IS အကြမ်းဖက်ရန် ကာကွယ်ဖို့မြန်မာအသင့်ဖြစ်ပြီလား

IS အကြမ်းဖက်ရန် ကာကွယ်ဖို့မြန်မာအသင့်ဖြစ်ပြီလား

ဗညားကျော် ရေးသည်။

ရန်ကုန် (ဇွန်၊ ၂၀၁၉)

သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီတတိယပတ်က လူပေါင်း ၂၅၀ ကျော် သေဆုံးပြီး ၅၀ဝ ဝန်းကျင် ဒဏ်ရာရရှိခဲ့တဲ့ အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ အပြီးမှာ ဆီးရီးယားနဲ့အီရတ်မှာ ခြေကုပ်ယူထားတဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (Islamic State of Iraq and Syria – ISIS) ဟာ ဗုဒ္ဓပုံတော်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်နဲ့ ဦးဝီရသူတို့ပုံတွေ ပါဝင်တဲ့ ပိုစတာနဲ့ အောင်ပွဲခံခဲ့ပါတယ်။

အဲဒီအကြမ်းဖက်မှုအပြီး လေးရက်အကြာမှာ မလေးရှား ရဲချုပ်တန်ဆရီ မိုဟာမက်ဖူဇီဟာရမ်က အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (ISIS သို့မဟုတ် IS) အဖွဲ့ဟာ အရှေ့တောင်အာရှမှာ အခြေစိုက်စခန်း တစ်ခုမရခင် မလေးရှားနိုင်ငံ၊ ဆာဘားပြည်နယ်က တာဒါအူနဲ့ ဆန်ဒါခန်ခရိုင်တို့ကို စုရပ်အဖြစ် သွားနေကြတယ်လို့ ပြောကြားခဲ့ကြောင်း မလေးရှားသတင်းစာတစ်စောင်ဖြစ်တဲ့ The New Straits Times သတင်းစာက ဖော်ပြခဲ့ ပါတယ်။

IS အဖွဲ့ဟာ ဖိလစ်ပိုင်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တို့မှာ အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ မျက်စိကျနေ တယ်လို့လည်း မလေးရှားရဲချုပ်က ဆိုပါတယ်။

အဲဒီနောက်မှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အကြမ်းဖက် အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ အစိုးရပိုင်းက လုံခြုံရေးအဖွဲ့တွေအပြင် တပ်မတော်နဲ့ပါ အထူးဦးစားပေးလုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားတွေကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ IS အကြမ်းဖက်ရန်ကို တုံ့ပြန်ဖို့ မြန်မာ့လုံခြုံရေးစနစ်က အဆင်သင့် ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းက ရှိနေဆဲပါ။

ဒီအမေးနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သူတို့လုပ်ဆောင်ထားတဲ့ အခြေအနေအရ အတိုင်းအတာတစ်ခုထိ အဆင်သင့် ဖြစ်ပေမယ့် ပြည့်စုံလုံလောက်တဲ့ အခြေအနေ မရှိသေးဘူးလို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(Myanmar Institute for Peace and Security – MIPS) ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကလည်း အဓိကကျတဲ့ ပြည်တွင်း ထောက်လှမ်းရေးယန္တရား ပြုပြင်မွမ်းမံဖို့ လိုအပ်နေသလို မထင်မှတ်တာတွေ ဖြစလာရင် အရေးပေါ်ဘယ်လိုစီမံမလဲဆိုတာ စီမံချက်တွေရှိဖို့ လိုအပ်နေတယ်လို့ ထောက်ပြပါတယ်။

“ကြိုတင်ကာကွယ်ဖို့ဆိုရင် ကြိုတင်ဟန့်တားနိုင်တဲ့စနစ်က အကောင်းဆုံးပဲ။ ဒီလူတွေ ဗမာပြည်တွင်းရောက် လာပြီဆို အဲဒီအချိန်က အရမ်းနောက်ကျပြီ။ အဲဒီအချိန်မရောက်ခင်ကတည်းက ကြိုတင်တားဖို့လိုတယ်” လို့ သူက သတိပေးပါတယ်။

ဒေါက်တာမင်းဇော်ဦးဟာ ပဋိပက္ခ သုံးသပ်ဖြေရှင်းမှု ဘာသာရပ်နဲ့ အမေရိကန် ပြည်ထောင်စု ဂျော့ချ်မေဆင်တက္ကသိုလ် (George Mason University) မှာ ပါရဂူဘွဲ့ရရှိခဲ့ပြီး Democracy International အဖွဲ့ရဲ့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ရွေးကောက်ပွဲစနစ်ခိုင်ခံ့ရေး စီမံချက်မှာ သုတေသနညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

 

ဘာကြောင့် မြန်မာပြည်ကို ခြိမ်းခြောက်

IS အဖွဲ့ရဲ့ ပစ်မှတ်ထားခြိမ်းခြောက်ခံရမှုဟာ ၂၀၁၂ ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းတွေကြောင့် ပစ်မှတ်ထား စောင့်ကြည့်ခံရတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

၂၀၁၄ မှာဆိုရင် အင်ဒိုနီးရှား အခြေစိုက်အကြမ်းဖက်အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ဂျမားအစ္စလာမ္မီးယား (JI) က မြန်မာနိုင်ငံကို တိုက်ခိုက်ဖို့ စီမံချက်ရေး ဆွဲတာ၊ ခဲယမ်းမီးကျောက် စုဆောင်းတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှား ထောက်လှမ်းရေးအဖွဲ့က အဲဒီအကြမ်းဖက်အဖွဲ့ရဲ့ ခိုအောင်းရာနေရာကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် အဲဒီစီမံကိန်းပျက်သွားခဲ့ရတယ်လို့ ဒေါက်တာမင်းဇော်ဦးက ရှင်းပြပါတယ်။

မကြာသေးခင်က သီရိလင်္ကာနိုင်ငံမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှာ IS က ထပ်မံခြိမ်းခြောက်ခဲ့တဲ့ အတွက် မြန်မာပြည်အနေနဲ့ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်တဲ့ နိုင်ငံအဖြစ်ထည့်သွင်း စဉ်းစားရမှာဖြစ်တယ်လို့ သူက သတိပေးပါတယ်။

အကြမ်းဖက်မှုဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေဘက်ကို လမ်းကြောင်းပြောင်း လာနေတယ်လို့ ကမ္ဘာ့အကြမ်းဖက်မှု အညွှန်းကိန်း (Global Terrorism Index)  ရဲ့ ၂၀၁၈ အစီရင်ခံစာက ဆို         ပါတယ်။

အကြမ်းဖက်ဝါဒရဲ့ သက်ရောက်မှုဟာ အရှေ့အလယ်ပိုင်းဒေသမှာ လျော့ကျလာပေမယ့် အာဖရိကနဲ့ အရှေ့တောင် အာရှမှာတော့ ခြိမ်းခြောက်မှုအသစ်တွေ ဖြစ်ပေါ်လာနေတယ်လို့ အဲဒီအစီရင်ခံစာက ဆိုထားပါတယ်။

မြန်မာနိုင်ငံပါဝင်တဲ့ အရှေ့တောင် အာရှဒေသဟာ အကြမ်းဖက်တိုက်ခိုက်မှု လှိုင်းလုံးတွေကို ၂၀ဝ၀ ပြည့်လွန်နှစ်တွေကတည်းက ကြုံတွေ့ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့အကြမ်းဖက်မှုအညွှန်းကိန်း အဆိုအရ အကြမ်းဖက်မှု ပထမလှိုင်းဟာ ဒီဒေသကို ၂၀ဝ၂ နဲ့ ၂၀ဝ၈ အတွင်းမှာ လာရောက်ရိုက်ခတ်ခဲ့ပြီး အဲဒီဖြစ်စဉ်ကို ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေ ခံစားခဲ့ရတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာဆိုရင် မိုရိုအစ္စလာမ္မစ်လွတ်မြောက်ရေးတပ်ဦးရဲ့ လက်ချက်ကြောင့် အဲဒီကာလအတွင်း လူပေါင်း ၃၀၁ ဦး သေဆုံးခဲ့ပြီး အင်ဒိုနီးရှားမှာဆိုရင် ဂျမားအစ္စလာမ္မီးယား (JI) လက်ချက်ကြောင့် လူပေါင်း ၂၇၄ ဦး သေဆုံးခဲ့ရ တယ်လို့ ဆိုထားပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး အရှေ့တောင်အာရှနိုင်ငံတွေဟာ အကြမ်းဖက်တိုက်ခိုက်မှု ဒုတိယလှိုင်းရဲ့ ရိုက်ပုတ် တဲ့ဒဏ်ကို ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒီအကြိမ်မှာတော့ IS နဲ့ ပတ်သက်ယှက်နွှယ်တဲ့ အဖွဲ့တွေနဲ့ ခွဲထွက်ရေးဝါဒီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ ခံစားခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာအရ အာရှပစိဖိတ်ဒေသမှာ ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ချက်ကြောင့် သေဆုံးသူ အရေအတွက်တွေ ထဲက ၉၇ ရာခိုင်နှုန်းနီးပါးဟာ အရှေ့ တောင်အာရှဒေသမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံဟာ ၂၀၁၇ မှာဆိုရင် အစွန်း ရောက်ကြမ်းဖက်သမားတွေကြောင့် သေဆုံးတာအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၆ အောက်တို ဘာကနေ၂၀၁၇ သြဂုတ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတွေကို အလစ်ဝင်တိုက်ခိုက်ခဲ့တဲ့ အာဆာ (Arakan Rohingya Salvation Army – ARSA) စစ်သွေးကြွတွေရဲ့ လက်ချက်ကြောင့် အရပ်သား၊ အုပ်ချုပ်ရေးအဖွဲ့ဝင်၊ နိုင်ငံ့ဝန်ထမ်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၆၃ ဦး သေဆုံးခဲ့ပြီး ၉၁ ဦး ပျောက်ဆုံးခဲ့တယ်လို့ အစိုးရ သတင်းပြန်ကြားရေးကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

အရပ်သားတွေနဲ့ ရဲစခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အာဆာအဖွဲ့ကို မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အာဆာကတော့ သူတို့ဟာ အကြမ်းဖက်အဖွဲ့ မဟုတ်ဘဲ ဘင်္ဂါလီ (သို့မဟုတ်) ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သုတေသနအဖွဲ့အချို့ကတော့ အာဆာအဖွဲ့ ဖြစ်တည်လာခဲ့ပုံနဲ့ ခေါင်းဆောင်ဖြစ် သူရဲ့ ပြောဟောမှုတွေ၊ နောက်ခံတွေကို ကြည့်ပြီး အကြမ်းဖက်အဖွဲ့အဖြစ် ချိတ်ဆက်ပုံဖော်ကြတာလည်း ရှိပါတယ်။

နိုင်ငံတကာအကျပ်အတည်းလေ့လာရေးအဖွဲ့ (International Crisis Group – ICG) ရဲ့ ၂၀၁၆ နှစ်ကုန်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ ARSA အဖွဲ့ကို ၂၀၁၂ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းမှာ အာတာအူလား အဘူအမာဂျန်နူနီ (Ata Ullah Abu Ammar Jununi) ဆိုသူက စတင်ဖွဲ့ စည်းခဲ့ပြီး ၂၀၁၃ မှာ လူသစ်စုဆောင်းတာ တွေနဲ့ ၂၀၁၄ မှာ သင်တန်းပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ARSA အဖွဲ့ကို ဦးဆောင်နေတဲ့ အာတာအူလား (Ata Ullah) အပါအဝင် ဆော်ဒီရေးဗီးယားနိုင်ငံက မွတ်ဆလင် ၂၀ ဦးဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် စတဲ့နိုင်ငံတွေမှာ တိုက်ပွဲအတွေ့အကြုံရှိသူတွေဖြစ်တယ်လို့ ICG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ARSA အဖွဲ့ဟာ ၂၀၁၆ အောက်တိုဘာအတွင်းမှာလည်း Aarakha Al-Yaqin (ယုံကြည်ချက်ဖြင့်လှုပ်ရှားမှု) ဆိုတဲ့ အမည်နဲ့ ရဲစခန်းတွေကို စတင်တိုက်ခဲ့ပြီး ၂၀၁၇ မှာ ARSA အဖွဲ့လို့ အမည်ပြောင်းကာ တိုက်ခိုက်လာခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

(ARSA နဲ့ပတ်သက်ပြီး ၂၀၁၇ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ် ၅၁ မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။)

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ (Amnesty International – AI) ရဲ့ ၂၀၁၈ ထုတ်အစီရင်ခံစာအရ အာဆာ အဖွဲ့ဟာ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ရွာနဲ့ မြို့သူကြီးရွာအနီးမှာ ဟိန္ဒူ ၁၀၅ ဦးကို သြဂုတ်လ ၂၀၁၇ မှာ သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် တချို့ဟိန္ဒူတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ခေါ်ဆောင်သွားတယ်လို့လည်း AI က ဆိုပါတယ်။

ဒီအစီရင်ခံစာဟာ အသက်မသေဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကို ရောက်သွားတဲ့ ဟိန္ဒူဒုက္ခသည် မိသားစုတွေကို လူတွေ့မေးမြန်းခဲ့တဲ့အပေါ်မှာ အခြေခံထားတာဖြစ်ပြီး ခံရသူတွေရဲ့ ထွက်ဆိုချက်တွေအရ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တဲ့ အာဆာအဖွဲ့ဝင်တွေရဲ့ အသွင်အပြင်၊ ဓာတ်ပုံ တွေနဲ့ကိုက်ညီတယ်လို့ AI အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အာဆာအဖွဲ့က ၎င်းတို့ဟာ အယ်လ်ကေးဒါး၊ IS အဖွဲ့တွေနဲ့ ပတ်သက်မှုမရှိကြောင်း ပြောဆိုနေပေမယ့် ရခိုင်မြောက်ပိုင်း အခြေအနေဟာ IS အဖွဲ့နဲ့ အခြားအစ္စလာမ္မစ် အစွန်းရောက်အဖွဲ့တွေကို လက်ယက်ခေါ်နေသလို ဖြစ်နေတယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုပါတယ်။

 

ဖြစ်နိုင်ခြေပစ်မှတ်များ

အကြမ်းဖက်တိုက်ခိုက်သူတွေရဲ့ သဘောသဘာဝဟာ ပြည်တွင်းထဲမှာရှိတဲ့ မြေအောက်အင်အားစုတွေကို အခြေခံပြီး စိမ့်ဝင်လာနိုင်သလို သူတို့ကိုယ်တိုင် ပြည်ပကဝင်လာပြီး ဆောင်ရွက်တာမျိုး လည်း ရှိတယ်လို့ MIPS က ဒေါက်တာ မင်းဇော်ဦးက ဆိုပါတယ်။ တစ်ခါတလေမှာ ပြည်တွင်း၊ ပြည်ပ ပူးပေါင်းပြီး လုပ်ဆောင်တာမျိုးလည်း ရှိတယ်လို့ သူက ရှင်းပြပါတယ်။

မြန်မာနိုင်ငံကို ထပ်မံခြိမ်းခြောက် လာတဲ့  IS ရဲ့ပစ်မှတ်က ဘယ်နေရာဖြစ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်း ဖက်သမားတွေဟာ အသွင်ယူလှုပ်ရှားနိုင်တာကြောင့် ဘူးသီးတောင်ဒေသဟာ ပစ်မှတ်ဖြစ်နိုင်တယ်လို့မှတ်ချက်ပေးပါတယ်။

အစိုးရက အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ ARSA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်မှာ မိုင်းခွဲတာကို အဓိကလုပ်နေတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။ အဲဒီလို မိုင်းခွဲတဲ့အခါမှာလည်း မိုင်းကို ပုံစံအမျိုးမျိုးနဲ့ ပုံဖျက်ပြီး တပ်ဆင်သလို ချိန်ကိုက်ဗုံးနဲ့ ခွဲနည်းတွေကိုလည်း အသုံးပြုတယ်လို့ လက်ရှိအခြေအနေကို သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က မောင်တောမြို့နယ်၊ တောင်ပြို (ယာ) ကနေ ကြိမ်ချောင်းဘက်ကို မောင်းနှင်သွားတဲ့ ရဲကား တစ်စီးကို ARSA အဖွဲ့က ဇီးပင်ချောင်းလမ်းဆုံနဲ့ လိပ်ရလမ်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သူက ဆိုပါတယ်။ အဲဒီနောက်လမ်း ဘယ်၊ ညာတောင်ကုန်းတွေပေါ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တာကြောင့် ဒုတပ်ကြပ်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကားခေါင်းပိုင်း ပျက်စီးခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

“ရခိုင်ပြည်မြောက်ပိုင်းမှာ ငြိမ်သက်သေးတဲ့ အခြေအနေမဟုတ်တဲ့အခါမှာ တစ်လအတွင်းမှာလည်း ရဲတွေကို မိုင်းခွဲခံရတာတွေရှိတော့ ပိုပြီး ဂရုစိုက်ရမယ့် အနေအထားပေါ့”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒေါက်တာမင်းဇော်ဦးနဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးတို့ကတော့ တပ်မတော်သတင်း မှန်ပြန်ကြားရေးနဲ့ အမြင်ကွဲလွဲပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းလို ပဋိပက္ခဖြစ်နေတဲ့ တောကြိုအုံကြားထက် ပြည်တွင်းက ဗမာမွတ်စလင်တွေလို အသွင်ယူ သွားလာနိုင်တဲ့ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီး ပြကြီးတွေ၊ အထင်ကရနေရာတွေ၊ ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်ထားတဲ့နေရာတွေနဲ့ နိုင်ငံ့ခေါင်းဆောင်လိုမျိုးတွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ်လို့ ဆိုကြပါတယ်။

“IS တို့လုပ်တဲ့ Operation (စစ်ဆင်ရေး) မျိုးဆိုတာက လူထုကို အထိတ်တလန့်ဖြစ်စေတဲ့ Operation မျိုး။ အကြမ်းဖက် တိုက်ခိုက်တာရဲ့ သဘောက သူတို့ကို လူတွေက ဂရုပြုတာမျိုး လိုချင်တာကိုး” လို့ ဒေါက်တာမင်းဇော်ဦးက ဆိုပါတယ်။

ဦးမောင်မောင်စိုးကလည်း “သီရိလင်္ကာမှာဆိုရင်  ဘာသာရေးအဆောက်အအုံတွေရော၊ တခြားဘာသာတွေရော၊ လူစည်ကားတဲ့ နေရာတွေကို သူတို့ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိကြတယ်။ တိုက်ခိုက်မယ်ဆိုရင်တော့ လူစည်ကားတဲ့ နေရာတွေကို တိုက်ခိုက်လိမ့်မယ်လို့ တော့ ပိုထင်ပါတယ်”လို့ သုံးသပ်ပြပါတယ်။

ဒေါက်တာမင်းဇော်ဦးကလည်း အကြမ်းဖက် တိုက်ခိုက်သူတွေဟာ ယူနီဖောင်းဝတ်ထားတဲ့သူ တွေ၊ လက်နက်ကိုင်ဆောင်ပြီး သွားလာနေတဲ့ လူတွေမဟုတ်ပါဘူး။ သာမန်အရပ်သားတွေလို သွားလာနေတာကြောင့် ဘယ်သူက ဘယ်လိုကြံနေသလဲ၊ ဘယ်လိုပြင်ဆင်နေသလဲဆိုတာ ကြိုသိမှ ဟန့်တားနိုင်မှာဖြစ်တယ်လို့ ရှင်းပြပါတယ်။

 

အားနည်းနေတဲ့ ပြည်တွင်းထောက်လှမ်းရေး စနစ်

ယခင်တုန်းက လုပ်ဆောင်ခဲ့တဲ့ ထောက်လှမ်းရေးစနစ်ဟာ နည်းပညာထက်လူတွေနဲ့သာ ထောက်လှမ်းခဲ့ရတဲ့ စနစ်ဖြစ်တာကြောင့် ခက်ခက်ခဲခဲလုပ် ခဲ့ရတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မော်ကွန်းကို ပြောပါတယ်။

အခုချိန်မှာတော့ ခေတ်ကာလ ပြောင်းလာတာနဲ့အမျှ ထောက်လှမ်းရေးစနစ်မှန် သမျှကလည်း ခေတ်မီကိရိယာတွေ ဖြစ်လာတယ်လို့ သူက ဆိုပါတယ်။

အထူးသဖြင့် ဖုန်းတွေကို ဘယ်က ပြောနေလဲဆိုတာကို ခြေရာခံဖို့ နည်းပညာတွေအသုံးပြုရသလို ဂြိုဟ်တုက တစ်ဆင့် ဓာတ်ပုံဖမ်းယူတာတွေ၊ ဒရုန်းတွေ လွှတ်တင်ပြီး နေရာရှာဖွေတာတွေနဲ့ အဝေးက ပြောစကားတွေကို ဖမ်းယူနား ထောင်နိုင်ဖို့ဆိုရင် ခေတ်မီနည်းပညာတွေ နဲ့ ဆိုင်လာတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

“ကျွန်တော်တို့နိုင်ငံကတော့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့နိုင်ငံဖြစ်တဲ့အတွက် ဒီကိရိယာနဲ့ ပတ်သက်ပြီး လိုအပ်ချက် ရှိနေဦးမှာပါ”လို့ သူက သုံးသပ်ပြပါတယ်။

တစ်ဖက်မှာလည်း ထောက်လှမ်းရေးစနစ်နဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံလို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင် အကြမ်း ဖက်တိုက်ခိုက်မှုကို ခံစားနေရဆဲဖြစ်သလို ပြည်တွင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုက ရှိနေဆဲဖြစ်တယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

“ဒီလိုတိုက်ခိုက်မှုတွေဆိုတာကိုယ့်နားရောက်မှသွားတားလို့မရဘူးလေ။ ကြိုပြီးတော့ လက်ဦးမှုရယူရတာ”လို့   ဒေါက်တာမင်းဇော်ဦးက ရှင်းပြပါတယ်။

ဒါကြောင့် ထောက်လှမ်းရေးစနစ် အားနည်းချက်တွေရှိနေတဲ့ မြန်မာနိုင်ငံကို ပြုပြင်မွမ်းမံတဲ့ နေရာမှာ တစ်နိုင်ငံလုံးမှာရှိတဲ့အရပ်ဘက်၊ စစ်ဘက်ထောက်လှမ်းရေး ယန္တရားအားလုံးကို ညှိနှိုင်း လုပ်ဆောင်ပေးနိုင်တဲ့ ဖွဲ့စည်းပုံ တစ်ခုရှိဖို့လိုမယ်လို့ သူက ထောက်ပြပါတယ်။

“ဗမာပြည်မှာ အရင်တုန်းက (ထောက်လှမ်းရေးစုဖွဲ့မှု) ရေခံမြေခံတွေတော့ ရှိတယ်။ ဒါတွေကို စနစ်တကျဖြစ် အောင် အများကြီးပြန်လုပ်ရဦးမယ်”လို့ သူက မှတ်ချက်ပေးပါတယ်။

သေနင်္ဂမဟာဗျူဟာအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကလည်း အရင်တုန်းကဆိုရင် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (National Intelligence Bureau – NIB) ရှိခဲ့တာကြောင့် အဲဒီအချိန်က ထောက်လှမ်းရေး အဖွဲ့တွေကို စုစည်းပြီး သတင်းကွန်ရက်တွေ တည်ဆောက်တာ၊ သတင်းရယူတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ထိရောက်မှုတွေ ရှိခဲ့တယ်လို့ သူကဆိုပါတယ်။

NIB အဖွဲ့မှာဆိုရင် တပ်မတော်ထောက်လှမ်းရေးအဖွဲ့၊ ရဲသတင်းတပ်ဖွဲ့နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအဖွဲ့ တွေပါဝင်ခဲ့တယ်လို့ သူကရှင်းပြပါတယ်။

ဒါပေမဲ့ NIB ဖျက်သိမ်းပြီးချိန်မှာတော့ ကျန်တဲ့အဖွဲ့အစည်းတွေက သူ့ သက်ဆိုင်ရာ ဌာနသတင်းလောက်ပဲ လုပ်ဆောင်နေတာကြောင့် သီးခြားလို ဖြစ်သွားတယ်လို့ သူကထောက်ပြပါတယ်။ ဒါ ကြောင့် NIB လို ထောက်လှမ်းရေးအဖွဲ့ တွေကို စုဖွဲ့ ဦးဆောင်တဲ့ အဖွဲ့ပုံစံမျိုးလိုအပ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

ဒေါက်တာမင်းဇော်ဦးက အကြမ်းဖက်တန်ပြန်တိုက်ခိုက်မှုစနစ်မှာ ထောက်လှမ်းရေးတစ်ခုတည်းနဲ့မဟုတ်ဘဲ သက် ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အများကြီးဆက်စပ်မှုရှိဖို့ လိုတယ်လို့ ရှင်းပြပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနက ကိုယ့်နိုင်ငံကို ဘယ်သူတွေ ဝင်ထွက်နေလဲ၊ ဘယ်သူတွေ စိုးရိမ်ရလဲဆိုပြီး လူတစ် ဦးချင်းကို နောက်ကလိုက် ဘယ်လို ထောက်လှမ်းမလဲဆိုတဲ့ ဖွဲ့စည်းပုံလိုအပ်တယ်လို့ သူက ထောက်ပြပါတယ်။

“ဗမာပြည်ကို တစ်ရက် လူတစ်ထောင်ပဲ ဝင်တယ်ထားဦး။ အဲဒီတစ်ထောင်ကို ဘယ်လိုရှာဖွေမှာလဲ”လို့ သူက ဆိုပါတယ်။

ဦးမောင်မောင်စိုးကလည်း သီရိလင်္ကာနိုင်ငံမှာဆိုရင် အကြမ်းဖက်သမားတွေဟာ ဘာသာရေးဆရာအနေနဲ့ ဝင်လာသလို စီးပွားရေးသမားအနေနဲ့ ဝင်လာတာကြောင့် မြန်မာနိုင်ငံအတွက်ဆို ရန်ကုန်လေဆိပ်၊ မဲဆောက်တို့ကနေ နိုင်ငံကူးလက်မှတ်အတု၊ မှတ်ပုံတင်အတုတွေနဲ့ ဝင်လာနိုင်ခြေရှိတယ်လို့ သူက ခိုင်းနှိုင်းပြပါတယ်။

ဒါကြောင့် နယ်စပ်လိုအဝင်အထွက် အပေါက်တွေမှာ လူဖြတ်သွားတာနဲ့ အဲဒီ လူမျက်နှာဟာ ကိုယ့်ဒေတာထဲမှာရှိတဲ့ အကြမ်းဖက်သမားဟုတ်၊ မဟုတ် တိုက်ကြည့်နိုင်တဲ့ ကိရိယာတွေ တပ်ဆင်ဖို့လိုအပ် လို့ ဒေါက်တာမင်းဇော်ဦးက ဆိုပါတယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက IS အနေနဲ့ ပြည်တွင်းက လူတွေကို ချိတ်ဆက်မှု ရှိမရှိ အစိုးရက မပြတ်စောင့်ကြည့်နေသလို မိတ်ဆွေနိုင်ငံတွေဆီကလည်း အကြမ်းဖက်သမားတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရယူနေတယ်လို့ ဧပြီ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားတွေကို ပြောခဲ့ပါတယ်။

တစ်ဖက်မှာလည်း ပြည်တွင်းထဲ အစွန်းရောက်အကြမ်းဖက်လိုစိတ်နည်းပါးသွားအောင် လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ဘယ်လိုပုံစံမျိုး လုပ်ဆောင်နေတယ်ဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။

IS ရဲ့နည်းဗျူဟာအရ သူတို့ဟာ သက်ဆိုင်ရာနိုင်ငံတွေမှာ ဆဲလ်ကိုမွေးပြီး ခြေကုပ်ယူဖို့ လုပ်ဆောင်တာကြောင့် အစိုးရအနေနဲ့ ပြည်တွင်း၊ ပြည်ပကနေ ချိတ်ဆက်ပြောဆိုဆက်သွယ်တာနဲ့ ပတ်သက်ပြီး အထူးဦးစားပေး မပြတ်စောင့် ကြည့်နေတယ်လို့ သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ဘက်မှာ အကြမ်းဖက် သမားတွေဟာ အသွင်ယူလှုပ်ရှားနိုင်တာကြောင့် လုံခြုံရေးနဲ့ သတင်းဆိုင်ရာညှိနှိုင်း ဆွေးနွေးပွဲတွေကို နယ်မြေခံတပ်၊ ရဲတပ်ဖွဲ့နဲ့မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အပတ်စဉ်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

“တစ်ဖက်နဲ့ တစ်ဖက် ရလာတဲ့ သတင်းတွေကို ချပြတာတို့၊ ညွှန်ကြားတာတို့ ဌာနဆိုင်ရာကို ဘယ်လိုသတင်းတွေ ရောက်ရမယ်၊ ဘယ်ဟာတွေတော့ လုံခြုံရေး ဂရုစိုက်ရမယ်ဆိုပြီး လုပ်ဆောင်နေတယ်”လို့ သူက ပြောပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့ ပြည်တွင်းသာမကဘဲ ပြည်ပနိုင်ငံတွေနဲ့ လုံခြုံရေးဆိုင်ရာပူးပေါင်းမှုရှိသလို နည်းပညာ ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လည်းရှိတယ်လို့ သူက ရှင်းပြပါတယ်။

“သတင်းနဲ့ပတ်သက်လို့ လျှို့ဝှက်လုပ်ဆောင်ရမယ့် အပိုင်းတွေမှာလည်း ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိပါတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိ မြန်မာပြည်က မွတ်စလင် အများစုဟာ ဘာသာရေးကို အလယ်အလတ်လမ်းစဉ် လိုက်နာကျင့်သုံးသူတွေ ဖြစ်တာကြောင့် IS အနေနဲ့ စုစည်းရခက်နိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ဆိုကြပါတယ်။ ဒါပေမဲ့ အစွန်းရောက်ဝါဒရဲ့ သဘောဟာ လူအများကြီး ရှိစရာမလိုဘဲ လူလေးငါးယောက်ကို စည်းရုံးနိုင်ရင် အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်နိုင်တယ်လို့ ဒေါက်တာမင်းဇော်ဦးက ရှင်းပြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း ပြည်တွင်းမှာ အကြမ်းဖက်တိုက်ခိုက်ခံရပြီဆိုရင် အရင်ဆုံးသွေးမြေကျရမှာဖြစ်သလို မတူညီတဲ့ ဘာသာဝင်တွေကြားမှာ ယုံကြည်မှု ပျောက်ဆုံးလာပြီး တစ်ဦးနဲ့ တစ်ဦး ရန်မူလာရင်”လူ့အဖွဲ့အစည်းကို ထိခိုက်တာပဲလို့ သုံးသပ်ပြပါတယ်။

အဲဒီလိုသာ သွေးမြေကျခဲ့ရင် ရခိုင်ပဋိပက္ခ၊ မိတ္ထီလာပဋိပက္ခ၊ မန္တလေး ပဋိပက္ခတွေလို ဖြစ်နိုင်တယ်လို့ သူက သတိပေးပါတယ်။

“မဘသ အဖွဲ့အစည်းရှိနေတဲ့ နိုင်ငံဆိုတော့ ပိုပြီးတော့ ဖြစ်နိုင်ဖို့များတယ်”လို့ သူက မှတ်ချက်ပေးပါတယ်။

အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့ (မဘသ)ဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အခြားဘာသာဝင်တွေကြား အမုန်းတရားကြီးထွားလာအောင် စေ့ဆော်နေတဲ့အဖွဲ့အဖြစ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ မဘသအဖွဲ့ထဲက ဦးဆောင် ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူဆိုရင် မွတ်စလင်မုန်းတီးရေးတရားတွေကိုကျယ်ကျယ်ပြန့်ပြန့် ဟောပြောခဲ့တာတွေ ရှိပါတယ်။

အဲဒီလိုသာ နိုင်ငံတစ်ဝန်း ဘာသာရေး အဓိကရုဏ်းတွေ အနှံ့အပြား ဖြစ်သွားခဲ့ရင် အစိုးရအနေနဲ့ လုံခြုံရေးပိုင်း ကိုင်တွယ်ဖို့ ခက်သွားနိုင်တယ်လို့ ဦးမောင်မောင်စိုးက ဆက်ပြောပါတယ်။

ဒါကြောင့် ဘာသာရေးပဋိပက္ခတွေ မပေါ်ပေါက်အောင် တားဆီးနိုင်သူတွေဟာ လုံခြုံရေးအဖွဲ့အစည်းတွေထက် ပြည်တွင်း ဗမာမွတ်စလင်ဘာသာဝင်တွေ ကိုယ်တိုင်ပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

 

ပြည်တွင်းအားကို ယူပါ

ရှစ်လေးလုံးကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေးကလည်း ပြည်တွင်းကို အကြမ်းဖက်ဝါဒ စိမ့်ဝင် မလာနိုင်အောင် တားဆီးဖို့ဆိုရင် ပြည်တွင်းမှာရှိတဲ့ အတွင်းအင်အား စုစည်းခိုင်မာဖို့ အရေးကြီးတယ်လို့ မှတ်ချက်ပေးပါတယ်။ အဲဒီလို စုစည်းခိုင်မာမှုကို တည် ဆောက်တဲ့အခါမှာလည်း ပြည်တွင်းမှာ နေထိုင်တဲ့ နိုင်ငံသားတိုင်းကို တန်းတူ ညီမျှဆက်ဆံရမယ်လို့ ဆိုပါတယ်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်က ဘာသာတရားနဲ့ ပတ်သက်ပြီး တန်းတူညီမျှခွင့်ရှိရမယ်လို့ ဆိုထားပေမယ့် မြေပြင်အခြေအနေမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လအတွင်းမှာ ဝတ်ပြုဆောင်အချို့ ပိတ်ပင်ခံရတာတွေဟာ အခြေခံဥပဒေကို ဆန့်ကျင်နေသလို ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို လျော့ကျစေတယ်လို့ သူက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ မေ ၁၅ ညနေပိုင်းမှာ မိုက်ကယ်ကျော်မြင့်ဆိုသူက လူအင်အား ၁၀ဝ ဝန်းကျင်နဲ့ တောင်ဒဂုံမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရာမာဒန်ဥပုသ် တရားဝင် ဝတ်ပြုဆုတောင်းပွဲများကို ဝင်ရောက်တားဆီးခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ တောင်ဒဂုံမြို့နယ် တရားရုံးက ဆူပူမှုပြုလုပ်ခဲ့တဲ့ မိုက်ကယ် ကျော်မြင့်ကို နိုင်ငံတော်အသရေဖျက်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

အဲဒီနောက် ဇွန် ၁၀ ရက်မှာ မိုက်ကယ်ကျော်မြင့်ကို မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဖက်ဒရယ်နိုင်ငံရေး ရပ်ရွာအခြေပြု သင်တန်းတွေကို ပို့ချပေးနေတဲ့ အဖွဲ့ရဲ့အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုက အစိုးရအနေနဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်တွေနဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ အချင်းချင်း ထိတွေ့ဆက်ဆံနိုင်ဖို့ မူဝါဒတစ်ခု ချမှတ်ပေးသင့်တယ်လို့ ဆိုပါတယ်။

“အဲဒါမှ ထိတွေ့ဆက်ဆံမှုတွေရှိမယ်၊ စကားပြောဆိုတာတွေရှိမယ်” လို့ သူက ဆိုပါတယ်။

အဲဒီလို ထိတွေ့ဆက်ဆံနိုင်မှ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ဝိုင်းဝန်းဆွေးနွေးပြီး အကြမ်းဖက်မှုကို ဘယ်လို ဆန့်ကျင်ကြမလဲဆိုတာကို အဖြေရှာနိုင်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ မွတ်စလင်အသိုင်းအဝိုင်းက ဦးဆောင်ပြီး ဒီလိုထိတွေ့ဆက်ဆံမှုမျိုးကို လုပ်ဆောင်ဖို့ ခက်ခဲတာကြောင့် အစိုးရကိုယ်တိုင် ဦးဆောင်လုပ်ပေးရင်ပိုကောင်းတယ်လို့ ဦးအောင်ကိုကိုက ဆက်ပြောပါတယ်။

“အခုက ကျွန်တော်တို့မွတ်စလင်တွေလည်း ဘာလုပ်ရင် ကောင်းမလဲဆိုပြီး ကိုယ့်ဘာသာကိုယ် ထိုင်စဉ်းစားနေရ တယ်။ ကိုယ်စဉ်းစားထားတာကို ဘယ်ဗုဒ္ဓဘာသာကို ပြောရင်ကောင်းမလဲဆိုတာကို တစ်ခါစဉ်းစားရတယ်။ အစိုးရကို ဘယ်လို ချဉ်းကပ်ရမလဲဆိုပြီး စဉ်းစားရတော့ လုပ်ငန်းက ကြန့်ကြာတယ်”လို့ သူက ပြောပါတယ်။

ဒေါက်တာမင်းဇော်ဦးကလည်း အစိုးရအနေနဲ့ အကြမ်းသမားတွေကို လက်တုံ့ပြန်တဲ့နေရာမှာ မသက်ဆိုင်တဲ့ ပြည်တွင်းမွတ်စလင်တွေကို အလွန်အကျွံ မတုံ့ပြန်လိုက်မိဖို့လိုတယ်လို့သတိပေးပါတယ်။

ရန်သူဘယ်သူဆိုတာကို ကွဲကွဲပြားပြားမသိသေးတဲ့အခြေနေမှာ မဆိုင်သူတွေကို အလွန်အကျွံ တုံ့ပြန်မိရင် မိတ်ဆွေဖြစ်မယ့်သူတွေကို ရန်သူဖြစ်သွားစေနိုင်တယ်လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာလည်း IS အကြမ်းဖက်သမားတွေဟာ မြန်မာပြည်ကို တိုက်ခိုက်ဖို့ ဆန္ဒရှိနေတဲ့အခြေအနေမှာ ပြည်တွင်း ထောက်လှမ်းရေးယန္တရားပြင်ဆင်ဖို့၊ အသေးစိတ်စီမံချက်တွေချဖို့ အချိန်အများကြီးလိုသေးတာကြောင့် ပြည်တွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး သူက အခုလိုဆိုလိုက်ပါတယ်။ “ယေဘုယျပြောရင် ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးဘူး”


#cover_story


အမျိုးအစား - မျက်နှာဖုံးဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."