စည်သူ
ရန်ကုန် -စက်တင်ဘာ ၂၆ (မော်ကွန်း)
လူတစ်ရာနီးပါး Covid-19 ရောဂါတွေ့ရှိခဲ့တဲ့ သင်္ဃန်းကျွန် မြို့နယ်က Music Zone KTV ကို တရားစွဲဆိုနိုင်ဖို့ မြို့နယ်ထွေအုပ်က ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနကို တင်ပြထားတာ အကြောင်းမပြန်သေးဘူးလို့ သင်္ဃန်းကျွန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က မော်ကွန်းကိုပြောပါတယ်။
“ကျွန်တော်တို့ကတော့ အစည်းအဝေးဆုံးဖြတ်ချက်ကို တင်ပြထားတယ်ဗျာ၊ ဘာမတော့ ပြန်မလာသေးဘူးဗျာ အခြေအနေကတော့ အဲဒီ့အခြေအနေပဲရှိပါသေးတယ်”လို့ သူက ပြောပါတယ်။
မော်ကွန်းရဲ့ ဆက်လက်မေးမြန်မှုကို ဦးအောင်ထိုက် က မဖြေဆိုတော့ပဲ “ဒီလောက်ပဲ ဖြေလို့ရတယ်” ဆိုပြီး ဖုန်းချသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ရက်က သင်္ဃန်းကျွန်းမြို့နယ်ကိုဗစ်ကော်မတီက အစည်းအဝေးပြုလုပ်ခဲ့ပြီး တရားစွဲဆိုဖို့ ထွေအုပ်ကို တာဝန်ပေးခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ကတော့ အကုန်လုံး ဖိအားပေးနေတာပဲ၊ ခရိုင်ကိုလည်း ဖိအားပေးတယ်၊ မြို့နယ်ကိုလည်း ဖိအားပေးတာပဲ၊ လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာလုပ်ဖို့ ပြောတာပဲ၊ ခရိုင်ထွေအုပ်က တိုင်းထွေအုပ်ကို တင်လား ဘာလားဆိုတာတော့ မသိဘူး”လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှက မော်ကွန်းကို ပြောပါတယ်။
သဃ်န်းကျွန်း Music Zone KTV ပိုင်ရှင်မှာ ဦးဇော်မင်းဖြစ်ပြီး ပိုင်ရှင်မရှိဘူးဆိုတာ သို့လောသို့လော ဖြစ်အောင် လွှင့်နေတဲ့ သတင်းပါလို့ သူက ပြောပါတယ်။
“ပိုင်ရှင်နာမည်တွေရော အရက်ဘားလိုင်စင်ပိုင်ရှင်လည်း ဒီနာမည်နဲ့ပဲ၊ ကာရာအိုကေလည်း ဒီပုဂ္ဂိုလ်ရဲ့ နာမည်နဲ့ပဲ၊ စားသောက်ဆိုင်လည်း ဒီပုဂ္ဂိုလ်ရဲ့ နာမည်နဲ့ပဲ၊ ဆောက်လုပ်ခွင့်ကျတာလည်း ဒီပုဂ္ဂိုလ်နဲ့ပဲ၊ ဘယ်လိုမှ ပြေးမလွတ်ပါဘူး ပိုင်ရှင်ကရှိပါတယ်” လို့ ဦးရွှေလှကပြောပါတယ်။
ရန်ကုန်တိုင်းမှာ COVID-19ကူးစက်ခံရသူ စုစုပေါင်း ၅,၅၀၀ကျော်ရှိပြီး သင်္ဃန်းကျွန်းမြို့နယ်က ဒုတိယအများဆုံး အယောက် ၅၅၀ကျော်တွေ့ရှိထားတာဖြစ်ပါတယ်။
ပုံစာ: သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone KTV
Photo: Music Zone Facebook
#Dailynews

