ရန်ကုန် – ၂၀၂၄ ဇွန် ၂၁ (မော်ကွန်း)
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ စစ်ဘေးရှောင် တစ်သန်းကျော်ထိရှိလာပြီး အဲဒီထဲက ထက်ဝက်ကျော်ခန့်ကိုပဲ အကူအညီပေးနိုင်တယ်လို့ KNU ဌာနချုပ် က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ကနေ ယခုနှစ်မေလအထိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် KNU ထိန်းချုပ်နယ်မြေထဲကို နေရပ်စွန့်ခွာ တိမ်းရှောင်လာတဲ့ အရပ်သားအရေအတွက်ဟာ ၁,ဝ၇၈,၅၀၅ ဦး ရှိပြီး အဲဒီထဲက ခြောက်သိန်းကျော်ကိုပဲ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးထားနိုင်တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြား ထွက်ပြေးတိမ်းရှောင်ရသူတွေ၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ရွာလုံးကျွတ်ရွှေ့ပြောင်းခဲ့ရသူတွေဖြစ်တယ်လို့ အကူအညီပေးနေသူတချို့က ပြောပါတယ်။
ဒါ့ပြင် တချို့သော စစ်ဘေးရှောင်တွေဟာ ကူညီထောက်ပံ့မှုတွေရဲ့ လက်လှမ်းမမီတဲ့ ဒေသတွေမှာ ရောက်ရှိနေပြီး အခုလို မိုးတွင်းကာလမှာ နေထိုင်စားသောက်ရေးအပြင် အခြားအခက်အခဲအများအပြားကိုလည်း ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကော့ကရိတ်မြို့နယ်မှာ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“အလှူငွေတွေကလည်း မလုံလောက်ဘူး။ အခုဆိုရင် မိုးတွင်းဆိုတော့ မိုးကာတွေ၊ အဝတ်အထည်တွေ ဆေးဝါးတွေကအစပေါ့ မလုံမလောက်တဲ့အခြေအနေတွေရှိနေတယ်။ တချို့ဒေသတွေဆိုလည်း လုံခြုံရေးအရ အကူအညီတွေ မရောက်တာ၊ လက်လှမ်းမမီတာတွေလည်း အများကြီးရှိနေသေးတယ်” လို့ ၎င်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းထိ KNU ထိန်းချုပ်နယ်မြေမှာ စစ်ဘေးရှောင် ခုနစ်သိန်းကျော် ရှိရာက နှစ်ဝက်နီးပါးကာလအတွင်းမှာ စစ်ဘေးရှောင် သုံးသိန်းကျော်တိုးလာတာပါ။
KNU ထိန်းချုပ်ဒေသတွေထဲက ညောင်လေးပင်ခရိုင်မှာ စစ်ဘေးရှောင်အရေအတွက်က ငါးသိန်းထိရှိပြီး ဒူးပလာယာခရိုင်မှာ တစ်သိန်းခွဲကျော်၊ သထုံခရိုင်မှာ တစ်သိန်းခွဲခန့်၊ မြိတ်-ထားဝယ်ခရိုင်မှာ တစ်သိန်းကျော်၊ တောင်ငူခရိုင်မှာ ရှစ်သောင်းကျော်၊ ဖာပွန်ခရိုင်မှာ ရှစ်သောင်းနီးပါးနဲ့ ဘားအံခရိုင်မှာ နှစ်သောင်းကျော်ထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ဒါ့ပြင် သောင်ရင်းမြစ်တစ်ဖက်ကမ်းနဲ့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေလည်း အများအပြားရှိပြီး တချို့စစ်ဘေးရှောင်တွေဟာ နှစ်နှစ်ကျော် သုံးနှစ်ထိ နေရပ်မပြန်နိုင်ကြသေးတာပါ။
တစ်နိုင်ငံလုံးမှာတော့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ သုံးသန်းကျော်ထိ ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (UN-OCHA) ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပုံစာ – KNU ထိန်းချုပ်ဒေသထဲက နေရပ်စွန့်ခွာထွက်ပြေးနေရသူများ
ဓာတ်ပုံ – KNU Headquarter

