ရန်ကုန် – ၂၀၂၃ ဇွန် ၂၃ (မော်ကွန်း)
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေမှာ မေလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ၃၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၆ ဦးသေဆုံးကာ ၄၀ ဦးဒဏ်ရာရပြီး သုံးဦးစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတယ်လို့ KNU က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ K.N.D.O ၊ လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတွေဘက်က ငါးဦးဒဏ်ရာရခဲ့ပြီး တစ်ဦးကျဆံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မေလအတွင်းစစ်ကောင်စီဘက်က ဒူးပလာယာခရိုင်အတွင်း ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှု ကိုးကြိမ်၊ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှု ၁၀၂ ကြိမ်ခန့် လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း ဒေသခံပြည်သူ ၁၇ ဦးဒဏ်ရာရပြီး ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ ခရစ်ယာန် ဘုရားကျောင်းတစ်ခု၊ လူနေအိမ် ၂၂ လုံးနဲ့ အိမ်စီးကား တစ်စီးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုတွေကြောင့် မေလတစ်လအတွင်း ဒူးပလာယာခရိုင်မှာ စစ်ရှောင်ဦးရေ နှစ်သောင်းကျော် (၂၂,၅၂၃)အထိရှိလာပြီး စားနပ်ရိက္ခာ၊ နေစရာနဲ့ ဆေးဝါးအခက်အခဲတွေကြုံနေရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ အဲဒီတိုက်ပွဲတွေအတွင်း အထိခိုက်အကျဆုံး အခြေအနေတွေနဲ့ပက်သက်ပြီး သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာ ဒီနေ့အထိ မတွေ့ရသေးပါဘူး။
ပုံစာ-စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒူးပလာယာခရိုင်အတွင်းက ထိခိုက်ဒဏ်ရာရသူတစ်ဦး
ဓာတ်ပုံ-KNU
#Dailynews

