ရန်ကုန်-၂၀၂၃ ဩဂုတ် ၁၄ (မော်ကွန်း)
ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ကျုံဒိုးမြို့နယ် ကရင်ကျောက်ဖျာရွာကို စစ်ကောင်စီတပ်တွေ အခုလ ၁၂ ရက် မနက် ၁၀ နာရီဝန်းကျင်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ခမရ ၅၄၅ က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၅၃ နှစ်အရွယ် နော်ချစ်သန်းက ညာဘက်လက်တစ်ဖက်လုံးကြေမွပြီး အပြင်းအထန်ဒဏ်ရာရကာ ၆၉ နှစ်အရွယ် ဦးတလက်မက ဘယ်လက်ပုခုံးစွန်း လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ KNU ကဆိုပါတယ်။
အဲဒီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်ကျောက်ဖျာရွာက နေအိမ်တစ်လုံးနဲ့ လယ်ထွန်စက်တစ်စီးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ KNU တပ်မဟာ ၆ နယ်မြေအတွင်းကို ပြီးခဲ့တဲ့ ဇူလိုင်တစ်လအတွင်းမှာလည်း လက်နက်ကြီးနဲ့ ၅၃ ကြိမ်ပစ်ခတ်ခဲ့ပြီး အဲဒီပစ်ခတ်မှုတွေကြောင့် ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူကိုးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ အခုလ ၅ ရက်က KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmarရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်းမှာ နိုင်ငံအနှံ့ တိုက်ပွဲတစ်သောင်းဝန်းကျင်ဖြစ်ပွားခဲ့ပြီး အများဆုံးက ကရင်ပြည်နယ်မှာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းစစ်ပြေးဒုက္ခသည်အရေအတွက်ဟာ နှစ်သန်းကျော်ရှိလာပြီလို့ ISP Myanmarက အခုနှစ် ဧပြီလမှာ ထုတ်ပြန်ထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရတဲ့ ဒေသခံတွေနဲ့ ပျက်စီးသွားတဲ့နေအိမ်တစ်လုံး
ဓာတ်ပုံ-KNU
#Dailynews

