ရခိုင်ပဋိပက္ခကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်အရေးယူပေးရန် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး တွင် တိုင်ကြားထားသည့်အမှုနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးမှ အပြန်အလှန်လျှောက်ထားမှုများ ပြုလုပ်ထားကြပြီးဖြစ်ရာ လူမျိုးတုံးသတ်ဖြတ်မှုဟုတ်၊ မဟုတ် မဆုံးဖြတ်ခင် ကြားဖြတ်ယာယီအစီအမံများ ပြဋ္ဌာန်းသင့်၊ မသင့်ကို တရားရုံးက မကြာခင် အမိန့်ချမှတ် ပေးတော့မည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာတရားရုံးက မည်သို့သော ဆုံးဖြတ်ချက်မျိုးချမှတ်သည်ဖြစ်စေ ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ ကောင်းမွန်စရာသိပ်မရှိပါ။ လုံခြုံရေးတပ်ဖွဲ့များက ဘင်္ဂါလီ(နိုင်ငံတကာအခေါ် ရိုဟင်ဂျာ)များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ထပ်မံပြုလုပ်လာမည်စိုးသောကြောင့် ကြားဖြတ်အစီအမံများချမှတ်ရန် လိုအပ်သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံးက ဆုံးဖြတ်ခဲ့ပါက လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်ဟုဆိုကာ အစိုးရနှင့် တပ်မတော်က အဆိုပါ ဆုံးဖြတ်ချက်ကို လက်ခံချင်မှ လက်ခံပါလိ့မ်မည်။
လက်မခံပါက နိုင်ငံတကာမှ ဖိအားပေးအရေးယူမှုများ ဆက်တိုက်ဖြစ်လာနိုင်စရာရှိသကဲ့သို့ လက်ခံပါကလည်း အစ္စလာမ္မစ် ကမ္ဘာနှင့် အနောက်နိုင်ငံများဘက်က ထပ်မံတောင်းဆိုမှုများ ပြုလုပ်လာမည်ကိုစိုးရိမ်ရသည်။ ထိုမျှသာမကသေးဘဲ ယခုတရားစွဲဆိုမှု နောက်ကွယ်တွင် အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) ရှိနေခြင်းကြောင့် လူမျိုးရေး၊ ဘာသာရေးပေါ် အခြေခံသော ပဋိပက္ခ ဖန်တီးမည့်သူများ၏ အန္တရာယ်ကလည်း တစ်ဖက်တွင် ရှိနေသည်။
အကယ်၍ ကြားဖြတ်အစီအမံများ ချမှတ်ရန်မလိုအပ်ဟု အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်ခဲ့ပြန်လျှင်လည်း ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် အလွန်အကျွံ အင်အားသုံးလှုပ်ရှားမှုများ ထပ်မံဖြစ်ပွားရန် ခွင့်ပြုပေးလိုက်သလိုဖြစ်မည်ကို စောင့်ကြည့်လေ့လာသူအချို့က စိုးရိမ်ကြသည်။ တစ်နည်းအားဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် ခြေလွန်လက်လွန်ဖြစ်လည်းပြဿနာမရှိဟု လုံခြုံရေးအင်အားစုများဘက်က မှတ်ယူသွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင်သာမက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် နှစ်ပေါင်းများစွာ စစ်ခင်းခဲ့သော ပဋိပက္ခဒေသများတွင် တပ်မတော်ဘက်မှ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အရပ်သားများအား နှိပ်စက်ညှဉ်းပန်းမှုများ၊ အင်အားအလွန်အကျွံသုံးခဲ့ခြင်းများ အထင်အရှားရှိသောကြောင့်ဟုဆိုကာ နိုင်ငံတကာအနေနှင့် တပ်မတော်ကို စံနမူနာပြအရေးယူပေးရန် လူမှုအဖွဲ့အစည်းအချို့ကလည်း ယခုရက်ပိုင်းအတွင်း ကြေညာချက်များထုတ်ပြန်ခဲ့ကြသည်။
စင်စစ်တွင် ရခိုင်ပြည်နယ်ပဋိပက္ခ ယခုလိုအခြေအနေမျိုးအထိ ရောက်ရှိလာခြင်းမှာ အစိုးရနှင့် တပ်မတော်တို့အနေနှင့် ပွင့်လင်းမြင်သာမှုမရှိရုံမက ခြေလွန်လက်လွန် ကျူးလွန်ခဲ့မှုများကို ကိုင်တွယ်အရေးယူရာတွင်လည်း နိုင်ငံတကာက ယုံကြည်လာသည်အထိ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့သောကြောင့်ဟု ယေဘုယျဆိုနိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့မော်ကွန်းက အစိုးရနှင့် တပ်မတော်ကို အစဉ်တစိုက် တိုက်တွန်းခဲ့သည့် ကိစ္စများထဲတွင် ပွင့်လင်းမြင်သာစွာချပြလုပ်ဆောင်ရေးသည် တစ်ခုအပါအဝင် ဖြစ် သည်။ ပွင့်လင်းစွာချပြရန်ထဲတွင် ပြည်တွင်းပြည်ပ သတင်းသမားများအား အကန့်အသတ်မရှိ လွတ်လပ်စွာ သတင်းယူခွင့်လည်း ပါဝင်သည်။
ယခုအခါ ထိုသို့လုပ်ဆောင်ရန်မှာ အတော်ပင် နောက်ကျသွားခဲ့ပြီဖြစ်သည်။ ယခုအနေအထားရောက်ခါမှ နိုင်ငံတကာ၏ ယုံကြည်ကိုးစားမှုကို ပြန်လည်ရယူရေးကိစ္စသည် ရေဆန်လမ်းဖြစ်သည်။ ခက်ခဲကြမ်းတမ်းပြီး စိန်ခေါ်မှု အလွန်များသွားခဲ့ပြီဖြစ်ပြီး ရလဒ်ကောင်းရရန်မှာလည်း မသေချာတော့သည့် အနေအထားရောက်နေသည်။ အပြည်ပြည်ဆိုင်ရာတရားရုံးကိစ္စသာမက လူပုဂ္ဂိုလ် တစ်ဦးချင်းစီကိုတရားစွဲဆိုထားသော အခြားသော အမှုအခင်းများလည်းရှိနေရာ ထိုအခြေအနေတွင် ထိခိုက်နစ်နာမှုများလျှော့ချရန်ကိုသာ ဦးစားပေးရတော့မလို ဖြစ်နေသည်။
နိုင်ငံတော်ကို တရားစွဲထားသည့် အပြည်ပြည်ဆိုင်ရာတရားရုံးကိစ္စတွင်အဆိုးထဲမှ အကောင်းအဖြစ် ကြံဖန်ရှုမြင်ကြသည့် ကိစ္စမှာတပ်မတော်နှင့် အစိုးရကျောချင်းကပ်လာသည့် ကိစ္စဖြစ်သည်။ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေရှင်းစဉ်က အစိုးရညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ကာ ကူညီပေးသွားမည်ဟု တပ်မတော်ဘက်မှ ပြောဆိုထားသောကြောင့် ယခုကိစ္စနှင့်ပတ်သက်ပြီး အစိုးရနှင့် တပ်မတော်ကြား မမြင်မတွေ့ခဲ့ဖူးသောအပေါင်းလက္ခဏာဆောင်သည့် နီးကပ်မှုအဖြစ် အချို့က သုံးသပ်ကြသည်။
အချုပ်အားဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးက မည်သို့သော ဆုံးဖြတ်ချက်များ ချမှတ်သည်ဖြစ်စေ နိုင်ငံ့ဂုဏ်သိက္ခာနှင့် နိုင်ငံ့အနာဂတ်ကို အရှည်မျှော်တွေးကာ အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် တုံ့ပြန်မည့်လုပ်ငန်းစဉ်များကို ပြည်သူကို ကြိုတင်၍ အစီရင်ခံပေးရန် အစိုးရနှင့် တပ်မတော်ကို မော်ကွန်းမဂ္ဂဇင်းက တိုက်တွန်းလိုက်ပါသည်။
Photo-ICJ
မော်ကွန်းအယ်ဒီတာအဖွဲ့
#editorial