စည်သူ
ရန်ကုန်-၂၀၂၀ သြဂုတ် ၅ (မော်ကွန်း)
ဂျပန်နိုင်ငံကနေ ချေးငွေရယူပြီး COVID-19 ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့တဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း(SMEs)တွေကို ထောက်ပံ့ပေးမယ့်အစီအစဉ်ကို ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုလိုက်ပါတယ်။
ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ-JICA ဆီကနေ ဂျပန်ယန်း ၁၅ ဘီလီယံ ( ကျပ် ၁၉၀ ဘီလီယံ) ချေးယူကာ ဒီလုပ်ငန်းတွေကို အထောက်အပံ့ပေးဖို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့တာပါ။
ဒီချေးငွေကို ရယူကြမယ့် SMEs လုပ်ငန်းတွေကို အာမခံပစ္စည်းတင်ပြမှုအပေါ်မူတည်ပြီး တစ်နှစ်အတိုးနှုန်း ၅ ဒဿမ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ကောက်ခံမှာဖြစ်ပြီး ချေးငွေသက်တမ်း သုံးနှစ်အောက်ချေးငွေတွေကို ဆိုင်းငံ့ကာလ ခြောက်လနဲ့ သုံးနှစ်နဲ့ငါးနှစ်ကြားချေးငွေတွေကိုတော့ ဆိုင်းငံ့ကာလတစ်နှစ်ပေးမှာ ဖြစ်ပါတယ်။
ဒီချေးငွေရဲ့သတ်မှတ်ချက်အရ ချေးငွေစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို လုပ်ငန်းရဲ့ ပုံသေအရင်းအနှီးအတွက်သုံးရမှာဖြစ်ပြီး လုပ်ငန်းလည်ပတ်ရင်းနှီးငွေအတွက် ချေးငွေရဲ့ ၂၀ ရာခိုင်နှုန်းပဲ သုံးခွင့်ရမယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်ကို တင်ပြပါတယ်။
“ လုပ်ငန်းရှင်များက လည်ပတ်ရင်းနှီးငွေများများ သုံးလို့မရတာနဲ့ အပေါင်ပစ္စည်း မထားနိုင်တာတွေက အခက်အခဲဖြစ်နေတယ်” လို့ ဦးမောင်မောင်ဝင်းက ပြောပါတယ်။
ဒီချေးငွေဟာ SMEs လုပ်ငန်းတွေကို ထောက်ပံ့ပေးဖို့ JICA ထံကနေ တတိယအဆင့် ချေးယူမယ့်ချေးငွေဖြစ်ပြီး အရင်က ပထမအဆင့်နဲ့ ဒုတိယအဆင့်အဖြစ် မြန်မာကျပ်ငွေ ဘီလီယံ ၂၀၀ ကျော်ချေးယူခဲ့ကာ လုပ်ငန်းပေါင်း ၁,၂၀၀ ကျော်ကို ထုတ်ချေးထားပြီးဖြစ်တယ်လို့ ဒုတိယဝန်ကြီးက ရှင်းပြတယ်။ နိုင်ငံတဝန်းမှာ မှတ်ပုံတင်ထားတဲ့ SMEs လုပ်ငန်းပေါင်း သုံးသောင်းကျော် ရှိတယ်လို့ သူက ရှင်းပြတယ်။
ဒီချေးငွေကို ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ရေလုပ်ငန်း၊ စားသောက်ကုန် ထုတ်လှုပ်မှုလုပ်ငန်း၊ ဓါတုထုတ်ကုန်လုပ်ငန်း၊ ပလတ်စတစ်ထုတ်ကုန်လုပ်ငန်း၊ အထည်အလိပ်ထုတ်လုပ်မှုလုပ်ငန်း၊ ရာဘာထုတ်ကုန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ လက်မှုနှင့်အမှတ်တရပစ္စည်းထုတ်လုပ်မှု လုပ်ငန်း၊ လုပ်သားအင်အားအသုံးပြုရသောလုပ်ငန်း၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာလုပ်ငန်း၊ ကျေးလက်ဒေသမီးလင်းရေးလုပ်ငန်းတွေကို ဦးစီးပေး ထုတ်ချေးတာ ဖြစ်ပါတယ်။
ပုံစာ – COVID – 19 သင်္ကြန်းတွင်းကာလ ရန်ကုန်မြို့မြင်ကွင်း။
ဓါတ်ပုံ – ကောင်းထက်စံ
#Dailynews