MNDAA တပ်ဖွဲ့တွေ လောက်ကိုင်မြို့ပတ်လည်ကိုချဉ်းကပ်ထားဟုဆို

MNDAA တပ်ဖွဲ့တွေ လောက်ကိုင်မြို့ပတ်လည်ကိုချဉ်းကပ်ထားဟုဆို

ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၃၀ (မော်ကွန်း) 

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်တဲ့ MNDAA တပ်ဖွဲ့ရဲ့ စစ်ကြောင်းဟာ လောက်ကိုင်မြို့ပတ်လည်ကို ချဉ်းကပ်ရောက်ရှိလာပြီလို့ ၎င်းအဖွဲ့က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ကိုးကန့်ဒေသက စစ်ကောင်စီစခန်းသုံးခုကို မနေ့က ထပ်မံသိမ်းပိုက်လိုက်ပြီးနောက်မှာ MNDAA ရဲ့ စစ်ကြောင်းဟာ လောက်ကိုင်မြို့သစ်ဖြစ်တဲ့ တုန်းချိန်ဒေသ ပတ်လည်ကို ချဉ်းကပ်ရောက်ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

မနေ့က ညနေပိုင်းမှာ MNDAA အဖွဲ့ဟာ ကိုးကန့် တုန်ရှမ်းဒေသက ရန်ကျန့်ထမ်ရွာနဲ့ နယ်စပ် BP ၁၂၆ မှတ်တိုင်အနီးက စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ထပ် ရှင်တာကျိုင့်ရွာကိုချီတက်ကာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးနောက်မှာတော့ လောက်ကိုင်မြို့ကို ချဉ်းကပ်ဝင်ရောက်လာပြီလို့ MNDAA က အသိပေးထားတာပါ။

လောက်ကိုင်မြို့ကို ဝန်းရံထားတဲ့အပြင် ကိုးကန့်ဒေသကို ထိန်းချုပ်လာတဲ့ MNDAA တပ်တွေဟာ အဲ့ဒီဒေသတွေမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေကို ထွက်ခွာဖို့အတွက် ယခုလ ၂၆ ရက်က လမ်းကြောင်းဖွင့်ပေးခဲ့ပါတယ်။

MNDAA က လမ်းကြောင်းဖွင့်‌ပေးထားတဲ့ သုံးရက်တာကာလအတွင်း အဲ့ဒီဒေသမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်အရေအတွက် သုံးသောင်းကျော်ဟာ လောက်ကိုင်-ချင်းရွှေဟော်လမ်းကနေ လားရှိုးဘက်ကို ထွက်ပြေးလာကြပါတယ်။

လောက်ကိုင်ကနေ ထွက်ခွာလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးကတော့ လမ်းတစ်လျှောက် MNDAA စစ်ဆေးရေးဂိတ်တွေ အများအပြားကို ဖြတ်သန်းလာရပြီး လားရှိုးမြို့ထိသွားရမယ့် လမ်းကြောင်းတွေကိုလည်း ၎င်းအဖွဲ့က လမ်းပြပေးခဲ့တယ်လို့ ပြောပါတယ်။

“လောက်ကိုင်က ဘယ်တော့ စစ်ပွဲဖြစ်တော့မလဲမသိတော့ ကျွန်တော်တို့ မြို့ထဲမှာ ပိတ်မိနေတဲ့ အလုပ်သမားတွေ စုပြီး MNDAA ကို စာတွေ ပို့ကြတယ်။ အလုပ်သမားတွေကို သွားခွင့်ပေးဖို့ လမ်းကြောင်းဖွင့်ပေးဖို့ပေါ့။ အဲ့ဒီတောင်းဆိုမှုတွေကြောင့်လည်း အခုလို စီစဉ်ပေးတာဖြစ်နိုင်ပါတယ်” လို့ ၎င်း ရွှေ့ပြောင်းလုပ်သားက ပြောပါတယ်။

လောက်ကိုင်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေသာ ကျန်ရှိတော့ပြီး စစ်ဘေးရှောင်တွေ ကယ်ထုတ်ပြီးရင်တော့ မြို့သိမ်းတိုက်ပွဲတွေလည်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

“အလုပ်သမားတွေကတော့ လမ်းကြောင်းဖွင့်ထားတော့ ဖြစ်သလိုပဲ စုပြီးပြန်ကြတယ်။ ဆိုင်ကယ်စုငှားတဲ့အဖွဲ့တွေ၊ ကားစုငှားတဲ့အဖွဲ့တွေလည်း ရှိတယ်။ အချို့လည်း ဒီအတိုင်း လမ်းလျှောက်ပြန်သွားသူတွေလည်း အများကြီးပဲ။ လောက်ကိုင်မြို့ပေါ်မှာ လူသိပ်မရှိတော့ဘူး။ မြို့သိမ်းတိုက်ပွဲသတင်းတွေလည်း ဆက်တိုက်ကြားနေရတယ်” လို့ လောက်ကိုင်မြို့ကနေ ပြန်လာတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

MNDAA အဖွဲ့ဟာ ရှမ်းမြောက်ဒေသ စစ်ဆင်ရေးစတင်တာနဲ့ ကိုးကန့်ဒေသက နယ်မြေတွေကို ဆက်တိုက်သိမ်းယူလာတာဖြစ်ပြီး မုံးကိုးဒေသ၊ ကုန်းကြမ်းဒေသတွေကို ထိန်းချုပ်သိမ်းပိုက်လာကာ အဲ့ဒီဒေသတွေမှာ ဒေသအုပ်ချုပ်ရေးစနစ်ကို စတင်အသက်သွင်းနေပြီလည်းဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသမှာ ထိုးစစ်ဆင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လကျော်ကြာမြင့်လာပြီးနောက်မှာတော့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဟာ စစ်ကောင်စီရဲ့ တပ်စခန်း အကြီးအသေး စုစုပေါင်း ၁၈၀ ကျော်ကို သိမ်းလိုက်နိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ – ကုန်ကြမ်းမြို့ကို သိမ်းပိုက်ထားတဲ့ MNDAA တပ်ဖွဲ့ဝင်များ

ဓာတ်ပုံ – The Kokang

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."