန်းတန်၊ မေဆွိ၊ တင်ဇာမော်တို့က ရွေးချယ်ပေးခဲ့ကြပါတယ်။

အဆိုပါ Top 10 ထဲကမှ ပရိသတ်များရဲ့ မဲပေးရွေးချယ်မှုနဲ့ အပတ်စဉ် တစ်ပတ်ကို တစ်ဦးနှုန်းထုတ်ပယ်ခဲ့တာဟာ ယခုဆိုရင် ပြိုင်ပွဲဝင်သုံးဦးသာကျန်ရှိပါတော့တယ်။ Winner ဖြစ်တဲ့ပြိုင်ပွဲဝင်ကိုတော့ ဆုကြေးအဖြစ် ကျပ် သိန်းနှစ်ရာ၊ တေးစီးရီးတစ်ခွေနဲ့ ဖို့ဒ်ကားတစ်စီး ချီးမြင့်သွားမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Myanmar Idol အစီအစဉ်အစဉ်ရဲ့ မဲပေးတဲ့စနစ်ကို အပြောင်းအလဲ မရှိနိုင်သေးဘူး လို့ဆိုပေမယ့် “နောက်နှစ်အစီအစဉ်တွေမှာတော့ အပြောင်းအလဲရှိနိုင်ပါတယ်”လို့ ကိုစိုင်းဇွမ်ဖက ပြောပါတယ်။

ဖျာပုံမြို့က မသက်မွန်ဆိုရင် ပြိုင်ပွဲဝင်သားငယ်ကို မဲပေးခဲ့တာလေးပတ်တိတိရှိပြီလို့ ဆိုပါတယ်။ ပထမအပတ်မှာ (ကျပ်) ၂၀,၀၀၀ ဖိုး၊ ဒုတိယအပတ်မှာ ၃၀,၀၀၀ ဖိုး၊ တတိယအပတ်မှာ ၅၀,၀၀၀ ဖိုးနဲ့ လေးပတ်မြောက်ဖြစ်တဲ့ Blues သီချင်းတွေ သီဆိုပြီး ပြိုင်ရတဲ့အပတ်မှာဆိုရင် ကျပ် တစ်သိန်းဖိုးအထိတိုးပြီး ပေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မဲရလဒ်ကိုမသိရတော့ ကိုယ့်အားပေးတဲ့သူကို ပြိုင်ပွဲကထွက်သွားရမှာ စိုးတဲ့အတွက် “ဒီစိုးရိမ်စိတ်ကိုပဲ သူတို့(အိုင်ဒေါပြိုင်ပွဲစီစဉ်သူတွေ)က အခွင့်ကောင်းယူသလိုဖြစ်သွားတာ။ စီးပွားရေးလုပ်တာ” လို့ ၎င်းက ပြောပါတယ်။

ဦးဌေးဦး (စိန်ဂျွန်း)ကတော့ ရေရှည်မှာ ပရိသတ်ရဲ့ယုံကြည်မှုပျောက်ဆုံးမသွားအောင် ရိုးသားဖြောင့်မတ်မှုကိုပြဖို့ အကြုံချင်တယ်လို့ အခုလိုဆိုပါတယ်။

“ရိုးသားမှုကို ပြဖို့ကလွယ်ပါတယ်။ မဲရလဒ်ကိုပွင့်လင်းမြင်သာစွာနဲ့ ပရိသတ်ထံ ချပြလိုက်ရုံပဲ”

End-

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."